Monday, September 10, 2012

ပုဇွန်တောင်မြို့နယ်တွင် စက်တင်ဘာလ ၆ ရက်နေ့က ဖြစ်ပွားခဲ့သော လူသတ်မှု၌ ကျူးလွန်သူအား ဖမ်းဆီးရမိ

ပုဇွန်တောင်မြို့နယ်တွင် စက်တင်ဘာလ ၆ ရက်နေ့က ဖြစ်ပွားခဲ့သော လူသတ်မှုတွင် ကျူးလွန်သူအား စက်တင်ဘာလ ၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၆ ရက်နေ့၊ နံနက်၈နာရီခွဲအချိန်ခန့်တွင် ဒေါ်ခင်ဒါလီဟန်၊ ၅၁လမ်း ပုဇွန်တောင်မြို့နယ်နေသူသည်  ပုဇွန်တောင်မြို့နယ် ၇ ရပ်ကွက်၊ ဦးဝိဇ္ဇာလမ်း၊ တိုက် ၇၊ ငါးလွှာတွင် နေထိုင်သော မိခင်ဖြစ်သူ ဒေါ်မေနှင်းဆီဟန်၊ ၆၂ နှစ်(သေဆုံးသူ)က နာရေးတစ်ခုသို့ သွားရန်ရှိသဖြင့် သမီးဖြစ်သူ ဒေါ်ခင်ဒါလီဟန်အား အိမ်အကူ မချောစုလှိုင်ကို သူမအိမ်သို့ ပို့ပေးရန် ဖုန်းဆက်သဖြင့် အိမ်အကူအားခေါ်ပြီး မိခင်အိမ်သို့သွားခဲ့ရာ နံနက် ၁၀ နာရီအချိန်တွင် ရောက်ရှိပြီး မိခင်ဖြစ်သူ၏ တိုက်ခန်းရှိသစ်သား တံခါးအားဖွင့်ရာ Door Lock အား အတွင်းမှချထားသဖြင့် ဖွင့်မရ၍ အိမ်အကူမချောစုလှိုင်အား ဆက်လက်ခေါ်နေရန်စေခိုင်းခဲ့ပြီး ဒေါ်ခင်လီဟန်မှာ အောက်ထပ်လေးလွှာရှိ အဒေါ်ဖြစ်သူထံသို့သွားကာ ဗိုက်ဆာ၍ ထမင်းစားပြီး နံနက် ၁၁ နာရီ အချိန်တွင် ပြန်တက်ကြည့်ရာ တံခါးခေါက် အော်ခေါ်သော်လည်းမရသဖြင့် ပုဇွန်တောင်ဈေးရှိ သော့ပြင်သမားအား ခေါ်၍ဖွင့်ခဲ့ရာ အိမ်ခန်းအတွင်း အိမ်သာရှေ့၊ မီးဖိုခန်း၊ ဘေစင်အနီးကြမ်းပြင်ပေါ်တွင် ဒေါ်မေနှင်းဆီဟန်မှာ ဒူး၊ တံတောင် ထောက်လျက်အနေအထားဖြင့် သွေးအိုင်ထဲ၌ သေဆုံးနေသည်ကို တွေ့ရသဖြင့် ဒေါ်ခင်ဒါလီဟန် မှ တရားလိုပြု တိုင်တန်းမှုအား ပုဇွန်တောင်ရဲစခန်း (ပ)၂၅၉/၂၀၁၂ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် စစ်ဆေးနေခြင်းဖြစ်သည်။
လူသတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှတာဝန်ရှိသူများသည် အမှုနှင့်ဆက်စပ် မသင်္ကာသူများအား စုံစမ်းစစ်ဆေးခဲ့ပြီး ဒေါ်မေနှင်းဆီဟန် မသေဆုံးမီတစ်ရက်အလိုက အဲယားကွန်းလာရောက်ပြုပြင်သော အဖွဲ့အား လိုက်လံစုံစမ်းစစ်ဆေးရာမှ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ကျူးလွန်သူ မြင့်ထွေး(ခ)ဖိုးခွား၊ ၂၂နှစ်၊ လှိုင်သာယာမြို့နယ်နေသူသည် ၂၀၁၂ခုနှစ်၊ မတ်လက ပုဇွန်တောင်မြို့နယ်ရှိ ဦးဝင်းဆွေ၏ တိုရှီဘာအဲကွန်းပြုပြင်ရေးဆိုင်တွင် ၀င်ရောက်လုပ်ကိုင်ခဲ့ကြောင်း၊ လွန်ခဲ့သောတစ်လခန့်က ရွှေဘုန်းပွင့်ဘုရားအနီးလမ်းကြားရှိ ရေအိုင်တွင် ခြေထောက်ဆေးနေစဉ် အနီး မှဖြတ်သွားသည့် အမျိုးသမီးကြီးတစ်ဦးအား ရေနှင့်ပက်မိ၍ တောင်းပန်ခဲ့သော်လည်း ၄င်းအမျိုးသမီးကြီးမှ လမ်းသွားလမ်းလာများကြားတွင် ညစ်ညမ်းစွာဆဲဆိုသည်ကို မကျေမနပ်ဖြစ်ခဲ့ကြောင်း၊ စက်တင်ဘာလ ၅ ရက်နေ့က နေအိမ်တစ်အိမ်တွင် အဲကွန်းဖြုတ်ရန်ခေါ်သဖြင့် လိုက်သွားခဲ့ရာ အဆိုပါနေအိမ်တွင် အသက် ၆၀ ကျော်ခန့် အမျိုးသမီးကြီးတစ်ဦးအား တွေ့ရှိခဲ့ပြီး ယင်းအမျိုးသမီးကြီးမှာ ၄င်းအားညစ်ညမ်းစွာ ဆဲဆိုခဲ့ သူဖြစ်နေသည်ကို မှတ်မိခဲ့ပြီး မိမိအားဆဲဆိုထားသောကိစ္စအား မကျေနပ်သည့်အပြင် ၄င်းအားနှိမ့်ချဆက် ဆံခဲ့သည့် ဆိုင်ရှင်ဦးဝင်းဆွေ၏ တိုရှီဘာဆိုင်အားလည်း နာမည်ပျက်စေရန် အကြံဖြင့် ဒေါ်မေနှင်းဆီဟန် အား သတ်ရန်ဆုံးဖြတ်ခဲ့ကြောင်း စစ်ဆေးဖော်ထုတ်ချက်များအရ သိရသည်။
''ကျူးလွန်တဲ့သူက အရင်က အမျိုးသမီးကြီးပေါ်မှာ မကျေနပ်တဲ့ကိစ္စရယ်၊ သူအလုပ်လုပ်တဲ့ဆိုင်က ဆိုင်ရှင်ကို နာမည်ပျက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်လိုက်တာလို့ စစ်ဆေးပေါ်ပေါက်တယ်။ သူတို့က အဖွဲ့လိုက် အဲကွန်းသွားပြင်တာ၊ အဲကွန်းမပြင်ဖြစ်တော့ဘဲ အဲကွန်းကို အဟောင်းဈေးနဲ့ ၀ယ်လိုက်တယ်။ အဲဒီအဲကွန်း လွတ်သွားတဲ့နေရာမှာ နံရံက ဟောင်းလောင်းပေါက်ဖြစ်နေလို့ နံရံအပေါက်ဖာပေး ဖို့ ပြောလိုက်တဲ့အတွက် သူဒီအိမ်ကို နောက်တစ်ခေါက်ပြန်လာဖို့ အခွင့်အရေး ရသွားတယ်။ နောက်တစ်နေ့ မှာပဲ နံနက်စောစော ဆိုင်ကလူတွေမပါဘဲ တစ်ယောက်တည်းသွားပြီးတော့ အပေါက်လာဖာတဲ့ပုံစံမျိုး သွားတဲ့အတွက်ကို သေဆုံးသူကလည်း တံခါးဖွင့်ပေးလိုက်တယ်။ အဲဒီမှာ ကျူးလွန်တဲ့သူက အသင့်ပါလာ တဲ့ စကေဘာနဲ့ ၀မ်းဗိုက်ကို အချက်ပေါင်းများစွာထိုးပြီး နောက်ဆုံးမှာ လည်ပင်းကို  ထိုးလိုက်တယ်လို့ သိရတယ်။ အဓိကကတော့ တစ်ဖက်လူက နှုတ်ကြမ်းကြမ်းနဲ့ပြောခဲ့တဲ့ဟာကို တစ်ဖက်ကလည်း အာဃာ တတွေနဲ့ အမှတ်အတေးထားပြီးတော့ လက်စားပြန်ချေတဲ့ ပုံစံမျိုးလို့ သုံးသပ်လို့ ရပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီး၂၊ ဌာနခွဲမှူး ရဲမှူးမြင့်ထွေးက ပြောကြားခဲ့သည်။
လူသတ်မှုကျူးလွန်သူ မြင့်ထွေး(ခ)ဖိုးခွား၊ ၂၂နှစ်အား လှိုင်သာယာမြို့နယ်နေအိမ်၌ပင် ဖမ်းဆီးရမိခဲ့ပြီး ၄င်းယူဆောင်သွားသော ဒေါ်မေနှင်းဆီဟန် ကိုင်ဆောင်သည့် ဟန်းဖုန်းနှင့် ငွေနှစ်သောင်းကိုးထောင် ကျပ်အား သိမ်းဆည်းရမိခဲ့ပြီး လိုအပ်သည့် သက်သေခံပစ္စည်းများအား လိုက်လံသိမ်းဆည်းကာ တရားစွဲ တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် သေဆုံးသူ ဒေါ်နှင်းဆီဟန်သည် ရဲမှူးအဆင့်ရှိ အငြိမ်းစားဝန်ထမ်းတစ်ဦး၏ဇနီးဖြစ်ကြောင်း လည်း သိရသည်။

No comments:

Post a Comment