Monday, September 3, 2012

 ‘မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအား’ JICA နှင့် ပူးပေါင်း၍ ၂၀၁၃ နှစ်ကုန်တွင် အပြီးရေးဆွဲသွားမည် ၊ ကနဦးတွင် ရန်ကုန်မြို့တော်၏ ရေပေးဝေရေး၊ ရေဆိုးနှင့် မိလ္လာစနစ်များတွင် ပူးပေါင်းပြုလုပ်ရန် သဘောတူ လက်မှတ်ရေးထိုး

“မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း” အား JICA (Japan International Cooperation Agency)နှင့် ပူးပေါင်း၍ လာမည့် ၂၀၁၃ ခုနှစ်အကုန်တွင် အပြီးရေးဆွဲသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းရေးဆွဲရေးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ယင်းစီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် JICA တို့သည် ပြီးခဲ့သည့်မေလအတွင်းက အစည်းအဝေးမှတ်တမ်း သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး စီမံကိန်းအား ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီက  ဦးဆောင်ကာ ပညာရှင်များပါဝင်ကာ ပူးပေါင်းရေးဆွဲသွားမည်ဖြစ်ပြီး စီမံကိန်းအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အဓိက အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရှိ ရသည်။
စီမံကိန်းတွင် လက်ရှိလူဦးရေနှင့်အတူ တိုးပွားလာမည့်လူဦးရေအတွက် အဓိကလိုအပ်နေသော လျှပ်စစ်မီး၊ အိမ်ရာလိုအပ်ချက် မိလ္လာ၊ မြို့ပြသယ်ယူပို့ဆောင်ရေး၊ အိမ်ရာလိုအပ်ချက်၊ အမှိုက်သိမ်းစနစ် စသည်တို့ကို လည်းကောင်း၊ စီးပွားရေးဇုန်အနေဖြင့် သီလ၀ါ အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးရေးကို ထည့်သွင်းရေးဆွဲသွား မည် ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်မြို့တော်ရဲ့ လက်ရှိလူဦးရေနဲ့ တိုးပွားလာမဲ့လူဦးရေ အတွက် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကို ဆွဲခဲ့ပါ တယ်။ အဲဒီစီမံကိန်းဆွဲနေ တဲ့အချိန်မှာ  JICA က သူတို့ဒီစီမံကိန်းမှာ ပါချင်တယ်လို့ ပြောတဲ့အတွက် JICA နဲ့ ပေါင်းပြီး “မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးမဟာ ဗျူဟာစီမံကိန်း”အဖြစ် သြဂုတ်လကနေ နောက်ထပ် ၁၈ လ အတွင်း အပြီးရေးဆွဲသွားမယ်လို့ အရင်က စီစဉ်ခဲ့တယ်။ ဒါပေမဲ့ အခုအချိန်ကိုချုံ့လိုက်ပြီး လာမည့် ၂၀၁၃ နှစ်ကုန်မှာ အပြီးဆွဲသွားမှာဖြစ်ပါတယ် “ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းရေးဆွဲရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြခဲ့သည်။
ယခုရေးဆွဲမည့် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းအောက်တွင် ပထမဦးစွာ ရန်ကုန်မြို့တော်၏ ရေပေးဝေရေး၊ ရေ ဆိုးနှင့် မိလ္လာစနစ်များတွင် ပူးပေါင်းပြုလုပ်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် JICA တို့  အစည်းအဝေး သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ယင်းစီမံကိန်းအား