Thursday, September 27, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြား၊ တတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချူပ် ဦးသန့်နှင့် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေး၊ ရခိုင်အရေး ကချင်အရေးတို့ကို ထည့်သွင်းပြောကြားခဲ့

နိုင်ငံတော်သမ္မတဦးသိန်းစိန် သည် စက်တင်ဘာလ ၂၇ ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သော ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြားခဲ့ပါသည်။
ထိုသို့မိန့်ခွန်းပြောကြားမှုသည် အဖွဲ့ဝင် ၁၉၃ နိုင်ငံရှိသော ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ကြီးတွင် မိန့်ခွန်းပြောကြားသော ပထမဆုံး မြန်မာ့နိုင်ငံ၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်လာခဲ့သည်။
အဆိုပါမိန့်ခွန်းတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်က တတိယမြောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်နှင့် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ချီးကျူးဂုဏ်ပြုခဲ့ပြီး မြန်မာ့ဒီမိုကရေစီအရေး၊ ကချင်ပြည်နယ်အရေးနှင့် ရခိုင်ပြည်နယ်အရေးတို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။
''မြန်မာနိုင်ငံသည် လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေးမှုဝါဒကို စဉ်ဆက်မပြတ် ကျင့်သုံးလာခဲ့ပါတယ်။ ဒီနေ့ နိုင်ငံခြားရေးမူဝါဒရဲ့ အခြေခံမူကြီးများထဲမှာ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းရေးကို တက်ကြွစွာ ဆောင်ရွက်သွားရန် ပြဌာန်းထားပါတယ်။ ဒီလိုထိန်းသိမ်းရာမှာ နိုင်ငံများအကြား ပေါ်ပေါက်လေ့ရှိတဲ့ သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ အားပေးအားမြှောက် ပြုလုပ်သွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ယနေ့ရပ်တည်ချက် သဘောထားဟာ ယခုအထွေထွေ ညီလာခံကြီးအတွင်း အဆင့်မြင့်ပုဂ္ဂိုလ်များအဆင့် ဆွေးနွေးမှုများအတွက် အဆွေတော်မှ အဆိုပြုချမှတ်ခဲ့တဲ့ ဘာသာရပ်ခေါင်းစဉ်ဖြစ်တဲ့ နိုင်ငံတကာ အငြင်းပွားမှုများနှင့် အရေးအခင်းများကို ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ညှိနှိုင်းသွားရန် သို့မဟုတ် ဖြေရှင်းသွားရန်ဆိုတဲ့ ခေါင်းစဉ်ရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုရှိကြောင်း တွေ့ရှိရပါတယ်။ သဘာပတိကြီးခင်ဗျား ယခုနှစ်ဇွန်လအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ ရည်ရှည်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ရီယို+၂၀ အစည်းအဝေးရလဒ်နဲ့ ပတ်သက်ပြီး သဘောထားနဲ့သုံးသပ်မှုတွေ အမျိုးမျိုး ပေါ်ထွက်ခဲ့ပါတယ်။ ယင်းအစည်းအဝေးကြီးမှာ ယခင် ကတိက၀တ်များကို ထပ်လောင်း အတည်ပြုနိုင်ခဲ့ခြင်း ရေရှည်တည်တံ့မယ့် ဖွံဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ဖော်ထုတ်၍ ထောင်စုနှစ် ရည်မှန်းချက်များနှင့် ဆက်စပ်နိုင်ခြင်း၊ ရေရှည်တည်တံ့မည့် စွမ်းအင်ဆိုင်ရာ ကတိက၀တ်များရရှိခဲ့ခြင်း၊ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတကာ လုပ်ဆောင်ချက်များကို ညှိနှိုင်းဖော်ထုတ်နိုင်ခွင့် အစီအမံများ ချမှတ်နိုင်ခွင့် စတဲ့အရေးပါတဲ့ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ပါတယ်။ အဖွဲ့ဝင်နိုင်ငံများ အားလုံးအနေဖြင့် ယင်းဆုံးဖြတ်ချက် ကတိက၀တ်တွေကို လက်တွေ့ဆောင်ရွက်ချက်များအဖြစ် ပြောင်းလဲဆောင်ရွက်သွားရန် လိုအပ်ပါတယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့ နောင်လာမယ့်သားစဉ်များ မြေးဆက်များအတွက် ဘေးကင်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုက လက်ဆင့်ကမ်းနိုင်မှာ ဖြစ်ပါတယ်''ဟု သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတက ''ယခုကျင်းပတဲ့ ညီလာခံကြီးမှာ ၂၀၁၅ခုနှစ်အလွန် ဖွံ့ဖြိုးတိုးတက်ရေး လျာထားချက်များ ပေါ်ထွန်းရေး၊ တရားဥပဒေ စိုးမိုးရေး စတဲ့ကိစ္စတွေကို အလေးထား ဆွေးနွေးဆောင်ရွက်ခြင်းဟာ အချိန်အခါနဲ့သင်မြတ်လျော်ကန်မှု ရှိကြောင်း ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းရာမှာ တိုးတက်အောင်မြင်မှု ရရှိနေပါတယ်။ ဒီအောင်မြင်မှုတွေကို လွယ်လွယ်ကူကူနဲ့ ရရှိတာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့အတွေ့အကြုံကို မျှဝေ ပြောကြားလိုပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်နေပြီး စိန်ခေါ်မှုအသစ်တွေလည်း ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာ မြန်မာနိုင်ငံပြည်သူများဟာ အံ့အားသင့်ဖွယ် အပြောင်းအလဲများကို ဆောင်ကျဉ်းနိုင်ခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ယခုလို သမိုင်းဝင်အချိန်မှာ မိဘပြည်သူများအတွက် မြန်မာနိုင်ငံ သမ္မတအဖြစ်နဲ့ တာဝန်များထမ်းဆောင်ပေးနေရခြင်းကို များစွာဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ အစိုးရသစ်အနေနဲ့ လွန်ခဲ့တဲ့တစ်နှစ်ခွဲခန့်က စတင်တာဝန်ယူခဲ့တဲ့ အချိန်ကနေစပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို လွှတ်တော်၊ တရားရေးမဏ္ဍိုင်၊ တပ်မတော်၊ တိုင်းရင်းသားအင်အားစုများ၊နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ အဓိကအားဖြင့် ပြည်သူများနှင့်အတူ တက်ညီလက်ညီ နောက်ပြန် မလှည့်စတမ်း ပုံဖော်ခဲ့ကြပါတယ်။ ယခင်က အာဏာသုံးရပ်ကို တစ်ပေါင်းတည်း ကျင့်သုံးခဲ့တဲ့ အာဏာပိုင်အစိုးရ စနစ်ကနေ ဒီမိုကရေစီ နည်းလမ်းကျပြီး အပြန်အလှန်ထိန်းကြောင်းမှု စနစ်တွေပါတဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ စိန်ခေါ်မှုတွေ အများအပြားရှိနေပေမယ့် ဂုဏ်ယူဖွယ် အားတက်ဖွယ် ထင်ရှားတဲ့ အောင်မြင်မှုတွေ ပေါ်ထွက်လာနေပြီဖြစ်ပါတယ်။ အပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း ပြည်ပမှာ ရောက်နေတဲ့ မြန်မာနိုင်ငံရေး အင်အားစုများကို သိက္ခာရှိစွာ ပြန်လည်ဝင်ရောက်ခွင့်ပေးခြင်း၊ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို အထူးသန့်သန့်ရှင်းရှင်း အောင်မြင်စွာကျင်းပပေးနိုင်ခြင်း စတုတ္ထမဏ္ဍိုင်လို့ ခေါ်ဆိုရမယ့် သတင်းမီဒီယာအတွက် ကန့်သတ်ထားတဲ့ စာပေစိစစ်ရေးကို ပယ်ဖျက်ပေးခြင်း၊ အင်တာနက် လွတ်လပ်စွာ အသုံးပြုခွင့်ပေးခြင်း၊ အလုပ်သမားနဲ့ အလုပ်ရှင်အသင်းအဖွဲ့များ ဖွဲ့စည်းတည်ထောင်ခွင့်နှင့် ပြည်သူများနိုင်ငံရေးတွင် လွတ်လပ်စွာ ပါဝင်ခွင့်ပေးခြင်းစတဲ့ ဆောင်ရွက်ချက်များကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိ ရောက်ရှိနေတဲ့ နိုင်ငံရေးဖြစ်စဉ်ဟာဆိုရင် မတူညီသော နိုင်ငံရေးအင်အားစုများ ပိုမိုပါဝင်လာမှု ယင်းတို့အကြား စိတ်ရှည်သည်းခံနိုင်စွမ်း သဘောထားကြီးနိုင်စွမ်း မြင့်မားလာဖို့ နိုင်ငံရေးမှာ ပါဝင်လုပ်ဆောင်နိုင်တဲ့ နယ်ပယ်ချဲ့ထွင်နိုင်မှု ပြည်သူလူထုအများစု ကိုယ်စားပြုနိုင်မှု တာဝန်ခံမှု ပိုမိုမြင့်မားလာမှုစတဲ့ ဒီမိုကရေစီရဲ့ အခြေခံလက္ခဏာများ ပိုမိုပေါ်ထွန်းလာနေပါတယ်။ ကျွန်တော်တို့ အစိုးရနဲ့ သက်ဆိုင်သူ အားလုံးအကြား နိုင်ငံရေးသည်းခံမှုရှိရှိနဲ့ မျက်နှာစုံညီ ဆွေးနွေးအဖြေရှာခြင်း ဆိုတဲ့ နိုင်ငံရေးနိုင်ငံရေး ယဉ်ကျေးမှု ဓလေ့သစ်ကို စတင်ပုံဖော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်''ဟုလည်း ထည့်သွင်း ပြောကြားခဲ့ပါသည်။
စက်တင်ဘာလ ၁၆ ရက်နေ့က အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍လည်း ''ယခင်က နိုင်ငံရေး အဓိက အတိုက်အခံအင်အားစုခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့်သာမက ယခုအခါမှာ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လွှတ်တော်ကော်မတီရဲ့ ဥက္ကဌအနေနဲ့ လွှတ်တော်စင်မြင့်ကနေ ပါဝင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီရက်သတ္တပတ် အတွင်းမှာတော့ သူမအနေနဲ့ နယူးယောက်မြို့မှာ ရှိနေပါတယ်။ သူမရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှုများအတွက် အမေရိကန်ပြည်ထောင်စုမှ ဂုဏ်ပြုခံနေရတာတွေကိုလည်း မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော်ဝမ်းမြောက်ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ နိုင်ငံရေးဂုဏ်သရေကို မြင့်တင်ခြင်းဖြစ်ပါတယ်။ ဒီလိုမြင့်တင်နိုင်မှုကြောင့် အခြေခံနိုင်ငံရေး တည်ငြိမ်မှုကို တည်ဆောက်ပြီး ပြည်သူများရဲ့လူနေမှုဘ၀ မြင့်တင်ရေးအတွက် အထူးလိုအပ်တဲ့ စီးပွားရေးနဲ့ လူမှုရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို အာမခံဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်''ဟု မိန့်ခွန်းတွင် ချီးကျူးဂုဏ်ပြုစကား ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံတွင်းဖြစ်ပေါ်နေသော