Wednesday, September 19, 2012

ရန်ကုန်မြို့တော် မြို့ပြတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ်စသော ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးလုပ်ကိုင်ရန် ကြိုးပမ်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြတည်ဆောက်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ်စသော ပြည်ပနိုင်ငံများမှ လာရောက်ရင်းနှီးလုပ်ကိုင်ရန် လေ့လာမှုများ ရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းများတွင် ပြည်ပနိုင်ငံများမှ ၀င်ရောက်ရင်းနှီးလုပ်ကိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လာရောက် လေ့လာဆွေးနွေးမှုမှာ တစ်ရက်လျှင် အဖွဲ့ပေါင်း ဆယ်ဂဏန်းနှင့်အထက် ရှိနေသည်။
''နိုင်ငံစုံ အဖွဲ့ပေါင်းစုံကတော့ ဒီမှာစီးပွားရေးလုပ်ချင်လို့ လာပြီး လေ့လာကြတယ်။ အဲဒီထဲကမှ မြို့ပြ တည်ဆောက်ရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ် စတဲ့နိုင်ငံတွေက ၀င်လုပ်ချင်ကြတယ်။ ဒါပေမဲ့ လာပြီး ပြောကြဆွေးနွေးကြတာပဲ ရှိသေးတယ်။ ပြတ်ပြတ် သားသား ခွင့်ပြုပေးတာမျိုး မရှိသေးဘူး။ နောက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်လာရင် တိုင်းရင်းသားလုပ် ငန်းရှင်တွေ ဘယ်လိုတွေဖြစ်ကုန်မလဲ ဆိုတာပါ ထည့်စဉ်းစားရတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
ယင်းကဲသို့ ဆောက်လုပ်ရေး လုပ်ငန်းများ ပြည်ပနိုင်ငံရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပါက ယခုထက် နည်းပညာပိုင်းအရ၊ အရည်အသွေးပိုင်းအရကောင်းမွန်သည့် အဆောက်အအုံများ ပေါ်ထွက်လာမည့် အပြင် ပြည်တွင်းရှိဆောက်လုပ်ရေးလုပ်သားများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိနိုင်မည်ဟု သုံးသပ်ကြသည်။
ယခုလတ်တလောတွင် ရန်ကုန်တိုင်းဒေသကြီး၏ ဆောက်လုပ်ရေးလုပ်ငန်းအတွင်း ကိုရီးယားနိုင်ငံရှိ ဟန်ရှင်းဆောက်လုပ်ရေးကုမ္ပဏီနှင့် ဂျပန်နိုင်ငံရှိ ISAMI Holdings Co.Ltd တို့က ပြည်တွင်းရှိ Father Land ဆောက်လုပ်ရေးကုမ္ပဏီနှင့် အထပ်မြင့် အဆောက်အအုံများ ပူးပေါင်းဆောက်လုပ်ရန် စီစဉ်နေမှု များရှိနေကြောင်း Father Land ကုမ္ပဏီမှ သိရှိရသည်။
''တကယ်လည်း ရန်ကုန်မြို့မှာ အိမ်ရာတွေ လိုအပ်နေပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ကန့်သက်ချက်တချို့ ရှိနေတဲ့အတွက် စောင့်ကြည့်နေပါတယ်''ဟု SAMI Holdings Co.Ltd မှ CEO ဖြစ်သူ Mr.Johnny Kamijo Shiro က ပြောကြားခဲ့သည်။



No comments:

Post a Comment