
အမေရိကန်ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြစဉ် Photo:BBC
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ
၂၄ ရက်နေ့က စတင် ထွက်ခွာသွားခဲ့ပြီး ယခုခရီးစဉ်မှာ နိုင်ငံတော်အကြီးအကဲတစ်ဦးအနေဖြင့် နှစ်ပေါင်း ၄၆ နှစ်အတွင်း အမေရိကန်ပြည်ထောင်စုသို့
ပထမဆုံးသွားရောက်မှု ဖြစ်ခဲ့ပါသည်။ ၁၉၆၆ ခုနှစ်တွင် ထိုစဉ်က
ဝန်ကြီးချုပ် ဦးနေ၀င်းမှာ အမေရိကန်သို့ သွားရောက်ခဲ့ပြီး ယင်းနောက်တွင်
ယခုနိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်မှာ နှစ်ပေါင်း ၄၆
နှစ်ကြာပြီးနောက် တရားဝင်သွားရောက်ရသော နိုင်ငံတော်အကြီးအကဲတစ်ဦး၏
ခရီးစဉ်လည်း ဖြစ်ခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ တွင်ကျင်းပမည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ရန် သွားရောက်ခဲ့ခြင်း လည်းဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံတွင် စက်တင်ဘာလ ၂၇ ရက်နေ့၌ မိန့်ခွန်းပြောကြားမည်ဖြစ် သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် အမေရိကန်အစိုးရ တာဝန်ရှိသူများ၊
နိုင်ငံတကာမှ ခေါင်းဆောင် များ၊ ထင်ရှားကျော်ကြားသည့်
ပုဂ္ဂိုလ်များနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင်
နယူးယောက်မြို့ရှိ Asia Society တွင်လည်း စက်တင် ဘာလ ၂၇ ရက်နေ့၌
မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်။
နိုင်ငံတကာမီဒီယာများကမူ နိုင်ငံတော်သမ္မတ၏ အမေရိကန်ခရီးစဉ်မှာ
သမိုင်းတွင်ထူးခြားသည့် ခရီးစဉ် တစ်ခုအဖြစ် ဖော်ပြနေကြပြီး
မြန်မာနိုင်ငံအတွက် ရလဒ်ကောင်းများကို သမ္မတအနေဖြင့် ရယူပေးနိုင်လိမ့် မည်ဟု
သုံးသပ်မှုများလည်း ရှိနေပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ခရီးစဉ်အတွင်း စက်တင်ဘာလ ၂၅ ရက်နေ့က
(ဒေသစံတော်ချိန်) ဒေါ်အောင်ဆန်းစုကြည်နှင့် တည်းခိုရာ The Mark ဟိုတယ်တွင်
၁၅ မိနစ်ကြာ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် မြန်မာလူထုနှင့် ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်သည် ၁၇ ရက်ကြာမြင့်မည့် အမေရိကခရီးစဉ်အရ
အမေရိကန်ပြည်ထောင်စုတွင် ရှိနေပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၃
ရက်နေ့ တွင် ပြန်လည်ထွက်ခွာလာရန် စီစဉ်ထားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ အဖွဲ့ဝင်များအဖြစ်
ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး၊
ဦးစိုးသိန်း၊ ဦးခင်ရီ၊ ဒုတိယ၀န်ကြီးဒေါက်တာဝင်းမြင့်နှင့်
ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါသွားကြပြီး အဖွဲ့ဝင်ဖြစ်သည့်
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည်
နယူးယောက်မြို့သို့ ကြိုတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
Ref: Eleven Media Group
No comments:
Post a Comment