ရခိုင်ပြည်နယ်အရေးနှင့် ကချင်ပြည်နယ်အရေးတို့နှင့် ပတ်သက်၍ ''စစ်မှန်တဲ့ဒီမိုကရေစီကို တည်ဆောက်နိုင်ဖို့ဆိုရင် လက်နက်ကိုင်ပဋိပက္ခများအားလုံး ချုပ်ငြိမ်းသွားအောင် ဦးစွာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးတစ်ရပ် ရရှိနိုင်ဖို့ကိုလည်း ကျွန်တော်တို့ အလေးထား ဆောင်ရွက်နေပါတယ်။ တိုင်းရင်းသားဒေသတွေမှာ နှစ်ပေါင်းများစွာ အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရတာကို အဆုံးသတ်နိုင်ဖို့၊ စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီသို့ ၊ From War to Peace ဆိုတဲ့ ကျွန်တော်တို့ရဲ့ဆောင်ပုဒ်နဲ့အညီ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ယခုအခါမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရရှိပြီးဖြစ်ပါတယ်။ နှစ်ဖက်အပြန်အလှန် ယုံကြည်မှုတွေကို ကြိုးပမ်းတည်ဆောက်တဲ့ နှစ်ဖက်ဆွေးနွေးပွဲတွေကို ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အမျိုးသားအဆင့် ငြိမ်းချမ်းဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်သွားပြီး တိုက်ခိုက်မှုတွေ လုံးဝအဆုံးသတ်စေမယ့် အပြီးသတ် သဘောတူညီမှုရအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို ကုစားနိုင်ဖို့အတွက် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ခေါင်းဆောင်များနဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်တို့အကြား အလွတ်သဘော ငြိမ်းချမ်းရေးဆွေးနွေးမှုများ၊ ယုံကြည်မှုများ၊ တည်ဆောက်မှုများ ဆောင်ရွက်နေပါတယ်။ လက်နက်ကိုင်ပဋိ့က္ခကြောင့် မည်သည့်ဘက်ကဖြစ်စေ အသက်နဲ့အိုးအိမ် ပျက်စီးဆုံးရှုံးမှုရှိရင် မြန်မာနိုင်ငံအတွက် ဆုံးရှုံးခြင်းပဲဖြစ်တယ်လို့ ခံယူထားပါတယ်။ သဘာပတိကြီးခင်ဗျား အထက်ပါပြောကြားခဲ့တဲ့အတိုင်း ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှုတွေကို မမှိတ်မသုန် လုပ်ဆောင်နေချိန်မှာပဲ မျှော်လင့်မထားခဲ့တဲ့ အခက်အခဲအချို့လည်း ပေါ်ပေါက်ခဲ့ပါတယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်ခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စနဲ့စပ်လျဉ်းလို့ ပထမဦးဆုံး ပြောလိုတဲ့အချက်ကတော့ ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး ကျားမ မခွဲဘဲ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုံလုံခြုံခြုံ နေထိုင်နိုင်တဲ့ အခွင့်အရေးရှိတယ် ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ စပ်လျဉ်းလို့လည်း ဘက်လိုက်မှုကင်းဖို့ အာမခံချက်ပေးထားတဲ့ လွတ်လပ်တဲ့ အမျိုးသားအဆင့် စုံစမ်းရေးကော်မရှင်တစ်ရပ်ကို ကဏ္ဍနယ်ပယ်အသီးသီးနဲ့ ဟိန္ဒူ၊ မွတ်စလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာပေါင်းစုံမှ ပြည်သူများလေးစားတဲ့ ပုဂ္ဂိုလ်များနဲ့ ဖွဲ့စည်းပေးပြီး ဖြစ်ပါတယ်။ ဆောင်ရွက်သင့်တဲ့ အကြံပြုချက်တွေကိုလည်း ဒီကော်မရှင်အနေနဲ့ ကျွန်တော့်ဆီကို တင်ပြလာမှာဖြစ်ပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ စပ်လျဉ်းလို့ ထင်သာမြင်သာရှိစေရမယ်။ မိမိတို့အနေနဲ့ အလေးထား ဆောင်ရွက်နေကြောင်း သိရှိကြစေရန် အစ္စလာမ်ပူးပေါင်းရေး ဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စားလှယ်အဖွဲ့နဲ့ အာဆီယံကုလသမဂ္ဂ အမေရိကန် ပြည်ထောင်စု နိုင်ငံတကာသံတမန်များစတဲ့ ကိုယ်စားလှယ်အဖွဲ့များကို ရခိုင်ပြည်နယ်ကို မျက်မြင်ကိုယ်တွေ့ သွားရောက်လေ့လာဖို့ စီစဉ်ပေးခဲ့ပါတယ်။ ကူညီထောက်ပံ့လိုတဲ့ အဖွဲ့များကိုလည်း ၎င်းတို့အနေနဲ့ အသိုက်အ၀န်းနှစ်ခုစလုံးကို ခွဲခြားမှုမရှိဘဲ အကူအညီပေးမယ်ဆိုလို့ရှိရင် ကူညီထောက်ပံ့နိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ ဖြစ်ပေါ်ခဲ့တဲ့ကိစ္စဟာ နေ့ချင်းညချင်း အဖြေရှာနိုင်တဲ့ ကိစ္စမျိုးမဟုတ်ပါဘူး။ မိမိတို့အစိုးရအနေနဲ့ ရေတိုရေရှည် စီမံချက်များချမှတ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရှုထောင့်ပေါင်းစုံက ချဉ်းကပ်ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင်တဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ မိမိနယ်စပ်မျဉ်းတွေ လုံခြုံဖို့ဆောင်ရွက်ခွင့်၊ နိုင်ငံအချုပ်အခြာအာဏာကို ကာကွယ်ပိုင်ခွင့်နဲ့ ကာကွယ်နိုင်ခွင့်ရှိတယ်လို့လည်း ကျွန်တော်တို့ အနေနဲ့ ရိုးသားစွာယုံကြည်ပါတယ်။ ဒီကိစ္စကို အပြည်ပြည်ဆိုင်ရာစံနှုန်း ကျင့်ထုံးများနဲ့ ကိုက်ညီအောင် အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက် သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်''ဟု သမ္မတကြီးက ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာလည်း ခက်ခဲနက်နဲပြီး စိတ်ရှည်ရန် လိုအပ်ကြောင်း တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ အသိုက်အ၀န်းတစ်ရပ်လုံး အနေနဲ့ မြန်မာပြည်သူများရဲ့ ဒီလုပ်ငန်းစဉ်ကို နားလည်ထောက်ခံဖို့နဲ့ အကူအညီများပေးဖို့ လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံကို ချဉ်းကပ်နည်းအသစ်တွေနဲ့ ရှုမြင်ချဉ်းကပ်ဖို့လည်း လိုအပ်ပါကြောင်း၊ ထို့အပြင် ပိုမိုလုပ်သာကိုင်သာရှိတဲ့ ပတ်ဝန်းကျင်တစ်ခုကို ၀ိုင်းဝန်းဖန်တီးပေးဖို့လည်း လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ပြင်ပအကူအညီများအပေါ် ဆက်စပ်မှီခို ရပ်တည်ခြင်းနဲ့ မိတ်ဖက်နိုင်ငံ တစ်နိုင်ငံအနေနဲ့ ပူးပေါင်းလက်တွဲ ဆောင်ရွက်ဖို့ကို ဆန္ဒရှိပါကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။
ထို့အပြင် ကမ္ဘာ့နိုင်ငံများအလည်၌ တာဝန်သိသော ဂုဏ်သရေရှိသည့် နိုင်ငံတစ်ခုအဖြစ် ရပ်တည်ရင်း ၂၁ ရာစု၏ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
''ကျွန်တော့်ရဲ့ မိန့်ခွန်းကို အဆုံးမသတ်ခင်မှာ အရေးကြီးတဲ့ အကြောင်းအရာတစ်ရပ်ကို ပြောကြားခွင့်ပြုစေလိုပါတယ်။ အဲဒါကတော့ ကုလသမဂ္ဂရဲ့ တတိယမြောက် အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့တဲ့ မြန်မာ့သားကောင်း ဦးသန့်အကြောင်းပဲဖြစ်ပါတယ်။ ဦးသန့်အနေနဲ့လည်း အဲဒီတုန်းကလည်း တစ်ခုတည်းသော ကမ္ဘာဆိုတဲ့ အမြင်ရှိထားပြီးဖြစ်ပါတယ်။ ဦးသန့်အနေနဲ့ ဒီကမ္ဘာကြီးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ပြီး မတူကွဲပြားခြားနားမှုများ ရှိနေသော်လည်း ဘေးကင်းလုံးခြုံတဲ့ ကမ္ဘာကြီးအဖြစ် မျော်မှန်းထားပါတယ်။ ဒါ့အပြင် ကမ္ဘာ့ ပြည်သူအားလုံးဟာ ကိုယ်ချင်းစာတရား၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ သည်းခံခွင့်လွှတ်မှုတို့ကို လိုက်နာကျင့်သုံးနိုင်ကြမယ်လို့လည်း ဦးတည်မျှော်မှန်း ထားပါတယ်။ ဒီအမျှော်အမြင်အတိုင်း လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင် ပိုမိုငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ကမ္ဘာကြီးအဖြစ်ကို ပိုမိုလျင်မြန်စွာ ရောက်ရှိနိုင်မယ်လို့ ယုံကြည်မိပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာပြည်သူများအနေနဲ့ ဦးသန့်ရဲ့ ဆောင်ရွက်ချက်တွေကို၊ အောင်မြင်မှုတွေကို ဘယ်တော့မှ မေ့ပျောက်မှာမဟုတ်ဘဲ အစဉ်ထာဝရ ချီးကျူးဂုဏ်ပြုနေမှာ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်''ဟု သမ္မတကြီးက ပြောကြားခဲ့ပါသည်။
အဆိုပါ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခေါင်းဆောင်နှင့် အစိုးရအဖွဲ့ခေါင်းဆောင် ၁၁၆ ဦး တက်ရောက်ခဲ့ကြပြီး၊ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်များသာမက နိုင်ငံခြားရေးဝန်ကြီးများနှင့် အစိုးရအဖွဲ့ကိုယ်စားလှယ်များပါ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားပြီးနောက်ပိုင်းတွင် ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း ဘီဘီစီသတင်းဌာနတွင် ဖော်ပြထားချက်အရ သိရသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ ၂၄ ရက်နေ့က စတင်ထွက်ခွာခဲ့ပြီး ယခုခရီးစဉ်မှာ နိုင်ငံတော်အကြီးအကဲတစ်ဦးအနေဖြင့် နှစ်ပေါင်း ၄၆ နှစ်အတွင်း အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံး သွားရောက်မှုဖြစ်သည်။
အဆိုပါခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စု အစိုးရတာဝန်ရှိသူများ၊ နိုင်ငံတကာမှ တာဝန်ရှိသူများ၊ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်းလည်း သိရသည်။
ခရီးစဉ်တွင် စက်တင်ဘာလ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် The Mark ဟိုတယ်တွင် ၁၅ မိနစ်အကြာ တွေ့ဆုံခဲ့သည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စုသို့ မထွက်ခွာမီ တရုတ်နိုင်ငံသို့ စက်တင်ဘာလ ၁၉ရက်နေ့က သွားရောက်ခဲ့ပါသည်။

