Friday, September 21, 2012

 မြန်မာအပေါ် ဘဏ္ဍာရေးအကူအညီ ကန့်သတ်မှု ဖြေလျှော့ရေး အမေရိကန်အောက်လွှတ်တော် ထောက်ခံ

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေးအကူအညီ ကန့်သတ်ထား မှု ဖြေလျှော့ပေးရေး ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က စက်တင်ဘာလ ၁၉ ရက်နေ့က ထောက်ခံခဲ့ပါသည်။

အောက်လွှတ်တော်က အတည်ပြုလိုက်သည့် အဆိုပါဥပဒေကြမ်းအရ အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) တို့မှတစ် ဆင့် မြန်မာနိုင်ငံကို ဘဏ္ဍာရေးအကူအညီ ပေးနိုင်တော့မည် ဖြစ်သည်။ သို့ရာတွင် အဆိုပါဥပဒေကြမ်း အနေဖြင့် အမေရိကန်အထက်လွှတ်တော်၏ အတည်ပြုချက်ကို ရယူရဦးမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှုများအတွက် ချီးမြင့်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့အရေးယူမှုများကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေလျှော့လျက်ရှိနေသည်။

အမေရိကန်ကွန်ဂရက်လွှတ်တော်က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အရပ်သူ အရပ်သားများအား ပေးအပ်သည့် ဆုများအနက် အမြင့်ဆုံးဖြစ်သည့် အမေရိကန် ကွန်ဂရက် ရွှေတံဆိပ်ဆု ကို စက်တင်ဘာလ ၁၉ ရက်နေ့က ပေးအပ်ခဲ့ပြီး နာရီပိုင်းအကြာတွင် အမေရိကန်အောက် လွှတ်တော်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် အမေရိကန်ပြည်ထောင်စု၏ ဘဏ္ဍာရေးအကူအညီ ကန့်သတ်ထားမှု ဖြေလျှော့ပေးရေး ဥပဒေမူကြမ်းကို ထောက်ခံခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ဖြေလျှော့မှုကို အလေးအနက် ထောက်ခံကြောင်း အမေရိ ကန်နိုင်ငံ ၀ါရှင်တန်ဒီစီသို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၁၈ ရက်နေ့ တွင် ပြောကြားခဲ့သည်။

လက်ရှိ၌ မြန်မာနိုင်ငံအား ငွေကြေးချေးငှားခြင်းကို အမေရိကန်အစိုးရက ဗီတိုအာဏာနှင့် ပယ်ချရန် ဥပဒေ ပြဋ္ဌာန်းထားကြောင်းနှင့် ငွေကြေးချေးငှားမှု ပြန်လည်မစတင်မီ မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ဖွံ့ဖြိုးရေးဘဏ်များအပေါ် တင်ရှိနေသည့် ကြွေးကျန်များကို ပြန်ဆပ်ရမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment