
စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကွန်ဂရက်လွှတ်တော်၏ ရွှေတံဆိပ်ဆုကို လက်ခံရယူနေစဉ်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ လ ၁၉ ရက်နေ့တွင် အမေရိကန်လွှတ်တော်က
ပေးအပ်သော ဆုတံဆိပ်ကို လက်ခံရယူပြီးနောက် အမေရိကန်သမ္မတ
ဘာရက်အိုဘားမားနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံကွန်ဂရက်လွှတ်တော်က အရပ်သူအရပ်သားများအား ဂုဏ်ပြုပေး အပ်သည့် ဆုများအနက် အမြင့်ဆုံးဆုဖြစ်သော အမေရိကန်ကွန်ဂရက် ရွှေတံဆိပ်ဆုကို စက်တင်ဘာလ ၁၉ ရက် နေ့တွင် လက်ခံရယူခဲ့သည့်သတင်းကို နိုင်ငံပိုင်ရုပ်သံမီဒီယာ ဖြစ်သော မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် စက်တင်ဘာလ ၂၀ ရက်နေ့ ည ၈ နာရီသတင်း၌ ထုတ်လွှင့်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခံရပြီးနောက် ယခုအကြိမ်သည် တတိယမြောက် ပြည်ပခရီးစဉ်ဖြစ်ပြီး မေလ ၂၉ ရက်နေ့က သွားရောက်ခဲ့သည့် ထိုင်းခရီးစဉ်နှင့် ဇွန်လ ၁၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဥရောပနိုင်ငံများ ခရီးစဉ်များကို ထုတ်လွှင့်ခဲ့ခြင်းမရှိဘဲ ယခု အကြိမ်သည် နိုင်ငံပိုင်ရုပ်သံများတွင် ပထမဆုံးထုတ်လွှင့်ခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း သိရသည်။
အမေရိကန် ကွန်ဂရက်လွှတ်တော်က ၂၀၀၈ ခုနှစ် မေလတွင် ဒေါ်အောင်ဆန်းစုကြည်ကို
ကွန်ဂရက် လွှတ်တော်၏ ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့သော်လည်း ထိုစဉ်က
နေအိမ်အကျယ်ချုပ်ကျခံနေရသောကြောင့် လက်ခံရယူနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
ယခုအခါ အမေရိကန် ပြည်ထောင်စုသို့ ၁၇ ရက်ကြာ ခရီးစဉ်ထွက်လာသော အခါတွင်မှ
လက်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။
ဆုလက်ခံရယူသည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က
ကမ္ဘာ့နေရာအများအပြားတွင် ''လွတ်လပ်မှုဆိုတာ အိပ်မက်တစ်ခုလိုပဲ
ရှိနေပါသေးတယ်''ဟု ပြောကြားခဲ့ပြီး ''ဒီမိုကရေစီဟာ ကျွန်မတို့ အားလုံးအတွက်
မျှော်လင့်ချက် မီးရှူးတန်ဆောင်ပါပဲ''ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည်
ညီညွတ်မှုရှိ စွာ၊ ငြိမ်းချမ်းမှုရှိစွာဖြင့် ရှေ့ဆက်နိုင်မည်ဟု
မျှော်လင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်။
ကွန်ဂရက်လွှတ်တော်၏ ရွှေတံဆိပ်ဆုကို အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘိုနာက ပေးအပ်ခဲ့သည်။
အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားတို့
ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်၌ တွေ့ဆုံခဲ့ကြစဉ် Photo: AFP
လာမည့်နှစ်ပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ထိပ်တန်းအရာရှိများ နှင့်သာမက ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့်ပါ တွေ့ဆုံရန်
စီစဉ်ထားသည်။
အမေရိကန်သို့ ရောက်ရှိပြီးနောက် စက်တင်ဘာလ ၁၈ ရက်နေ့တွင် အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံခဲ့ပြီး ၀ါရှင်တန်ရှိ
အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျူတွင် မိန့်ခွန်းပြော ကြားခဲ့သည်။
ယင်းအချိန်တွင် မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက အရေးယူပိတ်ဆို့ထားမှုများ
ထပ်မံဖြေလျော့ပေးရေးကို ထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ပြောကြားခဲ့သည်။
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက်ပိုင်း ပထမဆုံး
ပြည်ပခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် သည် ယခုနှစ်အစောပိုင်းတွင်
ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဥရောပနိုင်ငံများသို့ပါ
သွားရောက်ခဲ့သည်။ ယင်းခရီးစဉ် အတွင်း ၁၉၉၁ ခုနှစ်က ရရှိခဲ့သော
ငြိမ်းချမ်းရေးနိုဗယ်ဆုကို ကိုယ်တိုင် လက်ခံရယူခဲ့သည်။
ယခုအမေရိကန်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံမှ
အမေရိကန်သို့ ရွှေ့ပြောင်းအခြေ ချသူ အများအပြားနေထိုင်ရာ နေရာတစ်ခုဖြစ်သော
အင်ဒီယားနားပြည်နယ်ရှိ ဖို့တ်ဝိန်းသို့ သွားရောက်ရန် စီစဉ်ထားသည်။
Ref:Eleven Media Group
No comments:
Post a Comment