Ref: Eleven Media Group

မြန်မာနိုင်ငံ ဂီတအစည်းအရုံးသို့ အက်ဖ်အမ်များမှ အနုပညာကြေးများ ပေးသွင်းရန် သိန်းထောင့်ကိုးရာကျော် ကျန်ရှိနေ

မြန်မာနိုင်ငံ ဂီတအစည်းအရုံးသို့ အက်ဖ်အမ်များမှ အနုပညာကြေးများ ပေးသွင်းရန် သိန်းထောင့်ကိုးရာကျော် ကြွေးကျန်ရှိနေကြောင်း  သတင်းရရှိပါသည်။
''အရင် ဂီတအစည်းအရုံးကနေ စာရင်းတွေ လွှဲပြောင်းယူတဲ့အခါမှာ ခိုးကူးတိုက်ဖျက်ရေးလို အရေးကြီး တဲ့ နောက်ထပ်ကော်မတီတစ်ခု ထပ်ဖွဲ့ဖို့ တွေ့ရပါတယ်။ အဲဒါကတော့ အကြွေးတောင်းကော်မတီ လို့ ပြောရမလားပဲ။ စုစုပေါင်း သိန်းနှစ်ထောင်လောက် ရှိပါတယ်။ ပထမဦးဆုံးအနေနဲ့ ဒီလွှဲပြောင်းပြီး တစ်ပတ်၊ နှစ်ပတ်အတွင်းမှာ လုပ်ဆောင်ရမှာက မိတ်ဖက်အဖွဲ့အစည်းများ၊ အသံလွှင့်ဌာနများ၊ သီချင်းနဲ့ ပတ်သက်ပြီး အလုပ်လုပ်နေကြသော အဖွဲ့အစည်းတွေကို အကြွေးတောင်းရပါမယ်။ ဒီအဆင့်မှာ ပဲ ပြေပြေလည်လည် ဖြစ်သွားစေချင်ပါတယ်။ အကုန်လုံးကလည်း မိတ်ဖက်အဖွဲ့အစည်းတွေပါပဲ။ ဒီကိစ္စကို အနုပညာ ညီအစ်ကို မောင်နှမတွေကိုလည်း သိစေချင်ပါတယ်။ ကိုယ့်သီချင်းကို အသုံးပြုထားပြီး ဘယ်လိုလဲမသိတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် အသိပေးတာပါ''ဟု ဂီတအစည်းအရုံးမှ အတွင်းရေး မှူး ဖြူဖြူကျော်သိန်းက ပြောပြခဲ့သည်။
မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို) အမှုဆောင်သစ် (၂၀၁၂) သို့ လွှဲပြောင်းပေးအပ်ခဲ့သော ငွေစာရင်း မှာ မြန်မာ့စီးပွားရေးဘဏ်ခွဲ(၁)နှင့် မြန်မာ့စီးပွားရေးဘဏ် (ငွေစုဘဏ်) မှ ဂီတအစည်းအရုံး ရန်ပုံငွေ ကျပ်သိန်း ၈၄၉ သိန်းကျော်နှင့် အက်ဖ်အမ်များမှ ပေးသွင်းထားသည့် အနုပညာကြေးစုစုပေါင်း သိန်းတစ်ထောင်ကျော် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
လက်ရှိ၌ အက်ဖ်အမ်တစ်ခုတွင် သီချင်းတစ်ကြိမ်လွှင့်လျှင် ကျပ် ၆၅၀ နှုန်းဖြင့် အလွှာငါးလွှာမှ အချိုးကျခွဲယူရခြင်းဖြစ်ပြီး ယင်းအလွှာငါးလွှာမှာ ဆို ၂၅ ရာခိုင်နှုန်း၊ ရေး ၂၅ရာခိုင်နှုန်း၊ ဖြန့် ၂၅ ရာခိုင်နှုန်း၊ တီး ၁၅ ရာခိုင်နှုန်းနှင့် ဖမ်း ၁၀ ရာခိုင်နှုန်းဖြင့် ရာခိုင်နှုန်းအလိုက် ခွဲယူရခြင်းဖြစ်ကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ၀န်ကြီးတစ်ဦးအား စွဲစွပ်ပြစ်တင်မှု ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးသန်းထွန်း အား စွပ်စွဲပြစ်တင်မှု အဆိုတစ်ရပ်အား တင်သွင်းထားကြောင်း သိရသည်။
“အစိုးရအဖွဲ့က လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို တားဆီး တာတွေရယ်၊ ပြည်သူနဲ့ အဆက်ဖြတ်သလို ဆောင်ရွက်တာတွေရယ်ကြောင့် လွှတ်တော် ကိုယ်စားလှယ်တွေ တာဝန်ထမ်းဆောင်လို့ မရတော့တဲ့အထိ ဖြစ်လာတယ်၊ ဒါကြောင့် အခုလို စွပ်စွဲပြစ်တင် အဆို (Impeach) ကို ဆောင်ရွက်ရတာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲတွင် လွှတ်တော်ဥက္ကဋ္ဌ သရေစည်သူဦးဆန်းဆင့်က ပြောကြားခဲ့သည်။
စွပ်စွဲပြစ်တင်တယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်အားလုံးနဲ့ သက်ဆိုင်တယ်၊ ဒါကြောင့် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထံ တင်ပြခဲ့တယ်၊ ပြည်သူလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်မှာ စွပ်စွဲပြစ်တင်မှုကို မဆောင်ရွက်ဖို့ မေတ္တာရပ်ခံခဲ့ပြီး ပြည်ခိုင်ဖြိုး CEC မှာ အချက်(၄)ချက်ကို သဘောတူညီမှု ရခဲ့တယ်၊ ဒါပေမယ့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖိအားပေးခြိမ်းခြောက်မှုတွေနဲ့ ဖော်ထုတ်မှုတွေ၊ တင်ပြသူတွေရဲ့ လက်မှတ်မူရင်း တောင်းခံသိမ်းဆည်းမှု ဆောင်ရွက်ခဲ့ပြီး သဘောတူညီမှုတွေကို ဖောက် ဖျက်ခဲ့တယ်လို့ ဥက္ကဋ္ဌမှ ပြောပြသည်။
တိုင်းဒေသကြီးလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များမှ ပြည်သူအတွင်း ပေါ်ပေါက်နေသည့် ကိစ္စရပ်တစ်ရပ်ဖြစ်သည့် လ၀က၀န်ထမ်းအချို့မှ သန်းခေါင်စာရင်း ကောက်ခံနေမှုတွင် ငွေကြေးကောက် ခံနေမှုအပေါ် လွှတ်တော်တွင် အဆိုတစ်ရပ်အဖြစ် မတင်သွင်းမီ သက်ဆိုင်ရာဌာနမှ လွှတ်တော်ကိုယ်စား လှယ်အား ဖိအားပေးစစ်ဆေးမှုများ ရှိခဲ့သည်။ အဆိုပါဌာနအား လွှတ်တော်မှ တရားစွဲဆိုမှုရှိခဲ့သော် လည်း လေးလကျော်ကြာမြင့်သည့်အထိ ၀န်ထမ်းစည်းကမ်းအရသာ အရေးယူဆောင်ရွက်ထားပြီး ဥပဒေအရ အရေးယူမှုဆောင်ရွက်မှု အားနည်းနေကြောင်း သိရသည်။
“ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တယ်၊ လွှတ်တော်ကိုယ်စားလှယ်ကို ပါတီတွေ ကနေပြီးတော့ လွှမ်းမိုးတာတို့၊ ချုပ်ကိုင်တာတို့ လုပ်လို့မရပါဘူး၊ လွှတ်တော်ရဲ့ ဥပဒေဘောင်ထဲက သာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လွှမ်းမိုးချုပ်ကိုင်မှုတွေ ရှိနေရင် လွှတ်တော်ရဲ့ဂုဏ်သိက္ခာကို ကျဆင်းစေပါတယ်၊ မေတ္တာရပ်ခံပါတယ် လွှတ်တော်ဂုဏ်သိက္ခာ ကျဆင်းအောင် မလုပ်ကျပါနဲ့၊ လုပ်လာလို့ရှိရင်လည်း လွှတ်တော်က ဥပဒေနဲ့အညီ တရားစွဲဆိုရမှာ ဖြစ်ပါ တယ်''လို့ ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
လွှတ်တော်ဥက္ကဋ္ဌနှင့် ၀န်ကြီးချုပ်တို့သည် ပြည်ခိုင်ဖြိုးပါတီဝင်များ ဖြစ်ကြသည်မှာမှန်သော်လည်း လွှတ်တော်တွင်း ပေါ်ပေါက်နေသော ကိစ္စရပ်များသည် ပါတီတစ်ခု လူပုဂ္ဂိုလ်တစ်ခု၏ ကိစ္စမဟုတ်ပါ၊ ပါတီသည် ပြည်သူအ ကြိုး ရှေးရှုဆောင်ရွက်နေသည်မှာ မှန်သော်လည်း၊ လွှတ်တော်ရဲ့ ဥပဒေမူဝါဒများနဲ့ မတူပါဘူး။ ဒါကြောင့်လွှတ်တော်က လွှတ်တော်ရဲ့ ဥပဒေအရသာ ဆောင်ရွက်ရတာလို့ အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ပြောကြားခဲ့ကြောင်း သိရသည်။

Wednesday, September 26, 2012

တက္ကသိုလ်ဝင်ခွင့် အမှတ်သတ်မှတ်ချက် ရန်ကုန်နည်းပညာတက္ကသိုလ် အမြင့်ဆုံးဖြစ်

Photo
၂၀၁၂-၂၀၁၃ ပညာသင်နှစ်၊ နာမည်ကြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ၀င်ခွင့်တန်းစီဇယား တွင် ရန်ကုန်နည်းပညာတက္ကသိုလ်က တက္ကသိုလ်ဝင်စာမေးပွဲရမှတ် အမြင့်ဆုံးသတ်မှတ်ချက်ဖြင့် ထိပ်ဆုံး က ရပ်တည်နေကြောင်း သတင်းရရှိသည်။
ယခုနှစ် ပြန်လည်စတင်ဖွင့်လှစ်မည့် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူရန် အမျိုးသားများ အထူးစိတ်ဝင်စားခဲ့ကြပြီး ဦးစားပေးလျှောက်ထားခဲ့ကြကြောင်း တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး ဆောင်ရွက်ခဲ့သူက ပြောသည်။
နာမည်ကြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များ၏ ကျောင်းသားလက်ခံမှု လျှော့ချခဲ့ခြင်းကြောင့် ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲရမှတ် သတ်မှတ်ချက်သည် ယခင်နှစ်ကထက် သိသိသာသာ မြင့်တက်သွား ခဲ့သော်လည်း ဆေးဝါးတက္ကသိုလ်မှာ ယခင်နှစ်ထက် တက္ကသိုလ်ဝင်စာမေးပွဲရမှတ် သတ်မှတ်ချက် လျော့ကျ သွားခဲ့သည်။

လာမည့် ပညာသင်နှစ်တွင် နာမည်ကြီး အသက်မွေးဝမ်းကျောင်းတက္ကသိုလ် အချို့၏ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် ကန့်သတ်ချက်
ကျား
ရန်ကုန်နည်းပညာတက္ကသိုလ်    ၅၀၀  ၅၀၄
ဆေးတက္ကသိုလ်များ       ၄၉၀ ၅၀၈
ရေကြောင်းပညာတက္ကသိုလ်    ၄၈၇  ၄၉၇
မန္တလေးနည်းပညာတက္ကသိုလ်   ၄၈၅  ၄၈၅
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(အင်္ဂလိပ်စာ) ၄၉၂ ၄၉၂
အဆင့်မြင့်ကွန်ပျူတာတက္ကသိုလ်(ရန်ကုန်)   ၄၇၃ ၄၇၃
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်(ဂျပန်စာ)   ၄၆၉ ၄၆၉
သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များ      ၄၆၉ ၅၀၁
နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး)   ၄၆၇ ၄၇၀
ဆေးဝါးတက္ကသိုလ်များ          ၄၆၇ ၄၆၇

