Wednesday, September 26, 2012

မြန်မာ့ပို့ကုန် ပိတ်ပင်ထားမှု အမေရိကန် ဖြေလျှော့မည်ဟု အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ပြောကြား


UTS-us1
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ စက်တင်ဘာလ ၂၆ ရက်နေ့က နယူယောက်မြို့တွင် တွေ့ဆုံစဉ် (AP Photo/Craig Ruttle)
အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံမှ ပို့ကုန်များကို အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းမှု ပိတ်ပင်ထားမှုကို ဖြေလျှော့သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အမေရိကန်ပြည်ထောင်စုသို့ လတ်တလောရောက်ရှိနေသော မြန်မာသမ္မတ ဦးသိန်းစိန်နှင့် စက်တင်ဘာလ ၂၆ ရက်နေ့က နယူးယောက်မြို့၌ တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှု ဆက်လက်ဖြစ်ပေါ်တိုးတက်မှုများကို အသိအမှတ်ပြုခြင်းနှင့် အစိုး ရနှင့် အတိုက်အခံနှစ်ဖက်စလုံးမှ တောင်းဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မိမိတို့၏ ကုန်သွယ်မှုဆက်ဆံရေးကို ပုံမှန်ဖြစ်ရေး ရှေ့ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ပြောကြား ခဲ့သည်။
''မိမိတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုသို့ မြန်မာ့ကုန်ပစ္စည်းများ တင်ပို့မှု ကန့်သတ်ချက်တွေ ကို ဖြေလျှော့ရေး စတင်ဆောင်ရွက်သွားပါမယ်။ ဒါက လူကြီးမင်းတို့ရဲ့ ပြည်သူများအတွက် ၎င်းတို့ရဲ့ ကုန်ပစ္စည်းတွေကို မိမိတို့ရဲ့ ဈေးကွက်ထဲသို့ တင်ပို့ရောင်းချဖို့ အခွင့်အလမ်း ပိုမိုရရှိလိမ့်မယ် လို့ မျှော်လင့်ပါတယ်''ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။
ယခုကဲ့သို့ ထုတ်ပြန်ကြေညာမှုသည် အမေရိကန်ပြည်ထောင်စု အိုဘားမားအစိုးရက မြန်မာနိုင်ငံနှင့် ပုံမှန်သံတမန်ဆက်ဆံရေး ပြန်လည်ဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံတွင် အမေရိကန်စီးပွားရေးလုပ်ငန်း များ ဆောင်ရွက်မှုပိတ်ပင်ထားမှုကို ဖယ်ရှားအပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။
''အမေရိကန်ပြည်ထောင်စုရဲ့ ဆောင်ရွက်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။''ဟု မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
မြန်မာသမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင်ကျင်းပမည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် သွားရောက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စက်တင်ဘာလ ၂၇ ရက်နေ့၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
လက်ရှိ အမေရိကန်သို့ရောက်ရှိနေသည့် မြန်မာလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ၁၇ ရက်ကြာမြင့်မည့် အမေရိကခရီးစဉ်အရ အမေရိကန်ပြည်ထောင်စုတွင်ရှိနေပြီး မြန်မာနိုင်ငံ သို့ အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လည်ထွက်ခွာလာရန် စီစဉ်ထားသည်။
အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ်အသွင်ကူးပြောင်းမှုကို ကြိုဆို ခဲ့ပြီး မြန်မာသမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ ဖော်ဆောင်ခဲ့သည့် မကြာသေးခင်က တိုးတက်မှုများကိုလည်း ကြိုဆိုခဲ့ကြောင်း အိမ်ဖြူတော်က စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

 Ref: Eleven Media Group

No comments:

Post a Comment