Tuesday, September 18, 2012

 အစိုးရသစ်လက်ထက် စတုတ္ထအကြိမ်မြောက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အဖြစ် အကျဉ်းသား ၅၁၄ ဦးအား လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသား ၈၀ ကျော်ပါဝင်ပြီး ၃၉၉ ဦးမှာ နိုင်ငံခြားသားများဖြစ်

အစိုးရသစ်လက်ထက်တွင် စတုတ္ထအကြိမ်မြောက် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အဖြစ် အကျဉ်းသား ၅၁၄ ဦးအား လွှတ်ပေးလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏၀က်ဆိုက်ဘ်မှ ဖော်ပြခဲ့ပြီး အဆိုပါအကျဉ်းသားများ တွင် နိုင်ငံရေးအကျဉ်းသား ၈၀ ကျော်ပါဝင်ကာ ၃၉၉ ဦးမှာ နိုင်ငံခြားသားများဖြစ်ကြောင်း သတင်းရရှိပါသည်။
''ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှုဖော်ဆောင်ရေးအတွက် လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသော အားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်တည်ဆောက်ရေး တွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန် အတွက်လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံအချင်းချင်း မိတ်မပျက်ဆက်ဆံရေး၊ ချစ်ကြည်ရေးတို့ အတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄(က) နှင့်အညီ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများဖြစ်ကြသည့် နိုင်ငံခြားသားအကျဉ်းသားများ အပါအ၀င် စုစုပေါင်းအကျဉ်းသား ၅၁၄ ဦးတို့အား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) အရ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက် (၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့) မှစ၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်''ဟု ပြန်ကြားရေးဝန်ကြီးဌာန၏၀က်ဘ်ဆိုက် တွင် ဖော်ပြခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲပြီးနောက် အရပ်သားအစိုးရအနေဖြင့် အကျဉ်းသားအများအပြားကို လွတ်ငြိမ်းချမ်း သာခွင့် သုံးကြိမ်ထုတ်ပြန်ပြီး လွှတ်ပေးခဲ့ရာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့တွင် အကျဉ်းသား ၆၀၈၇ ဦး၊ အကျဉ်းသူ ၅၆၉ ဦး စုစုပေါင်း ၆၆၅၆ ဦး၊ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ ရက်နေ့တွင် အကျဉ်းသားစုစုပေါင်း ၆၅၁ ဦး၊ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် အကျဉ်းသား ၃၇ ဦး၊ အကျဉ်းသူ ၄၆ ဦးကိုလည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည်။ 
အကျဉ်းသား ၅၁၄ ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ရာတွင် ၃၉၉ ဦးမှာ နိုင်ငံခြားသားများဖြစ်ကြောင်း၊ အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ပြီး အဆိုပါနိုင်ငံခြားသားအများစုမှာ တရားမ၀င် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာ၍ လ၀ကဆိုင်ရာ ဥပဒေပုဒ်မ ၁၃ (၁) ဖြင့် ထောင်ဒဏ်ကျခံနေရသူ များဖြစ်ကြောင်း နေပြည်တော် အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝင်းက