Ref: 7Day News Journal

ခြေခြေမြစ်မြစ် ၊ နှစ်နှစ်ကာကာသိမှရေးစေလိုပါသည်

 
Hot News ဂျာနယ်မှ ယာဉ်ပိုင်ရှင်များ၏ဒုက္ခကို သက်ဆိုင်ရာက ကူညီဖြေရှင်းပေးစေလို ခေါင်းစဉ်ပါ သတင်းဆောင်းပါးနှင့် ပတ်သက်၍ ကျွန်တော်နှင့်ခင်မင်ရင်းနှီးသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး  အား မေးမြန်းစုံစမ်းကြည့်ရာအဆိုပါတပ်ဖွဲ့ဝင်မှ သူတို့နေ့စဉ်တာဝန်ထမ်းဆောင် နေရသည့်အခြေအနေနှင့် အခက်အခဲများကို ပွင့်လင်းစွာရှင်းလင်းပြောပြသဖြင့် သိခွင့်ရခဲ့ပါသည်။ ဆောင်းပါးရေးသားသူ စတုတ္ထ မဏ္ဍိုင်နှင့် အခြားသူများပါသိရှိနိုင်ရန် အောက်ပါအတိုင်းဖော်ပြလိုက်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၌ တာဝန်ထမ်းဆောင်လျက်ရှိသောယာဉ်ထိန်းတပ်ဖွဲ့ဝင်များအနေဖြင့် မီးပွိုင့်များ၊ လမ်းဆုံလမ်းခွများ၊ အ၀ိုင်းပတ်များ၊ တံတားများ၊ အရေးကြီးအဆောက်အဦးနေရာများ၊ ယာဉ်သွားယာဉ်လာရှုပ်ထွေးသည့် လမ်းမကြီးများစသည့်နေရာများတွင် တာဝန်ထမ်းဆောင်ကြရပါ သည်။ နေပြည်တော်ယာဉ်ထိန်းတပ်ဖွဲ့အနေဖြင့် ဥပမာပြရလျှင် ထိုတာဝန်ကျနေရာများသို့ နေ့စဉ် ဆိုင်ကယ်ဖြင့်သွားရောက်ကြရာ၌ ခရီးအကွာအဝေးအလိုက် ဓာတ်ဆီ (၂) ပုလင်း (သို့မဟုတ်) (၃) ပုလင်းခန့် သုံးစွဲကြရပါသည်။ တပ်ဖွဲ့ဝင်တစ်ဦးလျှင် ပျှမ်းမျှ (၂) ပုလင်းသုံးစွဲပါက တပ်ဖွဲ့ဝင် (၁၅၀) ဦး အတွက်အဆိုပါပုလင်း (၃၀၀) စုစုပေါင်း၊ ဂါလံ (၅၀) ခန့်အသုံးပြုရကြောင်း သိရှိရပါသည်။ ငွေကြေး တန်ဖိုးတွက်ချက်ကြည့်ပါက နေ့စဉ်ကျပ် (နှစ်သိန်း) ခန့် ကုန်ကျအသုံးပြုနေရပြီး တစ်လအတွက်ဆိုပါက ကျပ် (သိန်းခြောက်ဆယ်) ခန့် သုံးစွဲကုန်ကျလျက်ရှိပါသည်။ အဆိုပါသုံးစွဲရသည့် စက်သုံးဆီတိုးငွေများအား မည်သူ့ထံကမှရရှိခြင်းမရှိဘဲ မိမိတို့ အစီအစဉ်ဖြင့်သာ ၀ယ်ယူသုံးစွဲနေရကြောင်း သိရှိခဲ့ရပါသည်။ တိုင်းဒေသကြီး/ပြည်နယ်များရှိ တပ်ဖွဲ့ဝင်များသည်လည်း အလားတူပင်ဖြစ်ကြောင်း ရန်ကုန်ယာဉ် ထိန်းတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အလားတူပင် တာဝန်ကျရာနေရာများသို့ မိမိတို့အစီအစဉ်ဖြင့် သွားရောက်ရပါသည်။ နေရေးတွင်လည်း ဌာန၏နေအိမ်လိုင်းခန်းများ လုံလောက်မှုမရှိသဖြင့် မိမိတို့၏ မိဘဆွေမျိုးများထံတွင် ကပ်နေရသူများ၊ အိမ်ငှားပြီးနေထိုင်ရသူများ၊ ယောက္ခမအိမ်ကပ်နေရသူများ အရေ အတွက်မှာ ရှိရင်းတပ်ဖွဲ့ဝင်အင်အား၏ တစ်ဝက်ကျော်ခန့်ရှိနေပါသည်။ ၎င်းအခက်အခဲများကို ကျွန်တော် တို့မည်သို့ ကုစားရမလဲ။ အဲဒီအတွက် အခက်အခဲစိန်ခေါ်မှုများကို ကျွန်တော်တို့ မည်သို့ဖြေရှင်း ရမလဲ။ နိုင်ငံတော်အစိုးရသစ်တက်လာပြီး ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ လစာအပြင် အပိုထောက်ပံ့မှု (၃၀၀၀၀ိ/-) ကျပ် တပ်ဖွဲ့ဝင်တစ်ဦးချင်းအတွက် တစ်ရက်စားစရိတ် (၅၀၀) ကျပ် ထောက်ပံ့ပေးခဲ့ပါသည်။ သို့ရာတွင် ဇနီးနှင့်သား၊ သမီးများရှိနေပါသည်။ ကျွန်တော်တို့သာ တစ်ဦးတည်းဖြစ်ပါက ဖြေရှင်းကုစားနိုင် ပါကြောင်း၊ သားသမီးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် မိသားစုလူနေမှုကုန်ကျစရိတ်များအတွက် စတုတ္ထမဏ္ဍိုင်မှ စာရေးသူအနေဖြင့် ကျွန်တော်တို့နေရာ ၀င်ကြည့်စေလိုပါကြောင်း ပြောပြပါသည်။
ထို့ပြင် လုပ်ငန်းသဘာဝအရ တာဝန်ကျသည့်နေရာသို့ နံနက်စောစောသွားရောက်ရသည်ဖြစ် နံနက် အစာပြေစားခြင်း၊ နေ့လည်စာစားခြင်းတို့အား တာဝန်ကျသည့်နေရာတွင် ဖြစ်သလို၊ ကြုံသလို ၀ယ်ယူ စားသောက်ရပါသည်။ ထိုစရိတ်စကများမှာလည်း နေ့စဉ်ကုန်ကျစရိတ်ဖြစ်ပြီး မည်သူကမှ လာမပေးဘဲ မိမိတို့ဘာသာ မိမိတို့ဖြေရှင်းနေရကြောင်း သိရပါသည်။ တပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင်ရာတွင် လုပ်ငန်း သဘောသဘာဝအရ ဆိုင်ကယ်တစ်စီး မဖြစ်မနေလိုအပ်သဖြင့် မိမိတို့အစီအစဉ်ဖြင့် ခြိုးခြံချွေတာပြီး ဆိုင်ကယ်ဝယ်ယူရပါသည်။ တာဝန်ထမ်းဆောင်ရင်း ဆိုင်ကယ်စက်ချို့ယွင်းမှုဖြစ်၍ ပြုပြင်ရာတွင်လည်း မိမိတို့ အစီအစဉ်ဖြင့်သာ ကျခံသုံးစွဲရကြောင်း သိရပါသည်။
ယာဉ်ထိန်းတပ်ဖွဲ့ဝင်များသည် နေ့စဉ်နေ့တိုင်း နေပူထဲ၊ မိုးရွာထဲ၌ လမ်းမကြီးများပေါ်တွင် တာဝန် ထမ်းဆောင်ရခြင်းဖြစ်၍ သတ်မှတ်ယူနီဖောင်းဝတ်စုံ အနည်းဆုံး (၄) စုံခန့် လိုအပ်မှုရှိပါသည်။ ၀တ်စုံ များကောင်းမွန်ရမည်ဖြစ်ပြီး ဖိုင်ဘာဦးထုပ်၊ ခါးပတ်၊ လည်ရှည်ဖိနပ်ကြီး၊ ပိကက်ဦးထုပ်၊ ရောင်ပြန်ဝတ်စုံ၊ အချက် ပြမီးချောင်း၊ မိုးကာ၊ ကြူးနစ်ကုတ်ဝတ်စုံ စသည့် အသုံးအဆောင်ပစ္စည်းများကိုလည်း မိမိတို့ဘသာ မိမိတို့ ၀ယ်ယူအသုံးပြုကြရကြောင်း ပြောပြ၍ သိရှိရပါသည်။ တာဝန်ထမ်းဆောင်ရာတွင် မရှိမဖြစ်လိုအပ် သည့် လမ်းလျှောက်စကား ပြောစက်များကိုလည်း မိမိတို့အစီအစဉ်ဖြင့် ကျခံဝယ်ယူသုံးစွဲရကြောင်း၊ မည်သူ ကမှ ပစ္စည်းများ ထုတ်ပေးခြင်း၊ ထောက်ပံ့ပေးခြင်းမရှိကြောင်းလည်း သိရှိရပါသည်။ မိမိတို့အား အထက်မှ တာဝန်ပေးအပ်ခြင်းသာရှိပြီး၊ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ကုန်ကျသော စရိတ်စကများကို မိမိတို့ ဘာသာ ကျခံသုံးစွဲရကြောင်း ရှင်းလင်းပြောပြပါသည်။
ဆောင်းပါးရှင် စတုတ္ထမဏ္ဍိုင်မှ ရေးသားထားသကဲ့သို့ လမ်းပေါ်၌ ကားသမားများနှင့် ငွေယူပြုလုပ်သည့် ကိစ္စနှင့် ပတ်သက်၍ ပြောပြသည်မှာ ယာဉ်များရပ်တန့်စစ်ဆေးပြီး စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်ရာ၌ ယာဉ်မောင်းလိုင်စင်မပါသူများ၊ ယာဉ်လိုင်စင် (၀ှီးတက်) မပါသူများ၊ လိုင်စင်သက်တမ်းလွန်သူများ၊ လုပ်ငန်းလိုက်စင်မပါရှိသူများ၊ ၀န်ပိုတင်ဆောင်သူများ၊ လမ်းစည်းကမ်းမလိုက်နာသူများစသည့် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်ကျူးလွန်သူအချို့သည် တရားရုံးသို့ မသွားလိုဘဲ ရှောင်လွှဲလိုခြင်း၊ အချိန်ကြန့်ကြာမှုမခံလိုခြင်း၊ သတ်မှတ်ဒဏ်ငွေပေးဆောင်လိုမှုမရှိခြင်းတို့ကြောင့် တာဝန်ကျ ယာဉ်ထိန်း တပ်ဖွဲ့ဝင်များထံ ချဉ်းကပ်အသုံးချ၍ ၎င်းတို့၏ လတ်တလောပဿနာများကို လမ်းပေါ်၌ ဖြေရှင်းတတ်ကြ ပါသည်။ ဥပဒေစည်းကမ်းအရ တိတိကျကျ အရေးယူဆောင်ရွက်ပါကလည်း စိတ်ငြိုငြင်မှုများ ဖြစ်တတ်ကြ ပါသည်။ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များမှာအဆိုပါ ကားသမားများပေးသည့် (၂၀၀ိ/-) ကျပ်၊ (၅၀၀ိ/-)ကျပ် (တစ်ခါ တစ်ရံအစုတ်များ) အားလက်ခံပြီး စည်းကမ်းမလိုက်နာသူများ၏ အသုံးချခံများ ဖြစ်နေကြရပါသည်။ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များမှာ ပညာတတ်ဘွဲ့ရ၊ (၁၀)တန်း အောင်များဖြစ်ကြပြီး မည်သူကမှ ယာဉ်မောင်း များစွန့်ကြဲသည့် (၂၀၀ိ/-) ကျပ်တန်၊ (၅၀၀ိ/-)ကျပ်တန် အစုတ်များကို သူတောင်းစားကဲ့သို့ လက်ဖြန့်တောင်း ခံလိုခြင်း၊ ပစ်ချပေးသွားသည့်ငွေကို လိုက်လံကောက်ယူခြင်းများ မပြုလုပ်လိုကြပါ။ မိမိတို့၏ ဂုဏ်သိက္ခာ အဆင့်အတန်းနှင့် သိက္ခာကျအရှက်ရစေမည့်အလုပ်မျိုး မည်သူတစ်ဦးတစ်ယောက်မှ မပြုလုပ်ချင်ကြပါ။ သို့ရာတွင် တာဝန်ထမ်းဆောင်ရင်း ကုန်ကျသည့် အုပ်ချုပ်ထောက်ပံ့မှုသုံးစွဲစရိတ်များ၊ အထွေထွေ ကုန်ကျစရိတ်များကို မိမိတို့ အစီအစဉ်ဖြင့်သာ ကျခံသုံးစွဲနေရသဖြင့် ထိုကဲ့သို့ ဖြစ်နေရကြောင်း ရှင်းပြ၍ သိရှိရပါသည်။ နေ့စဉ်တာဝန်ထမ်းဆောင်သွားလာလုပ်ကိုင်ရာ၌ ကုန်ကျသည့် စက်သုံးဆီ၊ ၀တ်စုံနှင့် အခြားအသုံးအဆောင်ပစ္စည်းများ အထွေထွေကုန်ကျစရိတ်များအား မည်သည့် ပြည်နယ်/တိုင်းဒေသအစိုးရ အဖွဲ့ကမှ ထောက်ပံ့ဖြေရှင်းပေးမှုမရှိခြင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှလည်း ဖြည့်ဆည်းပေးနိုင်မှု မရှိခြင်း တို့ကြောင့် မိမိတို့အစီအစဉ်ဖြင့်သာ မိမိတို့ လုပ်ငန်းအဆင်ပြေအောင် ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အုပ်ချုပ်မှုဆိုင်ရာ ကိစ္စများဖြေရှင်း ဆောင်ရွက်ရန်ထက်ပိုမို၍ လောဘတက်ပြီး လုပ်ကိုင်သူများကို ရဲစည်းကမ်းဥပဒေအရ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားသည့် ဖြစ်စဉ်သာဓကများလည်း ရှိကြောင်း ပြောပြ၍ သိရှိခဲ့ရပါသည်။ အဆိုပါတပ်ဖွဲ့ဝင်မှ ဆက်လက်ပြောပြသည်မှာ လက်ရှိရသည့် လစာနှင့် နောက်ကွယ်မှ မိသားစုဇနီးသားသမီးများ၏ ပညာရေးစရိတ်၊ ကျန်းမာရေးစရိတ်၊ စားဝတ်နေရေးလောက်ငမှုမရှိကြောင်း၊ အခြားသော ဌာနဆိုင်ရာ အောက်ခြေအဆင့်ဝန်ထမ်းများသည် လည်း ထိုကဲ့သို့ပင် ဖြစ်မည်ထင်ကြောင်း ရှင်းပြပါသည်။
ထို့ပြင် အဆိုပါယာဉ်ထိန်းတပ်ဖွဲ့ဝင်မှ အကြံပြုပြောပြသည်မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းဆောင်ရွက်၍ ဥပဒေနှင့်အညီရရှိသည့် တရားရုံးဒဏ်ငွေ၊ စီမံခန့်ခွဲမှုဒဏ်ငွေများမှ အချိုး ကျခွဲဝေပေးပြီး ကုန်ကျသည့် အသုံးစရိတ်များကို ကျခံသုံးစွဲစေမည်ဆိုပါက ပိုမိုသင့်တော်ကောင်းမွန် မည်ဖြစ်ကြောင်း မိမိတို့အနေဖြင့်လည်း တရားဝင်ရရှိလာသည့် ဆုကြေး၊ ငွေကြေးတို့ကို သာရယူလိုပြီး ဂုဏ်သိက္ခာရှိရှိ နိုင်ငံတာဝန်ထမ်းဆောင်လိုကြောင်း ရှင်းပြပါသည်။ အုပ်ချုပ်မှုဆိုင်ရာ ကုန်ကျစရိတ် များ ပြည့်စုံစွာ ဆောင်ရွက်ပေးခြင်း (သို့မဟုတ်) သတ်မှတ်ရာနှုန်းတစ်ခုထိ သတ်မှတ်ဆောင် ရွက်ပေးခြင်း ပြုမည်ဆိုပါက သင့်တော်ကောင်းမွန်မည်ဖြစ်ပြီး လမ်းပေါ်မှ မလိုလားအပ်သည့် ပြဿနာ များ လျော့နည်းပပျောက်စေမည်ဟု ထင်မြင်မိကြောင်း ပြောပြသဖြင့် သိရှိခဲ့ရပါသည်။
သို့ဖြစ်၍ စာရေးသူ ကျွန်တော့်အနေဖြင့် စိစစ်ဝေဖန်ဆန်းစစ်မိသည်မှာ စတုတ္ထမဏ္ဍိုင်များအနေဖြင့် တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း၊ အဖွဲ့အစည်းများနှင့် ပတ်သက်၍သော်လည်းကောင်း ရေးသား မည်ဆိုပါက ထဲထဲဝင်ဝင်၊ နှံ့နှံ့စပ်စပ်လေ့လာပြီးမှသာ ရေးသားပါက ပိုမိုသင့်တော်မည်ဟု ထင်မြင်မိပါ သည်။ အကျိုးအကြောင်း၊ အဆိုးအကောင်း၊ ခြေခြေမြစ်မြစ်နှစ်နှစ်ကာကာ သေချာစွာ မသိဘဲ မိမိ၏ ရှုထောင့်အမြင် တစ်ခုတည်းဖြင့် ရေးသားဖော်ပြခြင်းသည် ရေးသားခံရသူနှင့် အဖွဲ့အစည်းတို့အား ထိခိုက်နစ်နာမှုများ ဖြစ်စေနိုင်ပါသည်။ မလိုလားအပ်သည့် ဆိုးကျိုးအန္တာရာယ်များရှိစေနိုင်ပါသည်။ ထို့ကြောင့် စတုတ္ထမဏ္ဍိုင်အနေဖြင့် နောင်တွင် ဖြစ်စဉ်အကြောင်းအရာတစ်ခုအား ရေးသားတင်ပြမည်ဆိုပါ က သေချာစွာ စုံစမ်းလေ့လာပြီး နှစ်ဦးနှစ်ဖက် ညီညွတ်မျှတစွာဖြင့် ရေးသားတင်ပြသင့်ပါကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၏ အတွင်းသိ ပြည်သူတစ်ဦးအနေဖြင့် ပြန်လည်ရေးသားလိုက်ရပါသည်။

