Monday, September 17, 2012

၈ ရက်အတွင်း ဒုတိယအကြိမ်မြောက် အရေးပေါ်လှေကားပြုတ်ပြီး လူသေဆုံးမှု ကမာရွတ်မြို့နယ်၌ ဖြစ်ပွား

 လူသေဆုံးမှုဖြစ်ပွားခဲ့သည့် ပြုတ်နေသော အရေးပေါ်လှေကားအား စက်တင်ဘာလ ၁၆ရက်နေ့ ညပိုင်းက တွေ့ရစဉ်
၈ ရက်အတွင်း ဒုတိယအကြိမ်မြောက် အရေးပေါ်လှေကားပြုတ်ပြီး လူသေဆုံးမှု ကမာရွတ်မြို့နယ်အတွင်းရှိ အထပ်မြင့် အဆောက်အဦးတစ်ခုတွင် စက်တင်ဘာလ ၁၆ ရက်နေ့၊ ညနေ ၄ နာရီ၊ ၃၀ မိနစ် အချိန်ခန့် က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ အမှတ်(၁)အထပ် သားစက်ရုံ၊ ဓားသွေးဝန်ထမ်းဖြစ်သူ ဦးသန်းဝင်း(၃၅နှစ်) ကြည့်မြင်တိုင် မြို့နယ်တွင် နေထိုင်သူသည် ကမာရွတ်မြို့နယ် ၅ ရပ်ကွက်၊ အမှတ် ၂၂၃၊ အခန်း ၅၀၂၊ ၆လွှာ၊ စပယ်မာဃလမ်းရှိ ပိုင်ရှင်ဦးခင်မောင်ညွန့် ပိုင်ဆိုင်သည့်နေအိမ်ခန်းနောက်ဘေးတွင် ရေပိုက်ပြုပြင်နေစဉ် အရေးပေါ်လှေကားပြုတ်ထွက်ရာ ယင်းခြောက်လွှာအမြင့်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
လူသေဆုံးမှုဖြစ်ပွားခဲ့သည့် ပြုတ်နေသော အရေးပေါ်လှေကားအား စက်တင်ဘာလ ၁၆ရက်နေ့ ညပိုင်းက တွေ့ရစဉ်
အခင်းဖြစ်ပွားရာ အထပ်မြင့်တိုက်တွင် နေထိုင်သူတစ်ဦးကလည်း ''အိမ်ရှင်တွေက ပြောင်းလာတာနှစ် လလောက်ပဲ ရှိသေးတယ်။ ပြောင်းလာပြီးကတည်းက အိမ်ကိုပြင်ဆင်မှုတွေ ပြုလုပ်နေတာကိုတော့ တွေ့ရ တယ်။ အခုလို ရေပိုက်ပြုပြင်ရင်း ပြုတ်ကျသေဆုံးတာဆိုတော့ နောင်ရေပိုက်တွေပြင်ချင်ရင် လုပ်ပေးမယ့် သူ မရှိမှာတောင် စိုးရိမ်မိပါတယ်''ဟု ပြောပြခဲ့ပါသည်။
အဆိုပါ ပြုတ်ကျသေဆုံးမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်မျိုးသန့်က '' အခုလို အထပ်မြင့်တွေမှာ အလုပ်လုပ်မယ်ဆိုရင် ကိုယ့်အသက်အန္တရာယ်ကို ထိန်းသိမ်းကာကွယ်ပေးနိုင်တဲ့ အကူကိရိယာတွေ အသုံးပြုပြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကျွမ်းကျင်လုပ်သားတွေ ခေါ်ယူအသုံးပြုပြီး လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်''ဟု ပြောပြခဲ့ပါသည်။
ပြုတ်ကျသေဆုံးမှုဖြစ်ပွားခဲ့သည့် အဆောက်အအုံသည် ၁၉၉၀ ခုနှစ်က ပန်းတိုင်ဆောက်လုပ်ရေး မှ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲသို့ အရေးပေါ်လှေကားများ၏ အရည်အသွေးလျော့နည်းမှုကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်နေမှုနှင့် ပတ်သတ်၍ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးကလည်း ''ကျွန်တော်တို့ရပ်ကွက် မှာလည်း လွန်ခဲ့တဲ့နှစ်တွေက အခုလို အရေးပေါ်လှေကားပြုတ်လို့ လူသေဆုံးခဲ့တဲ့ဖြစ်စဉ် ရှိပါတယ်။ အခု ကျွန်တော်တို့ရပ်ကွက်ထဲမှာ သုံးဖို့စိတ်မချရတဲ့ အရေးပေါ်လှေကားတွေ အများကြီးရှိပါတယ်။ ရန်ကုန် တစ်မြို့လုံးမှာလည်း အများကြီးရှိပါတယ်။ ဆောက်လုပ်တဲ့သူတွေကလည်း အရေးပေါ်လှေကားတွေကို အဖြစ်ပဲ တပ်ဆင်ပေးခဲ့သလို ဒီအဆောက်အဦးတွေကို စစ်ဆေးတဲ့ သက်ဆိုင်ရာအဏာပိုင်အဖွဲ့က စစ်ဆေးသူတွေရဲ့ အရည်အချင်းနဲ့ ကိုယ်ကျင့်တရား စတာတွေဟာ စဉ်းစားစရာ ဖြစ်နေ ပါတယ်''ဟု ပြောပြ ခဲ့ပါသည်။
အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၂/၂၀၁၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းနှင့် သေဆုံးသူအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးလျက် ရှိကြောင်း သိရသည်။
စက်တင်ဘာလ ၉ ရက်နေ့၊ နေ့လည်ပိုင်းကလည်း အလုံမြို့နယ် စောရန်ပိုင်(မြောက်)ရပ်ကွက်၊ ငုဝါလမ်း၊ တိုက်အမှတ် ၂၀၀၊ ၆လွှာ/ဗ မှ အသက် ၂၃ နှစ်အရွယ် မသက်ထက်စံသည် အိမ်နောက်ဖက် အရေးပေါ်လှေကား၌ ဖုန်းပြောနေစဉ် ယင်းအရေး ပေါ်လှေကားနှင့်အတူ ပြုတ်ကျသေဆုံးခဲ့သည်။

No comments:

Post a Comment