Eleven Media Group သို့ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်က ပြောကြားခဲ့သည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ပြုစုထားသောစာရင်းအရ မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် များ၌ နိုင်ငံရေးအကျဉ်းသားပေါင်း ၃၀၃ ဦးရှိရာ ယခုစတုတ္ထအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်တွင် စက်တင်ဘာလ ၁၈ ရက်နေ့အထိ သိရသောစာရင်းများအရ  ၈၆ ဦး လွတ်မြောက်လာကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ပြုစုထားသောစာရင်းများအရ အင်းစိန်ထောင်တစ်ခုတည်းတွင် ပင် နိုင်ငံရေးအကျဉ်းသားပေါင်း ၈၀ ကျော်ရှိသော်လည်း ရှစ်ဦးသာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သည့်အတွက် ယခုလွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်သည့်အရေ အတွက်မှာ မျှော်လင့်ထားသည်ထက် အလွန်နည်းပါးနေကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ကိုထွန်းကြည်၏ ပြောကြားချက်အရ သိရသည်။
မန္တလေး အိုးဘိုအကျဉ်းထောင်မှလည်း နိုင်ငံခြားသားတစ်ဦးအပါအ၀င် အကျဉ်းသား ၄၇ ဦး လွတ်မြောက်လာကြောင်း သတင်းရရှိသည်။ ယင်းလွတ်မြောက်လာသူများထဲတွင် ဖောက်ခွဲရေးပုဒ်မများဖြင့် ဖမ်းဆီးခံခဲ့ရသူများ၊ နိုင်ငံရေးအကျဉ်းသားများ အပြင် ၂၀၀၃ ခုနှစ်က အထိန်းသိမ်းခံခဲ့ရသည့် သံဃာတော် ၂၂ ပါးလည်း ပါဝင်ကြောင်းလည်း သိရသည်။
တောင်ငူအကျဉ်းထောင်မှ လွတ်မြောက်ခဲ့သော နိုင်ငံရေးအကျဉ်းသား ၂၄ ဦးမှာ အမျိုးသား ၂၄ ဦးနှင့် အမျိုးသမီးနှစ်ဦးဖြစ်ကြောင်း သိရပြီး ၎င်းတို့အားလုံးမှာ မတရားအသင်းနှင့် ပတ်သက်ဆက်နွှယ်မှု ( ပုဒ်မ ၁၇-၁) ဖြင့် ဖမ်းဆီးခံထားရသူ အများစုဖြစ်ကြောင်း သိရှိရသည်။ တောင်ငူအကျဉ်းထောင်တွင် မတရားအသင်းနှင့် ဆက်သွယ်သော ပုဒ်မ၁၇(၁)နှင့် ဖောက်ခွဲရေးပုဒ်မများဖြင့် အကျဉ်းကျခံနေရသူ ၄၃ ဦးရှိပြီး စက်တင်ဘာလ ၁၇ ရက် ပြစ် ဒဏ်လွတ်ငြိမ်းခွင့်အပြီးတွင် ၁၇ ဦး ကျန်ရှိနေသေးကြောင်းလည်း သိရှိရသည်။
ကျန်အကျဉ်းထောင်များမှ လွတ်မြောက်လာသူများထဲတွင် ၁၉၉၈ ခုနှစ်ကတည်းက အကျဉ်းကျ ခံနေသော တောင်ကြီးထောင်မှ ဦးရွှေထူး၊ သာယာဝတီထောင်မှ မောင်မောင်သန်းရွှေ၊ ဇာနိုင်ထွန်း(ခ) ဖြူလေး၊ ကိုဉာဏ်ထွန်း၊ ပဲခူးထောင်မှ ကိုဇင်လင်းထွန်း စသူတို့ပါဝင်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ကလေးမြို့ အကျဉ်းထောင်မှ လွတ်မြောက်လာသူ ၁၈ ဦးအနက် မြန်မာနိုင်ငံသားတစ်ဦးသာ ပါဝင်ကြောင်း သိရသည်။
လွတ်မြောက်ခဲ့သူများတွင် အိန္ဒိယနိုင်ငံသား ၁၄ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သုံးဦး ပါဝင်ခဲ့ပြီး ပုဒ်မ ၁၇-၁ ဖြင့် အကျဉ်းကျနေသော ချင်းတိုင်းရင်းသား တစ်ဦးပါဝင်ကြောင်း သိရပါသည်။ ကလေးမြို့ အကျဉ်းထောင်တွင် အကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသား ကိုရန်ရွှေနှင့် ဗိုလ်မှူးကြီးဟောင်းတင်လှ တို့မှာ လွတ်မြောက်ခြင်း မရှိသေးဟု သိရသည်။

No comments:

Post a Comment