Ref: Hot Weekly News; ဦးမြင့်အောင်(နေပြည်တော်)

ပြပွဲခန်းမများ၊ရုံးခန်းများနှင့် ဈေးဝယ်စင်တာများပါဝင်မည့် မန္တလေးမြို့တော်ကွန်ဗင်းရှင်းစင်တာ (MCCC) တည်ဆောက်သွားမည်

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်အတွင်းတွင် တည်ဆောက်မည့် မန္တလေးမြို့တော် ကွန်းဗင်းရှင်းစင်တာ Mandalay City Convention Center  (MCCC) ကို ပြပွဲခန်းမများ၊ ရုံးခန်းများ၊ လူဦးရေ ၁၅၀၀ ခန့်ဆန့်ဝင်နိုင်သည့်ခန်းမနှင့် ဈေးဝယ်စင်တာများကို ထည့်သွင်းတည်ဆောက်သွားရန် စီစဉ်ထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိပါသည်။
မန္တလေးမြို့တော် ကွန်ဗင်းရှင်းစင်တာ (MCCC) ကို အာစီ ၂ ထပ် အဆောက်အဦးပုံစံဖြင့် တည်ဆောက် သွားမည်ဖြစ်ပြီး အကျယ်အ၀န်းမှာ ၂.၃၈ ဧက ကျယ်ဝန်းပြီး အရွယ်အစားမှာ ၃၈၀×၁၇၈ ပေရှိကြောင်း သိရသည်။              
"ကျွန်တော်တို့  မြို့တော်စည်ပင်မှာက အစည်းအဝေးလုပ်မယ်ဆိုရင် ဒီစည်ပင်ရုံးတစ်ခုတည်းရှိတာဆိုတော့ အဆင်မပြေတော့ဘူး။ မြို့တော်ခန်းမကို ပြပွဲလာလုပ်တဲ့သူတွေ ရှိတဲ့အခါမှာ လူအများကိုဖိတ်ပြီး အစည်း အဝေးလုပ်ချင်ရင် နေရာကမရှိသလို ဖြစ်သွားတယ်။ ဒီနေ့ လက်တွေ့ ခင်ဗျားတို့မြင်ကြတဲ့အတိုင်းပါပဲ။ ဒါကြောင့် မန္တလေးမြို့တော် ကွန်ဗင်းရှင်းစင်တာ (MCCC) ကို တည်ဆောက်ရတာ ဖြစ်ပါတယ်" ဟု မန္တလေး မြို့တော်ဝန် ဦးအောင်မောင်းမှ စက်တင်ဘာလ ၂၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မီဒီယာတွေ့ဆုံ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ မန္တလေးမြို့တော်ကွန်ဗင်းရှင်းစင်တာ (MCCC) ၌ မြေညီထပ်တွင် ဧည့်ကြိုခန်းမဆောင်၊ အရေးကြီးပုဂ္ဂိုလ်ခန်းမဆောင်၊ ပြင်ပဈေးရောင်းပြပွဲနေရာများ၊ ထိန်းချုပ်ရေးရုံးခန်း၊ ပြပွဲခန်းမ၊ အုပ်ချုပ်ရေး ခန်းမ၊ စားသောက်ဆိုင်နှင့် ဈေးဝယ်စင်တာများ၊ သန့်စင်ခန်းများ၊ ကားရပ်နားရန်နေရာများ၊ မော်တော်ဆိုင် ကယ်ရပ်နားရန်နေရာများ၊ ပထမထပ်တွင် ၁၈၀×၁၇၇ ပေ အရွယ်အစားရှိ ပြပွဲခန်းမကြီး၊ အပြင်ပြပွဲခန်းမ၊ ဗဟိုနှင့် ပြင်ဆင်ထိန်းသိမ်းရေးရုံးခန်း၊ ဧည့်ကြိုနှင့် မှတ်ပုံတင်ဌာန၊ ၀န်ဆောင်မှုရုံးခန်း၊ ကုန်တင်ကုန် ချပြုလုပ်ရန် ကားလမ်းနှင့် သန့်စင်ခန်းများကို ထည့်သွင်းတည် ဆောက်သွားရန် စီစဉ်ထားသည် ဟု သိရသည်။
"မန္တလေးမြို့တော်ကွန်ဗင်းရှင်းစင်တာ (MCCC) ကို တည်ဆောက်ဖို့ရာအတွက် စီစဉ်နေပါတယ်။ နေ့ရက် ကိုတော့ အတိအကျ ပြောလို့မရသေးပါဘူး။ စီမံကိန်းပုံစံကိုတော့ ရေးဆွဲပြီးပါပြီ။ မကြာခင်မှာတော့ အကောင်အထည် ဖော်သွားမှာကတော့ သေချာပါတယ်"ဟု မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီမှ အင်ဂျင်နီယာတစ်ဦးက အတည်ပြု ပြောကြားသွားခဲ့သည်။

နိုင်ငံပေါင်း ၁၇နိုင်ငံနှင့် ပြည်တွင်းကုမ္ပဏီများ ပါဝင်ပြသသည့် Myanmar Energy Trade Show-2012 ကျင်းပ

 DSC_1077
စွမ်းအင်ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် Myanmar Energy Trade Show-2012 ကို စက်တင်ဘာလ ၂၆ရက်နှင့် ၂၇ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Myanmar Convention Center (MCC) ၌ ကျင်းပနေကြောင်း သိရှိရသည်။
အဆိုပါပြပွဲတွင် နိုင်ငံပေါင်း  ၁၇နိုင်ငံမှ ကုမ္ပဏီများနှင့် ပြည်တွင်းကုမ္ပဏီများ အပါအ၀င် ပြခန်းပေါင်း ၅၅ခု ပြသလျက်ရှိကြောင်းလည်း သိရှိရသည်။
စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးမှ "မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍမှာ ပွင့်လင်းမြင်သာ မှုရှိအောင် ဆောင်ရွက်နေပါတယ်။ ဆက်လက်ပြီးလည်း ယခုထက်ပိုပြီး ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ကိုင်နိုင်ဖို့ကိုလည်း ဆက်လက်ဆောင်ရွက်နေပါတယ်"ဟု ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသွား ခဲ့ကြောင်း သိရှိရသည်။
THURA SWISS မှ CEO ဒေါက်တာအောင်သူရက "မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံ ဖို့ နိုင်ငံခြားကုမ္ပဏီတော်တော်များများ လာရောက်ဆွေးနွေးကြပါတယ်။ ကျွန်တော်တို့ကုမ္ပဏီက consulting အပိုင်းကို အဓိကဆောင်ရွက်နေတာဆိုတော့ နိုင်ငံခြားကုမ္ပဏီတွေက မြန်မာနိုင်ငံက သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မည့်ကုမ္ပဏီတွေရဲ့ ခိုင်မာမှုရှိမရှိ အခြေအနေတွေစုံစမ်းကြတယ်။ အမေရိကန်ဘက်က ဆိုရင် သူတို့ရဲ့ Black List မှာ အဲဒီကုမ္ပဏီတွေပါလားဆိုပြီး စုံစမ်းကြတယ်။ ကျွန်တော်တို့ဆီမှာ အများဆုံးမေးကြတာကတော့ စွမ်းအင်ကဏ္ဍနဲ့ ဟိုတယ်ကဏ္ဍတွေများပါတယ်" ဟု စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ပြောကြားခဲ့သည်။
ပြပွဲကာလအတွင်း THURA SWISS မှ CEO  ဒေါက်တာအောင်သူရနှင့် ဒါရိုက်တာကိုအောင်ထွန်းခိုင်တို့ မှ မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍများနှင့် ပတ်သက်ပြီးလည်း အချိန် ပိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လွှတ်တော်အမတ်အချို့ သြစတြေးလျနှင့် စင်ကာပူသို့ သွားရောက်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမတ်အချို့ သြစတြေးလျနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
၎င်းတို့၏ခရီးစဉ်ကို စက်တင်ဘာလ ၁၇ ရက်နေ့က စတင်ခဲ့ပြီး စက်တင်ဘာလ ၂၆ ရက်အထိ ကြာမြင့် ခဲ့ကြောင်း သိရသည်။
သူရဦးရွှေမန်းသည် သြစတြေးလျနိုင်ငံ၏ ဆီးနိတ်ဥက္ကဋ္ဌနှင့် စင်ကာပူနိုင်ငံ၏ လွှတ်တော်ဥက္ကဋ္ဌ မိုက်ကယ်ပါလ်မာ၏ ဖိတ်ကြားချက်အရ သွားရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် သြစတြေးလျနိုင်ငံခရီးစဉ်တွင် သြစတြေးလျပါလီမန် အလုပ်လုပ်ပုံနှင့် ပါလီမန်ကော်မတီများ၏ အလုပ်လုပ်ပုံအကြောင်းကို လေ့လာရန်ကင်ဘာရာမြို့သို့ သွားရောက်ခဲ့ကြောင်းလည်း သိရသည်။
စင်ကာပူနိုင်ငံ ခရီးစဉ်တွင် စင်ကာပူနိုင်ငံ၏ ၀ါရင့်ဝန်ကြီး ဂိုချောက်ထောင်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေခဲ့ကြောင်း Channel News Asia ၏ ဖော်ပြချက်အရ သိရသည်။
သူရဦးရွှေမန်းနှင့်အတူ လွှတ်တော်အမတ်ငါးဦးနှင့် အစိုးရအရာရှိများ၊ စီးပွားရေးကိုယ်စားလှယ်အချို့လည်း လိုက်ပါခဲ့ကြောင်း သိရသည်။
ခရီးစဉ်အတွင်းတွင် စင်ကာပူနိုင်ငံ၏ လက်ရှိသမ္မတ J Y Pillay၊ ၀န်ကြီးချုပ် လီရှန်လွန်းတို့နှင့်လည်း တွေ့ ဆုံခဲ့သလို စင်ကာပူနိုင်ငံ၏ လွှတ်တော်သို့လည်း သွားရောက်ခဲ့ကြောင်း သိရသည်။
စင်ကာပူနိုင်ငံသည် မြန်မာနိုင်ငံနှင့် စတုတ္ထမြောက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ယမန်နှစ် က နှစ်နိုင်ငံကုန်သွယ်မှုမှာ ၁ ဒသမ ၆ ဘီလျံဒေါ်လာ ရှိသည်။

