Tuesday, September 11, 2012

အမေရိကန်နိုင်ငံ၌ ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်ရောက်မည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် မြန်မာနိုင်ငံမှ စက်တင်ဘာလ ၂၃ ရက်နေ့တွင် ထွက်ခွာရန် စီစဉ်ထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက စက်တင်ဘာလ ၁၁ ရက်နေ့ က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ General Debate အစီအစဉ်သို့ တက်ရောက်ရန်အတွက် မြန်မာနိုင်ငံမှ ထွက်ခွာရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်မှာ သုံးရက်ခန့် ကြာမြင့် မည်ဖြစ်ကြောင်းနှင့် အမေရိကန်သမ္မတ ဘာရက်အိုဘားမားရုံးစိုက်ရာ ၀ါရှင်တန်ဒီစီသို့ သွားရောက်ရန် အစီအစဉ်၌ လတ်တလောမပါဝင်သေးကြောင်း နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးဦးဇော်ဌေးက ဆက်လက်ပြောကြားခဲ့သည်။
ယခုခရီးစဉ်မတိုင်မီ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများ ကို ထောက်ခံသည့်အနေဖြင့် မြန်မာအစိုးရခေါင်းဆောင်များအပေါ် ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ပိတ်ပင်ကန့် သတ်ထားမှုကို သြဂုတ်လ ၂၉ ရက်နေ့က ဖြေလျော့ပေးခဲ့သည်။ ထို့ကြောင့် သမ္မတဦးသိန်းစိန်အနေဖြင့် အမေရိကန်နိုင်ငံသို့ ရောက်ရှိသည့်အခါ လွတ်လွတ်လပ်လပ် သွားလာခွင့်ရမည်ဖြစ်သည်။ သို့မဟုတ်ပါက သမ္မတဦးသိန်းစိန်အနေဖြင့် ကုလသမဂ္ဂရုံးချုပ် ပတ်ဝန်းကျင်တစ်ဝိုက်သာ သွားလာနိုင်မည်ဖြစ်သည်။
မြန်မာအစိုးရက ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်အကောင်အထည်ဖော်နေသည်နှင့်အမျှ သူနှင့် သူ့အစိုးရတို့ကို ပိုပြီးအနီးကပ် ထိတွေ့ဆက်ဆံသွားရန် အချက်ပြသည့်အနေဖြင့် သမ္မတအိုဘားမားက ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန်အိမ်ဖြူတော် အမျိုးသားလုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ တွမ်မီဗိုင်တာ က ပြောကြားခဲ့သည်။
သမ္မတအိုဘားမားက ယခုကဲ့သို့ ဆုံးဖြတ်ခဲ့သည့်အတွက် သမ္မတဦးသိန်းစိန်အနေဖြင့် အမေရိကန်တာဝန်ရှိ သူများနှင့် တွေ့ဆုံနိုင်မည်ဖြစ်ပြီး အမေရိကန်ခရီးစဉ်အတွင်း ဒီမိုကရေစီနှင့် အမေရိကန်၏မူဝါဒများကို ပိုပြီးနားလည်လာနိုင်မည်ဟု တွမ်မီဗိုင်တာက ပြောကြားခဲ့သည်။

Ref: Eleven Media Group

No comments:

Post a Comment