အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင်း၌
စုပေါင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မှု များကို စက်တင်ဘာလ ၂၁ ရက်နေ့
နံနက်ပိုင်းမှ စတင်ပြီး ပြုလုပ်လျက်ရှိနေကြောင်း သိရှိရပါသည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုသည် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရရှိရန်အတွက် အဖွဲ့ပေါင်း ၄၀ ကျော်မှ စုပေါင်းပြုလုပ်ခြင်းဖြစ်ပါသည်။
သက်ဆိုင်ရာမှ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခွင့်ကို တရားဝင်ခွင့်ပြုချက်
မပေးခဲ့သော်လည်း ငြိမ်းချမ်းရေးလိုလားသူများမှ မူလစီစဉ်ထားရှိခဲ့သည့်အတိုင်း ဆက်လက်ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါသည်။
မူလအစီအစဉ်များအရ ပြည်တွင်းရှိ ငြိမ်းချမ်းရေးလိုလားသူများမှ
ဆူးလေမြို့တော်ခန်းမရှေ့တွင် ယနေ့ (စက်တင်ဘာလ ၂၁ ရက်နေ့) နံနက် ၉ နာရီ ၃၀
မိနစ်အချိန်တွင် စုရုံးခဲ့ကြပြီးနောက် မဟာဗန္ဓုလလမ်းမှ ဗိုလ်တထောင်ဘုရားလမ်း၊ ဗိုလ်တထောင်ဘုရားလမ်းမှ အထက်ပုဇွန်တောင်လမ်း၊ အထက်ပုဇွန်တောင်
လမ်းမှ စက်ရုံလမ်း၊ စက်ရုံလမ်းမှ ဗညားဒလလမ်း၊ ဗညားဒလလမ်းမှ ရွှေဂုံတိုင်၊
ရွှေဂုံတိုင်မှ မြေနီကုန်း၊ မြေနီ ကုန်းမှ အင်းလျားကန်ဘောင်သို့ လမ်းလျှောက်
ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။
လမ်းလျှောက် ဆန္ဒထုတ်ဖော်သူများ ဗိုလ်စိန်မှန်(တာမွေအ၀ိုင်းထိပ်) သို့
ရောက်ရှိချိန်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ လူစုခွဲပေးရန် တောင်းဆိုခဲ့သော်လည်း
အဆိုပါတောင်းဆိုမှုကို လက်မခံဘဲ မူလအစီအစဉ်အတိုင်း ဆက်လက်
ပြုလုပ်ခဲ့ကြောင်း သိရသည်။ စုပေါင်းလမ်းလျှောက်သူ အရေအတွက် ၄၀၀
ကျော်ရှိကြောင်း သိရပါသည်။
လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုများကို ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊
တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ လူငယ်ပရဟိတအဖွဲ့များနှင့် ငြိမ်းချမ်းရေးလိုလားသူများအားလုံး ပူးပေါင်း ပါဝင်ပြီး
ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ဆန္ဒထုတ်ဖော်ကြသူများသည် အပြာရောင်တီရှပ်များ
ဝတ်ဆင်ခဲ့ကြပြီး အဆိုပါ တီရှပ်များပေါ်တွင် "တစ်နိုင်ငံလုံး စစ်ပွဲရပ်"
ဆိုသည့် စာသားများလည်း ရေးထိုး၍လည်းကောင်း၊ "တစ်နိုင်ငံလုံး စစ်ပွဲရပ်"
စာသားများပါသော ခေါင်းစီးအပြာများစည်း၍ လည်းကောင်း ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။
ထို့အပြင် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာစာသားများ
ပါဝင်သော ဆိုင်းဘုတ်များကို လည်း ကိုင်ဆောင်ခဲ့ကြပါသည်။
ငြိမ်းချမ်းရေးလိုလားသူများအနေဖြင့် ရန်ကုန်မြို့တွင်း၌
ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နိုင်ခဲ့သော် လည်း နေပြည်တော်ရှိ
နိုင်ငံတော်သမ္မတရုံး၊ ကာကွယ်ရေး စစ်ဦးစီးချုပ်ရုံး၊ လွှတ်တော်ရုံးများသို့
သွားရောက်ပြီး ဆန္ဒဖော်ထုတ်မည့် အစီအစဉ်မှာ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့၏
တားမြစ်ချက်အရ ခွင့်ပြုချက်ရမည့်ကာလအထိ ရွှေ့ဆိုင်းလိုက်ရကြောင်း သိရှိရသည်။
ငြိမ်းချမ်းရေးဆန္ဒဖော်ထုတ်ပွဲများကို နိုင်ငံတ၀န်းပြုလုပ်ရန် စီစဉ်ထားပြီး
ရန်ကုန်၊ တောင်ကြီး၊ မန္တလေး၊ ပခုက္ကူ၊ ဗန်းမော်၊ စစ်ကိုင်း ၊ ရွှေဘို၊
တောင်ငူ၊ မြစ်ကြီးနား၊ အင်းလေး၊ ဟိုပုန်း၊ လားရှိုး၊ ဆီဆိုင် ၊ကျောက်မဲ၊
ပြည်၊ ပေါင်းတည်၊ ဖားအံ့၊ မော်လမြိုင်၊ မူဆယ်၊ သန်လျင်၊ လှိုင်သာယာနှင့်
အခြားသော မြို့နယ်အချို့တွင် တပြိုင်နက် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်
ပြုလုပ်ရန်စီစဉ်ခဲ့ကြောင်းလည်း သိရှိရပါသည်။
Ref: Eleven Media Group
No comments:
Post a Comment