Tuesday, September 11, 2012

ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေခွင့်ပြုရန် Eleven Media Groupအပါအ၀င် မီဒီယာခုနစ်ခုမှ တရားဝင်လျှောက်ထား

ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေခွင့်ပြုရန်အတွက် Eleven Media Group အပါအ၀င် မီဒီယာခုနစ်ခုမှ တရားဝင်လျှောက်ထားခဲ့ကြောင်း သိရပါသည်။
အဆိုပါလျှောက်ထားမှုကို စက်တင်ဘာလ ၁၀ ရက်နေ့ရက်စွဲဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးမှတစ်ဆင့် နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။ လျှောက်ထားမှုတွင် ဒေါက်တာသန်း ထွဋ်အောင် (Chairman & CEO, Eleven Media Group)၊ ဒေါက်တာတင်ထွန်းဦး (CEO,MCMCo.,Ltd, The Myanmar Times Journal နှင့် မြန်မာတိုင်း(မ်)ဂျာနယ်)၊ ဦးသောင်းစုငြိမ်း (CEO & MD, Information Matrix Co.,Ltd, 7Days News ဂျာနယ်)၊ ဒေါ်ဝင်းကလျာဆွေ (CEO, Living Color Media, The Voice Weekly ဂျာနယ်)၊ ဒေါ်နန်းကလျာဝင်း (Chairperson& CEO, Asian Fame Media Group ပေါ်ပြူ လာဂျာနယ်)၊ ဒေါက်တာခင်မိုးမိုး (MD စွယ်စုံမီဒီယာ၊ ပြည်မြန်မာ သတင်းဂျာနယ်)နှင့် ဦးဇော်မင်းအေး (Chair- man & CEO မိုးဆမ်းပန်းမီဒီယာ၊ The Messenger ဂျာနယ်) တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
လျှောက်ထားမှုတွင် '(၁) မိမိတို့သည် အပတ်စဉ်ထုတ်ဂျာနယ်များကို ထုတ်ဝေနေသူများ ဖြစ်ကြပြီး သတင်းမီဒီယာအလုပ်ကို ၁၀ နှစ် (သို့မဟုတ်) ၁၀ နှစ်အထက် လုပ်ကိုင်နေခဲ့ကြသူများ ဖြစ်ကြပါသည်။ (၂) ယခုအခါ နိုင်ငံတော်၏ ပြောင်းလဲလာသော နိုင်ငံရေးစနစ်နှင့်အညီ  ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများ မဖြစ်မနေ လိုအပ်လာပါသဖြင့် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေဖြင့်ဖြစ်စေ၊ မကြာမီပေါ်ထွက်လာမည့် မီဒီယာဥပဒေဖြင့် ဖြစ်စေ မိမိတို့အား ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေခွင့်ပြုပေးပါရန် လျှောက်ထားအပ်ပါသည်။ (၃) မီဒီယာဥပဒေကို စာနယ်ဇင်းလောကသားအားလုံး အား ချပြ၍ လွှတ်တော်၌ အကျေအလည် ဆွေးနွေးပြီးမှ ပြဋ္ဌာန်းသင့်ပါသဖြင့် အချိန်များစွာ ယူရမည်ဖြစ်ရာ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေအရလည်းယခင်က  ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေခွင့်ရရှိဖူးသည့် သာဓကများရှိပါသဖြင့် ယခုလက်ရှိ ဥပဒေဖြင့်ပင် ထုတ်ဝေခွင့်ပြုသင့်ပါကြောင်း မိမိတို့ ထင်မြင်ယူဆကြပါသည်။ (၄) နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေခွင့်ပြုပါက အခြားအပတ်စဉ် ထုတ်များနှင့် မတူဘဲ ပုံနှိပ်စက်ပိုင်းဆိုင်ရာနှင့် ဖြန့်ချိရေးပိုင်းဆိုင်ရာ၌ ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ရ မည် ဖြစ်သလို အချိန်(၄)လမှ (၁)နှစ်ကျော်အထိ အချိန်ယူကြရမည်ဖြစ်ရာ ယခုအချိန်မှ စတင်၍ ထုတ်ဝေခွင့်ပေးအပ်ပြီး ပြင်ဆင်စေသင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။ ယခုအချိန်မှစ၍ စတင် ထုတ်ဝေခွင့်ပြုသည့်တိုင် အစောဆုံးထုတ်ဝေနိုင်မည့် အချိန်ကာလမှာ ဇန်န၀ါရီလဆန်းမှသာ ဖြစ်နိုင် မည်ဖြစ်ကြောင်းနှင့် ထုတ်ဝေခွင့်ပြုပေးထားမှသာ ရင်းနှီးမြှုပ်နှံမှုများကို ရဲရဲဝံ့ဝံ့ လုပ်ကိုင်ရဲကြ မည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။ (၅) သို့ဖြစ်ပါ၍ နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် စာနယ်ဇင်း ကဏ္ဍမှ ထိရောက်စွာ အကျိုးပြုဆောင်ရွက်နိုင်ရန်အလို့ငှာ မိမိတို့အား ပုဂ္ဂလိက နေ့စဉ်ထုတ်သတင်းစာများ ထုတ်ဝေခွင့် ပြုပေးပါရန် လေးစာစွာ လျှောက်ထားအပ်ပါသည်။'ဟု  ပါရှိခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် စက်တင်ဘာလ ၉ ရက်နေ့ က  မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ (MJU) နှင့် မြန်မာနိုင်ငံစာနယ်ဇင်းကွန်ရက် (MJN) တို့မှ အဖွဲ့ဝင် များနှင့်တွေ့ဆုံခဲ့ပြီး မီဒီယာလောကတစ်ခုလုံးကိုယ်စားပြုနိုင်သည့် စာနယ်ဇင်းကောင်စီ ဖြစ်ပေါ်လာစေ ရန်နှင့် စာနယ်ဇင်းအားလုံးကို အကာအကွယ်ပေးနိုင်သော မီဒီယာဥပဒေ ပေါ်ပေါက်လာရေးကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment