Tuesday, September 11, 2012

သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့ သုံးရက်ကြာသွားရောက်မည် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းပြီး ပထမဆုံး ခရီးစဉ်ဖြစ်

ရန်ကုန်၊ စက်တင်ဘာ - ၁၀

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံသို့ စက်တင်ဘာ ၁၈ ရက်နေ့မှ စတင်ကာ သုံးရက်တာခရီး သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက အတည်ပြုပြောကြားသည်။ သမ္မတ၏တရုတ်နိုင်ငံ ခရီးစဉ်အတွင်း နန်နန်းကုန်စည်ပြပွဲသို့ သွားရောက်မည့်အပြင် တရုတ်နိုင်ငံ၏ ရှေးဟောင်းသမိုင်းဝင် အထင် ကရနေရာဖြစ်သော ဇီအန်းပြည်နယ်မှ မြေအောက်စစ်သားရုပ်တုများရှိရာ (Terra Cotta Warriors) သို့လည်း သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

သမ္မတ၏ တရုတ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုတွင် အရေးပါသော စီမံကိန်းဖြစ် သည့် မြစ်ဆုံရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းကို ရပ်ဆိုင်းလိုက်သည့် တစ်နှစ်ပြည့်မြောက်ခါနီး အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အောင်မြင်ဖြစ်ထွန်းသော ဇီအန်းပြည်နယ်၏ စိုက်ပျိုးရေးနှင့်ပတ်သက်၍ လေ့လာလိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်ဟု ယင်းတာဝန်ရှိသူက ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်သည် သမ္မတသက်တမ်းအတွင်း တရုတ်နိုင်ငံသို့ ဒုတိယအကြိမ်မြောက် သွားရောက် ခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ မေလက တစ်ကြိမ်သွားရောက်ခဲ့သေးသည်။ နိုင်ငံတော်သမ္မတက ပြည်သူလူထု၏ဆန္ဒကို လိုက်လျောသည့်အနေဖြင့် ၎င်း၏သမ္မတသက်တမ်းတွင် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားရန် ၂၀၁၁ စက်တင်ဘာ ၃၀ ရက်တွင် ကြေညာခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလအတွင်းမှာပင် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံ ဖြစ်သည့် အပြင် လတ်တလောတွင် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး၌ အရေးပါနေသော တရုတ်နှင့် အမေရိကန်နိုင်ငံများ သို့ သွားရောက်မည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်သည် အမေရိကန်နိုင်ငံသို့ စက်တင်ဘာလကုန်ပိုင်းတွင် သုံးရက်ကြာသွားရောက် မည်ဖြစ်ပြီး အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် တွေ့ဆုံရန် ရှိ၊ မရှိကို နှစ်ဖက်စလုံးက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။


Ref: 7Day News Journal 

No comments:

Post a Comment