ရန်ကုန်မြို့တော် အတွင်းနေထိုင်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်နှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန်  ရည်ရွယ်ကာ ဖွံ့ဖြိုးရေးစီမံကိန်းများထဲမှ ရေပေးဝေရေး၊ ရေဆိုးနှင့် မိလ္လာစွန့်ပစ်မှုစနစ် တို့ကို ဦးစားပေးကာ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအစီအစဉ်ကို ယခု ၂၀၁၂ နှစ် ကုန်ပိုင်းတွင် စတင်မည်ဟု မှန်းထားကြောင်း JICA ၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။
လက်ရှိရန်ကုန်မြို့တော်၏ အဓိက ရေပေးဝေရေးလုပ်ငန်းကို  ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မ တီမှ ပြုလုပ်လျက်ရှိရာ ရန်ကုန်မြို့တော်၏ တစ်နေ့ရေလိုအပ်ချက်၏ ၆၅ ရာခိုင်နှုန်းကို သာ ပေးဝေနိုင်သေးကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရှိရသည်။ ယခုလက်ရှိ ရန်ကုန်မြို့၏ မိလ္လာ စွန့်ပစ်မှုစနစ်မှာ အဆင်ပြေစေရုံဆိုသည့်အတိုင်းသာရှိနေသေးကြောင်း၊ မိလ္လာပြွန်စနစ်ဖြင့် အ သုံးပြုနေသော မိလ္လာတွန်းစက်အိုးများမှာ နှစ်ပေါင်း ၁၂၃ နှစ်ရှိနေပြီဖြစ်၍ နှစ်စဉ်ပြုပြင်မွမ်းမံ၍ အသုံးပြုနေရကြောင်း သိရှိရသည်။
စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော်ရန်အတွက် လိုအပ်သည့်ငွေကြေးများကို JICA တို့မှ ၎င်းင်းတို့အစီအစဉ်ဖြင့်လုပ်မည့်အပိုင်း၊ ၎င်းတို့မှ ဂျပန်ယန်းငွေအား အတိုးနှုန်းသက်သာစွာဖြင့် ချေးပေး ကာ ပြုလုပ်စေမည့်အပိုင်း၊ နှစ်ဖက်ညှိနှိုင်းခြင်း စသည်တို့ဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
စီမံကိန်းဆွဲနေတဲ့ ၁၈ လအတွင်း၌လည်း စီမံကိန်းတွင် မျှော်မှန်းထားသော ပုံစံအတိုင်း လုပ်၍ရနိုင်သည့် လုပ်ငန်းများအား တစ်ဖက်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
ရန်ကုန်မြို့မှာက လက်ရှိလူဦးရေ ၆ သန်းနီးပါးရှိပြီး တစ်နှစ်ကို အိမ်ရာလိုအပ်ချက်တွေ မြင့်မားနေပြီး  လက်ရှိအနေအထားအရ ရန်ကုန်မြို့မှာ  အိမ်ထောင်စု ၁၄ စုကို ၁၀ အိမ်နှုန်းဖြင့် နေထိုင်နေရကြောင်း၊ ထို့ကြောင့် တိုးပွားလာမဲ့လူဦးရေအတွက် ယင်းကိစ္စရပ်မှာ အခြေခံထည့်သွင်းစဉ်းစားပေးရမဲ့ အချက်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သော  ရန်ကုန်မြို့တော်ဖွံ့ဖြိုးမှု ဆိုင်ရာ စီမံကိန်းရေးဆွဲရေးအလုပ်ရုံဆွေးနွေးပွဲတွင် ပညာရှင်များ၏ ဆွေးနွေးခဲ့မှုများအရ သိရှိရသည်။ ထို့ပြင် သယ်ယူပို့ဆောင်ရေးစနစ်မှာလည်း ပြောင်းလဲသင့်နေပြီဖြစ်ပြီး ကားလမ်း၊ ရထားလမ်းစသည်တို့ တွင် ဖြည့်ဆည်းမှုများ ပြုလုပ်ပေးရန် များစွာ လိုအပ်လျက်ရှိသည်ကို တွေ့ရသည်။
ရန်ကုန်မြို့တော်အား ယခင်က “ရန်ကုန်မြို့တော် မဟာဗျူဟာစီမံကိန်း”အဖြစ် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် မလေးရှားနိုင်ငံတို့ ပူပေါင်းပြုလုပ်ရန် စီစဉ်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် စီမံကိန်းကို အပြီးရေးဆွဲခဲ့သော်လည်း ဆက်မလုပ်ဖြစ်တော့ဘဲ ရပ်ဆိုင်းသွားခဲ့ရကြောင်း သိရသည်။

No comments:

Post a Comment