မြန်မာ့ပို့ကုန် ပိတ်ပင်ထားမှု အမေရိကန် ဖြေလျှော့မည်ဟု အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ပြောကြား


UTS-us1
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ စက်တင်ဘာလ ၂၆ ရက်နေ့က နယူယောက်မြို့တွင် တွေ့ဆုံစဉ် (AP Photo/Craig Ruttle)
အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံမှ ပို့ကုန်များကို အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းမှု ပိတ်ပင်ထားမှုကို ဖြေလျှော့သွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အမေရိကန်ပြည်ထောင်စုသို့ လတ်တလောရောက်ရှိနေသော မြန်မာသမ္မတ ဦးသိန်းစိန်နှင့် စက်တင်ဘာလ ၂၆ ရက်နေ့က နယူးယောက်မြို့၌ တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေမှု ဆက်လက်ဖြစ်ပေါ်တိုးတက်မှုများကို အသိအမှတ်ပြုခြင်းနှင့် အစိုး ရနှင့် အတိုက်အခံနှစ်ဖက်စလုံးမှ တောင်းဆိုမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် မိမိတို့၏ ကုန်သွယ်မှုဆက်ဆံရေးကို ပုံမှန်ဖြစ်ရေး ရှေ့ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် ပြောကြား ခဲ့သည်။
''မိမိတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုသို့ မြန်မာ့ကုန်ပစ္စည်းများ တင်ပို့မှု ကန့်သတ်ချက်တွေ ကို ဖြေလျှော့ရေး စတင်ဆောင်ရွက်သွားပါမယ်။ ဒါက လူကြီးမင်းတို့ရဲ့ ပြည်သူများအတွက် ၎င်းတို့ရဲ့ ကုန်ပစ္စည်းတွေကို မိမိတို့ရဲ့ ဈေးကွက်ထဲသို့ တင်ပို့ရောင်းချဖို့ အခွင့်အလမ်း ပိုမိုရရှိလိမ့်မယ် လို့ မျှော်လင့်ပါတယ်''ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။
ယခုကဲ့သို့ ထုတ်ပြန်ကြေညာမှုသည် အမေရိကန်ပြည်ထောင်စု အိုဘားမားအစိုးရက မြန်မာနိုင်ငံနှင့် ပုံမှန်သံတမန်ဆက်ဆံရေး ပြန်လည်ဆောင်ရွက်ခြင်းနှင့် မြန်မာနိုင်ငံတွင် အမေရိကန်စီးပွားရေးလုပ်ငန်း များ ဆောင်ရွက်မှုပိတ်ပင်ထားမှုကို ဖယ်ရှားအပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။
''အမေရိကန်ပြည်ထောင်စုရဲ့ ဆောင်ရွက်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။''ဟု မြန်မာသမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။
မြန်မာသမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင်ကျင်းပမည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် သွားရောက်ခြင်းဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စက်တင်ဘာလ ၂၇ ရက်နေ့၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
လက်ရှိ အမေရိကန်သို့ရောက်ရှိနေသည့် မြန်မာလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ၁၇ ရက်ကြာမြင့်မည့် အမေရိကခရီးစဉ်အရ အမေရိကန်ပြည်ထောင်စုတွင်ရှိနေပြီး မြန်မာနိုင်ငံ သို့ အောက်တိုဘာလ ၃ ရက်နေ့တွင် ပြန်လည်ထွက်ခွာလာရန် စီစဉ်ထားသည်။
အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံတွင် ဒီမိုကရက်တစ်အသွင်ကူးပြောင်းမှုကို ကြိုဆို ခဲ့ပြီး မြန်မာသမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တို့ ဖော်ဆောင်ခဲ့သည့် မကြာသေးခင်က တိုးတက်မှုများကိုလည်း ကြိုဆိုခဲ့ကြောင်း အိမ်ဖြူတော်က စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

 Ref: Eleven Media Group

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နှင့် ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ရှင်နာဝပ်တို့ နယူးယောက်မြို့၌ သီးခြားတွေ့ဆုံဆွေးနွေး

အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ ၂၆ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာလ၊ ၂၇ နံနက် ၁ နာရီ ဝန်းကျင်)တွင် အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်၊ ထိုင်းဝန်ကြီးချုပ် ယင်လက်ခ် ရှင်နာဝပ် အစရှိသူတို့နှင့် နယူးယောက်မြို့ရှိ တည်းခိုရာ ဟိုတယ်၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နယူးယောက်ရှိ တည်းခိုရာ The Mark ဟိုတယ်၌ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နှင့် သီးခြားတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး အဆိုပါတွေ့ဆုံမှုအပြီးတွင် ထိုင်းဝန်ကြီး ချုပ် ယင်လက်ခ်ရှင်နာဝပ်နှင့် ဆက်လက်တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
နိုင်ငံတော်သမ္မတသည် ထိုင်းဝန်ကြီးချုပ်နှင့်တွေ့ဆုံပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီကစ်ဆင်းဂျား အစရှိသည့် ပုဂ္ဂိုလ်များနှင့် လည်း ဆက်လက်တွေ့ဆုံမည် ဖြစ်ပါသည်။
(၆၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ရန်အတွက် နယူးယောက်သို့ ရောက် ရှိနေသော နိုင်ငံတော်သမ္မတသည် စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တည်းခိုရာ The Mark ဟိုတယ်၌ ရင်းနှီးစွာ တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံမှုမှာ အချိန် ၁၅ မိနစ် ခန့်ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတသည် စက်တင်ဘာလ၂၇ရက်နေ့တွင် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ General Debate အစီအစဉ်တွင် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် Asian Society ၌ မိန့်ခွန်းပြောကြားရန် စီစဉ်ထားပြီး အမေး၊ အဖြေအစီအစဉ် ကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။ ထို့အပြင် နယူးယောက်မြို့ရှိ မြန်မာမိသားစုများနှင့်လည်းတွေ့ဆုံရန် စီစဉ်ထား ကြောင်းသိရသည်။
လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၂၆ ရက် နေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းဦးဆောင်ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာပညာရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဆွေးနွေးပွဲ၌ တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမား၊ ဒိန်းမတ်ဝန်ကြီးချုပ် Helle Thorin-Schmidt ၊ ဩစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂေးလော့တို့နှင့် အတူ ဒေါ်အောင်ဆန်းစုကြည် လည်း ဆွေးမှေုများပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

Ref: Eleven Media Group

တစ်ခါတစ်လေတော့လည်း အားမပေးပါ။...

တရားရုံးတွင် သတင်းများရယူရန် ခေတ်မီဖွံ့ဖြိုးသောနိုင်ငံများလို ရုံးပြင်ပတွင်သာ မီဒီယာသမားများရှိနေစေ ချင်သည်။ အဘယ်ကြောင့်ဆိုသော် ရုံးတွင် အမှုကိစ္စဖြင့် စိတ်ပူဆွေးနေသူ၊ စိတ်ရှုပ်နေသူ အမှုသည်များ၏ အခွင့်အရေး (လူတစ်ဖက်သား၏ အခွင့်အရေး ဥပမာ။ အရိပ်သုံပါးနားမလည်ခြင်း) သည်ကား မည့်သို့ဖြစ် သွားမည်နည်း။
ယနေ့ သတင်းတစ်ပုဒ်ဖတ်ရသည်။ ထိုသတင်းတွင် "ပြည်သူ့လွှတ်တော်ကော်မတီမှ တာဝန်ရှိသူများ အနေဖြင့် တာမွေမြို့နယ် တရားရုံးကို လေ့လာရာတွင် သတင်းထောက်များကို တရားရုံး အတွင်းသို့ ၀င်ရောက်ခြင်းမပြုရန် တာမွေမြို့နယ် တရားရုံးမှ တာဝန်ရှိသူအချို့က ပြောကြားခဲ့သော်လည်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်မှ သတင်းထောက်များကို ၀င်ရောက်ခွင့်မပြုပါက ၎င်းအနေဖြင့်ပါ တရားရုံးအတွင်းသို့ ၀င်ရောက်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သဖြင့် သတင်းထောက်များပါ တရားရုံးအတွင်း ၀င်ရောက် သတင်းရယူခွင့်ရရှိခဲ့သည်" ဟုပါရှိလာသည်။ ယင်းဖြစ်စဉ်တွင် သတင်းထောက်များ တရားရုံးအတွင်းဝင်ရောက်ရခြင်းမှာ တရားရုံးကို လေ့လာရန်ဖြစ်သဖြင့် မှန်ကန်သော် လည်း တခြားအမှုကိစ္စရပ်များတွင် သတင်းထောက်များ တရားရုံးအတွင်းဝင်ရောက်လာလျှင် ဘယ်လိုလုပ် မည်နည်း။ အစရှိ၊ တနောင်နောင် ဟုဆိုသော မြန်မာစကားပုံကား ရှိနေသည်။ ပြီးတော့ မြန်မာမီဒီယာ သက်တမ်းမှာ ၀ါနုသေးသည်။ ယနေ့ မြန်မာ့ မီဒီယာသတင်းသမားများနှင့်မတူဘဲ လူ့အခွင့်အရေး ချိုးဖောက်နေသော (paparazzi) များနှင့် ပို၍တူနေသည်။ 
ဒီမိုကရေစီနိုင်ငံဟုဆိုသော်လည်း ဒီမိုကရေစီမီဒီယာမကျတကျဖြစ်နေပြီး သူတို့ရေးသားသောသူများနှင့် အတူ သူတို့လည်းထူးမခြားနားဖြစ်နေသည်။ ပြည်တွင်းရှိ မီဒီယာများသည် မိမိ၏သတင်းထောက်များအား နိုင်ငံခြားသို့စေလွှတ်ကာ သတင်းပညာသွားရောက် ပညာတော်သင်စေလွှတ်သင့်သည်။ သို့မဟုတ်ပါက မိမိပြောဆိုသည့် သူများနှင့်ထူးမခြားနားပါပဲ။ သတင်းလောကကို အရင်တိုးတက်အောင်မလုပ်ဘဲ မီဒီယာကွ ဟုဆိုနေခြင်းကို ကျွန်တော်တို့နိုင်ငံလို တစ်ခါတစ်လေ အားပေးသော်လည်း၊ တစ်ခါတစ်လေတော့လည်း အားမပေးပါ ဟုဆိုချင်မိသေးသည်။

မိုးလုံးမှိုင်း

ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မရှင်မှ ရန်ကုန်မြို့ရှိ တရားရုံးများကို လေ့လာစစ်ဆေး၊ မလိုအပ်ဘဲ လပေါင်းများစွာ ကြာမြင့်နေသော အမှုများနှင့် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ရန် လိုအပ်သည့် အခြေအနေများကို တွေ့ရှိရကြောင်း ကော်မတီ တာဝန်ရှိသူ ပြောကြား

ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တရားရုံးများကို စက်တင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ လေ့လာစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြင့်နှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသော ဦးသိန်းညွန့်၊ ဦးမင်းဆွေ၊ ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် လွှတ် တော်ရုံးမှ တာဝန်ရှိသူများသည် တာမွေမြို့နယ်တရားရုံးသို့ သွားရောက်လေ့လာစစ်ဆေးခဲ့ကြသည်။
ကော်မတီမှအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် တာမွေမြို့နယ်တရားရုံး၌ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်တရားသူကြီး ဒေါ်ချိုမာလာ၊ တာမွေမြို့နယ် တရားသူကြီး ဦးမြင့်ဝင်းနှင့်အတူ တာမွေမြို့နယ်တရားရုံးမှ တရားသူကြီးငါးဦးတို့နှင့် တွေ့ဆုံ ခဲ့ကြပြီး တာမွေမြို့နယ် ဥပဒေရုံးမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။
ပြည်သူ့လွှတ်တော်ကော်မတီမှ တာဝန်ရှိသူများအနေဖြင့် တာမွေမြို့နယ် တရားရုံးကို လေ့လာရာတွင် သတင်းထောက်များကို တရားရုံးအတွင်းသို့ ၀င်ရောက်ခြင်းမပြုရန် တာမွေမြို့နယ် တရားရုံးမှ တာဝန်ရှိသူအချို့က ပြောကြားခဲ့သော်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မှ သတင်းထောက်များကို ၀င်ရောက်ခွင့်မပြုပါက ၎င်းအနေဖြင့်ပါ တရားရုံးအတွင်းသို့ ၀င်ရောက်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သဖြင့် သတင်းထောက်များပါ တရားရုံးအတွင်း ၀င်ရောက်သတင်းရယူ ခွင့်ရရှိ ခဲ့သည်။
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏ တာဝန်တစ်ရပ်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် တရားရုံးများကို ယခုကဲ့သို့ ကွင်းဆင်းလေ့လာ စစ်ဆေးမှုများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီ၊ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၊ အတွင်းရေးမှူး ဦးဝင်းမြင့်က ''တရားဥပဒေ စိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လေ့လာကြတာပါ။ ကျွန်တော်တို့က တရားဥပဒေ စိုးမိုးရေးအတွက် ဘယ်လိုလုပ်ကြမလဲ။ ဘယ်လို လိုအပ်ချက်တွေရှိလဲ။ ဘယ်လို အကူအညီပေးရမလဲ။ ဘယ်လို အဖြေရှာရမလဲ။ ဒါတွေသိအောင် လာရောက်လေ့လာရခြင်း ဖြစ်ပါတယ်။ တွေ့ရှိချက်တွေကို ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြပြီး သူရဲ့ ညွှန်ကြားချက်အတိုင်း ဆက် လက်ဆောင်ရွက်သွားမှာပါ။ ရက်ရှည်လများ ကြာနေတဲ့အမှုတွေကို သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်'' ဟု ပြောကြား ခဲ့သည်။
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီအဖွဲ့ဝင် ဦးသိန်းညွန့်က ''တရားဥပဒေစိုးမိုးဖို့အတွက် အရေးအကြီးဆုံးက တရားဥပဒေစိုးမိုးဖို့ လိုတယ်။ အဂတိလိုက်စားမှု မတားမြစ်နိုင်ရင် တရားစီရင်ရေးက ပိုဆိုးသွားမယ်။ ပြီးခဲ့တဲ့အပတ်က မန္တလေးမှာ တရားစီရင်ရေး မဏ္ဍိုင်ယိမ်းယိုင်နေတာတွေ ရှိတယ်ဆိုလို့ သွားတယ်။ ဟိုရောက်တော့ တရားရေးမဏ္ဍိုင်က ယိမ်းယိုင်ရုံတင် မဟုတ်ဘူး။ လုံးဝပြိုကျနေတာ တွေ့ရတယ်။ ရန်ကုန်မှာလည်း ကိုယ်တိုင်ကြုံ တွေ့ရတာ ကျွန်တော့်သား တရားခွင်သွားတာ ပိုက်ဆံကျပ် ၃၀၀၀ပေးရတာတွေ ရှိတယ်။ ဒါကြောင့် ကျွန်တော် တရားရေး တာဝန်ရှိသူတွေကို ပြောခဲ့တာက ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတကြီး မိန့်ခွန်းပြော ခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာ လာဘ်ပေးလာဘ်ယူမှုဟာ နိုင်ငံဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ပြောခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို ထိန်းဖို့၊ ဥပဒေပြဋ္ဌာန်းချက်တွေကို အရေးမမူဘဲ စီရင်ချက်ချမှတ်ခဲ့တဲ့ တရားရုံးတွေရဲ့ စီရင်ချက်တွေ၊ စီရင်ထုံးတွေဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ စမ်းသပ်ခြင်းခံရတော့မယ်လို့ ပြောခဲ့ပါတယ်။ တိုင်းပြည်ကိုချစ်ရင် တတိယမဏ္ဍိုင်ကို မပြုပြင်ရင် မရတော့ ဘူးလို့ ပြောခဲ့ပါတယ်။ နောက်ပြီး အမှုဖြစ်တာ ၁၁ လ၊ ကိုးလတို့ ကြာသွားပြီ၊ စွဲချက်မတင်ရသေးတာတွေ၊ မိသားစုတစ်စုလုံး အဖမ်းခံထားရတယ်။ ကလေးတွေပါ ပါတယ်။ အဲဒါမျိုးကတော့ အဖမ်းခံထားရတဲ့ သူတွေရဲ့ တင်ပြချက်က အချက်အလက်မှန်လား အရင်လေ့လာရမယ်။ မှန်ရင် တစ်မိသားစုလုံး အဖမ်းခံ ရတာ တရားမျှတရဲ့လား မေးခွန်းထုတ်ရမယ်။ တရားစီရင်ရေးမှာ တရားမျှတဖို့ အဓိကကျပါတယ်''ဟု ပြော ကြားခဲ့သည်။
ကော်မတီအနေဖြင့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် အရှေ့ပိုင်း ခရိုင်တရားရုံးကို သွားရောက်ခဲ့ကြပြီး စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ချုပ်သို့ သွားရောက်ကြမည်ဖြစ် သည်။
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကို သြဂုတ်လ ၇ ရက်နေ့ က ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည်။
ကော်မတီ၏ အဓိကတာဝန်မှာ လွှတ်တော်ကိုယ်စားလှယ်များ၊ တရားရေး အဖွဲ့အစည်းများ၊ အစိုးရ၀န် ထမ်းများ၊ မီဒီယာများအကြား တရားဥပဒေနှင့်အညီ ကျင့်သုံးနေထိုင်မှုရှိစေရန် ကြပ်မတ်ထိန်းကျောင်းရ မည်ဖြစ်ပြီး တိုင်းပြည်တည်ငြိမ်အေးချမ်း မှုရရှိစေရန် ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရှိရသည်။

ABSDF ဖြစ်ရပ်များအား စုံစမ်းစစ်ဆေးပေးရန် အောက်တိုဘာလကုန် နောက်ဆုံးထား နိုင်ငံတော်သို့ တင်ပြမည်

ABSDF မြောက်ပိုင်းအရေးတွင် ထောက်လှမ်းရေးဟု စွပ်စွဲသတ်ဖြတ်ခံခဲ့ရသော ကျောင်းသားတစ်ဦးဖြစ်သူ ကိုကျော်ကျော်မင်းအား ရည်စူးကာ ကန့်ဘလူမြို့နယ်ရှိ နေအိမ်တွင် စက်တင်ဘာလ ၂၃ ရက်နေ့က ဆုတောင်းအမျှဝေခြင်းများ ပြုလုပ်ခဲ့ပြီး မြောက်ပိုင်းဖြစ်ရပ်များအား တရားမျှတစွာ တာဝန်ယူဖြေ ရှင်းဆောင်ရွက်ပေးရန် လက်မှတ်တစ်သောင်းခန့် ရေးထိုးကာ ယခုနှစ် အောက်တိုဘာလကုန်ပိုင်း တွင် နိုင်ငံတော်သို့ တင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း လွတ်မြောက်လာသူများထဲမှ တစ်ဦးဖြစ်သော ကိုညီညီကျော်က ပြောကြားသည်။
မြောက်ပိုင်းဖြစ်ရပ်များအား တရားဥပဒေအရ စုံစမ်းစစ်ဆေး အရေးယူပေးရန် မူလဖြစ်ပွားရာဒေသဖြစ်သော ၀ိုင်းမော်ရဲစခန်းတွင် အမှုဖွင့်ထားသော်လည်း ဖြစ်ရပ်တွင် ပါဝင်ပတ်သက်သူ များပြားလွန်းခြင်းကြောင့် ယင်းဒေသ၌ စုံစမ်းစစ်ဆေးရန် မိသားစုဝင်များအနေဖြင့် အခက်အခဲရှိနိုင်သဖြင့် နိုင်ငံတော်သို့ တောင်း ဆိုတင်ပြရခြင်းဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ကြောင့်လည်း မနစ်နာစေချင်ပါဘူး။ ဒါပေမယ့် တာဝန်ယူမှု၊ အမှန်တရားကို ရင်ဆိုင်နိုင်မှု၊ ဒီနှစ်ခုကတော့ အရေးကြီးတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံ သမိုင်းတစ်လျှောက်မှာ မြန်မာလူ မျိုးတွေက အင်မတန် အားနာတတ်တယ်။ မသင့်တော်တဲ့လူမျိုးတွေကိုလည်း ဖယ်ရှားဖို့ ၀န်လေးခဲ့တာ တွေ့ ရတယ်''ဟု ကိုညီညီကျော်က ဆိုပါသည်။
ကိုကျော်ကျော်မင်း၏ ကျန်ရစ်သူမိသားစုအနေဖြင့် တရားစွဲဆိုခြင်းများ ဆက်လက်ပြုလုပ်သွားရန် ဆန္ဒမရှိကြောင်း သိရှိရပါသည်။

Tuesday, September 25, 2012

မြန်မာနိုင်ငံ စီးပွားရေး ချွတ်ခြုံကျမှုသည် စီးပွားရေးပိတ်ဆို့မှုကြောင့် မဟုတ်ဘဲ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့်သာ ဖြစ်ကြောင်း CNN သတင်းဌာနနှင့် တွေ့ဆုံရာတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား

မြန်မာနိုင်ငံ၏ စီးပွားရေးချွတ်ခြုံကျမှုသည် စီးပွားရေးပိတ်ဆို့မှုကြောင့်မဟုတ်ဘဲ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် သာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။
အမေရိကန်နိုင်ငံ ကွန်ဂရက်လွှတ်တော်က အရပ်သားများကို ပေးအပ်သည့် ဆုများအနက် အမြင့်ဆုံးဖြစ် သည့် Congressional Gold Medal ဆုကို လက်ခံရယူရန် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ အမေရိကန် ပြည်ထောင်စုသို့ ရောက်ရှိနေစဉ် ဒေါ်အောင်ဆန်းစုကြည်က CNN နှင့် အင်တာဗျူးတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
''မြန်မာ့စီးပွားရေး အကြီးအကျယ် ထိခိုက်ခဲ့တာ Sanction ကြောင့်လို့ မထင်ပါဘူး။ ကမ္ဘာ့ငွေကြေးအဖွဲ့ IMF ရဲ့ စစ်တမ်းတွေကို ကျွန်မ ကိုးကားပြီးပြောလေ့ရှိပါတယ်။ မြန်မာ့စီးပွားရေး ချွတ်ခြုံကျရတာဟာ Sanction ကြောင့်မဟုတ်ဘဲ စီမံခန့်ခွဲညံ့ဖျင်းခြင်းကြောင့်ပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူး တွင် ပြောကြားခဲ့ပါသည်။
သို့သော် လက်ရှိမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များသည် စီးပွားရေးပိတ်ဆို့မှုတစ်ခု တည်းကြောင့် ဖြစ်ပေါ်ခဲ့သည်မဟုတ်သော်လည်း နိုင်ငံရေးအရ အရေးပါသည့်အခန်းကဏ္ဍတွင် ပါဝင်ကြောင်းလည်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က အင်တာဗျူးတွင် ဖြေကြားခဲ့ပါ သည်။
အမေရိကန်သို့ တင်သွင်းသည့် မြန်မာ့ထွက်ကုန်များအပေါ် ပိတ်ဆို့ထားသည့် export sanction ကို ပယ်ဖျက်ပေးရန်အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က ''ရုပ်သိမ်းသင့်ပြီလို့ ထင်ပါတယ်။ လုံးဝရုပ်သိမ်း တာ မဟုတ်ရင်တောင်မှ လျော့ချတာမျိုးလုပ်လို့ ရပါတယ်။ အဲလိုလုပ်တာကို ကျွန်မအားပေးမှာပါ။ ကျွန်မတို့ ပြည်သူတွေကို သူတို့လုပ်နိုင်တာပြဖို့ အခွင့်အရေးပေးရမယ့် အချိန်ရောက်ပြီလို့ ထင်ပါတယ်''ဟု အင်တာဗျူးတွင် တိုက်တွန်းပြောကြားခဲ့သည်။
စက်တင်ဘာလအတွင်းက နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာတွင် မိမိတို့ NLD  အပါအ၀င် ပါတီအဖွဲ့အစည်းများ၏ စာရင်းရှိ နိုင်ငံရေးသမားများ လွတ်မြောက်လာခြင်းမရှိကြောင်းနှင့် အမြန်ဆုံး လွတ်မြောက်ရန်ထင်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရမှုများနှင့် ပိတ်ဆို့မှုများသည် ပုဂ္ဂိုလ်ရေးအရ လုပ်ဆောင်ခြင်းဟု မယူဆကြောင်း၊ စစ်ဗိုလ်များကို သဘောကျကြောင်းနှင့် ဖခင်တည်ထောင်ခဲ့သော စစ်တပ်ဖြစ်သောကြောင့် လုပ်ရပ်များကို သဘောမကျလျှင်ပင် မေတ္တာရှိကြောင်း စစ်တပ်အပေါ်ထားသည့် သူမ၏သဘောထား ကို ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများသည် ပြည်သူများမပါဝင်ခဲ့လျှင် ဖြစ်နိုင်မည်မဟုတ်ကြောင်း၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲအပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မည်မျှအနိုင်ရရှိမည်ကို ပြောရန်စောသေးကြောင်းနှင့် လာမည့်ရွေးကောက်ပွဲမတိုင်မီ တကယ့်ဒီမိုကရေစီ တည်ဆောက်ရေးကသာ ပိုမိုအရေးကြီးပြီး လုပ်ဆောင်ချက်များကသာ ၂၀၁၅ ခုနှစ်အတွက် ဆုံးဖြတ်ပေး သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ကွဲကွာနေသော သားကြီးနှင့် ၎င်းတို့အကြား ဆက်ဆံရေးနှင့်ပတ်သက်၍ အင်တာဗျူးတွင် ''ကျွန်မသားနဲ့ ကျွန်မ မစိမ်းပါဘူး။ အချင်းချင်း နှစ်ပေါင်းများစွာ မတွေ့ကြတဲ့လူတွေကို ဒီလိုပဲပြောချင်ကြမယ်လို့ ထင်ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံသို့ လာရောက်ရင်း နှီးမြှုပ်နှံမည့်သူများသည် ၎င်းတို့အတွက်အပြင် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်းကိုလည်း ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ဖြေလျော့မှုကို မိမိအနေဖြင့် အလေးအနက်ထောက်ခံ ပါကြောင်းနှင့် ပိတ်ဆို့မှုများ အဆုံးသတ်ရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရင်ကလင်တန်နှင့် တွေ့ဆုံပြီး နောက်ပိုင်းတွင်လည်း ပြောကြားခဲ့သည်။
ထို့အတူ အမေရိကန်ပြည်ထောင်စုသမ္မတ အိုဘားမားကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်မှုကို အမေရိကန်အနေဖြင့် ကူညီမည်ဖြစ်ကြောင်းလည်း ပြောကြားထားပါသည်။
အမေရိကန်အပါအ၀င် အနောက်ဥပရောပသမဂ္ဂနိုင်ငံများမှ ၁၉၉၅ ခုနှစ်နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဧပြီလမှစ၍ ပြန်လည်ဖြေလျော့မှုများ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်အကြီးအကဲတစ်ဦး၏ နှစ်ပေါင်း ၄၆ နှစ်အတွင်း ပထမဆုံးခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုသို့ သမ္မတဦးသိန်းစိန် သွားရောက်၊ သမိုင်းတွင်ထူးခြားသည့် ခရီးစဉ်အဖြစ် နိုင်ငံတကာမီဒီယာများ ဖော်ပြနေကြ

 
 အမေရိကန်ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြစဉ် Photo:BBC

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ ၂၄ ရက်နေ့က စတင် ထွက်ခွာသွားခဲ့ပြီး ယခုခရီးစဉ်မှာ နိုင်ငံတော်အကြီးအကဲတစ်ဦးအနေဖြင့် နှစ်ပေါင်း ၄၆ နှစ်အတွင်း အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံးသွားရောက်မှု ဖြစ်ခဲ့ပါသည်။ ၁၉၆၆ ခုနှစ်တွင် ထိုစဉ်က ၀န်ကြီးချုပ် ဦးနေ၀င်းမှာ အမေရိကန်သို့ သွားရောက်ခဲ့ပြီး ယင်းနောက်တွင် ယခုနိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်မှာ နှစ်ပေါင်း ၄၆ နှစ်ကြာပြီးနောက် တရားဝင်သွားရောက်ရသော နိုင်ငံတော်အကြီးအကဲတစ်ဦး၏ ခရီးစဉ်လည်း ဖြစ်ခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ တွင်ကျင်းပမည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ရန် သွားရောက်ခဲ့ခြင်း လည်းဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံတွင် စက်တင်ဘာလ ၂၇ ရက်နေ့၌ မိန့်ခွန်းပြောကြားမည်ဖြစ် သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် အမေရိကန်အစိုးရ တာဝန်ရှိသူများ၊ နိုင်ငံတကာမှ ခေါင်းဆောင် များ၊ ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် နယူးယောက်မြို့ရှိ Asia Society တွင်လည်း စက်တင် ဘာလ ၂၇ ရက်နေ့၌ မိန့်ခွန်းပြောကြားရန် စီစဉ်ထားသည်။
နိုင်ငံတကာမီဒီယာများကမူ နိုင်ငံတော်သမ္မတ၏ အမေရိကန်ခရီးစဉ်မှာ သမိုင်းတွင်ထူးခြားသည့် ခရီးစဉ် တစ်ခုအဖြစ် ဖော်ပြနေကြပြီး မြန်မာနိုင်ငံအတွက် ရလဒ်ကောင်းများကို သမ္မတအနေဖြင့် ရယူပေးနိုင်လိမ့် မည်ဟု သုံးသပ်မှုများလည်း ရှိနေပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန်ခရီးစဉ်အတွင်း စက်တင်ဘာလ ၂၅ ရက်နေ့က (ဒေသစံတော်ချိန်) ဒေါ်အောင်ဆန်းစုကြည်နှင့် တည်းခိုရာ The Mark ဟိုတယ်တွင် ၁၅ မိနစ်ကြာ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။
လက်ရှိတွင် မြန်မာလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၁၇ ရက်ကြာမြင့်မည့် အမေရိကခရီးစဉ်အရ အမေရိကန်ပြည်ထောင်စုတွင် ရှိနေပြီး မြန်မာနိုင်ငံသို့ အောက်တိုဘာလ ၃ ရက်နေ့ တွင် ပြန်လည်ထွက်ခွာလာရန် စီစဉ်ထားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ အဖွဲ့ဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေး၊ ဦးစိုးသိန်း၊ ဦးခင်ရီ၊ ဒုတိယ၀န်ကြီးဒေါက်တာဝင်းမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါသွားကြပြီး အဖွဲ့ဝင်ဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် နယူးယောက်မြို့သို့ ကြိုတင်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

အမေရိကန်ရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲတွင် မြန်မာ့လူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြည်ပရောက်ရိုဟင်ဂျာဟု အမည်ခံထားသူ ဘင်္ဂါလီများက နိုင်ငံရေးအရ ဖိအားပေးကာ ၀ိုင်းဝန်းကန့်ကွက် ဆန္ဒပြ

 
 နယူးယောက်ရှိ Queen College တွင် မြန်မာမိသားစုများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေစဉ် ပြည်ပရောက် ရိုဟင်ဂျာအမည်ခံများက ကန့်ကွက် ဆန္ဒပြနေကြစဉ် Photo:CJ

အမေရိကန်နိုင်ငံရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာလူထုနှင့် ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြည်ပရောက် ရိုဟင်ဂျာများဟု အမည်ခံထားသူများက နိုင် ငံရေးအရ ဖိအားပေးဆန္ဒပြ ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြကြောင်း သိရသည်။
အမေရိကန်ရောက် မြန်မာမိသားစုများနှင့် မြန်မာလူထုနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံပွဲကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ Queens College တွင် စက်တင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ College ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ပြည်ပရောက် ရိုဟင်ဂျာဟု အမည်ခံထားသူများက ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။
အဆိုပါဆန္ဒပြသူများမှာ လူဦးရေအားဖြင့် ၂၀ ကျော်သာရှိပြီး ဦးဆောင်သူမှာ ရခိုင်ပြည်နယ်မောင်တောမှ မလေးရှားရှိ ဒုက္ခသည်စခန်းတစ်ခုသို့ ရောက်ရှိကာ ထိုမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိ လာသည့် ဘင်္ဂါလီတစ်ဦးဖြစ်ကြောင်းနှင့် ဆန္ဒပြသူများထဲတွင် မြန်မာစကားပြောတတ်သူ အနည်းငယ်သာ ပါပြီး ကျန်သူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ကြောင်း နယူးယောက်မြို့ရှိ မြန်မာလူမျိုးများ က ပြောကြားခဲ့သည်။
ဆန္ဒပြရသည့်ရည်ရွယ်ချက်မှာ ၎င်းတို့နှင့်ပတ်သက်၍ လူ့အခွင့်အရေးချိုးဖောက်ခံရမှုကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဘာမှမပြောဘဲနေ၍ဖြစ်ကြောင်း နယူးယောက်မြို့ ရှိ မြန်မာလူမျိုးများက ပြောကြားခဲ့သည်။

အာဆီယံအမျိုးသမီးပြိုင်ပွဲဗိုလ်လုပွဲ၌ အိမ်ရှင်ဗီယက်နမ်ကို ရှုံးနိမ့်ခဲ့သော်လည်း မြန်မာအသင်းကို ကျပ်သိန်း(၁၅၀) MFF ချီးမြှင့်

thn_b_04
အိမ်ရှင်ဗီယက်နမ်အသင်းအား ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ၀မ်းနည်းကြေကွဲနေသည့် မြန်မာအမျိုးသမီးအသင်း
အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) က ကြီးမှူး၍ ၂၀၁၂ အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘော လုံးပြိုင်ပွဲဗိုလ်လုပွဲကို ပြီးခဲ့သည့်စက်တင်ဘာလ (၂၂) ရက်က ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာအမျိုးသမီးအသင်းမှာ အိမ်ရှင်ဗီယက်နမ်အသင်းကို အချိန်ပိုအထိဂိုးမရှိ သရေကျနေ၍ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ (၃-၄) ဂိုးဖြင့်ရှုံးနိမ့်ပြီး ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ ရကြောင်းသိရသည်။
ယင်းကဲ့သို့ အိမ်ရှင်ဗီယက်နမ်အသင်းကိုရှုံးနိမ့်ခဲ့ရသော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က မြန်မာအမျိုးသမီးအသင်းကိုဆုကြေး ငွေကျပ်သိန်း(၁၅၀) ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ယင်းအသင်းကို လာမည့် ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရည်ရွယ်၍ဆက်လက်စခန်းသွင်း လေ့ ကျင့်သွားမည်ဖြစ်ပြီး မြန်မာအမျိုးသမီးကစားသမားများ၏ လက်ရှိရရှိနေသော တစ်ဦးချင်းလစာငွေများကို လည်း တိုးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ MFF သည်လက်ရှိအချိန်၌ မြန်မာအမျိုးသမီးကစား သမားများကို တစ်ဦးလျှင် လစာငွေကျပ် (၃) သိန်းစီပေးအပ်နေရာမှ ယခုအခါတစ်ဦးလျှင် လစာငွေကျပ် (၅)သိန်းစီတိုးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်လုပွဲတွင် ပွဲကစားချိန်(၁၁)မိနစ်၌ မြန်မာအသင်းအတွက်အားထားရသည့် ကွင်းလယ်လူစန်းစန်းမော် ဒဏ်ရာရရှိသွားခဲ့ပြီး ၀ါရင့်ကွင်းလယ်ကစားသမားပင်ဖြစ်သည့် သန်းသန်းထွေးမှာလည်း (၂) ၀ါ၊ (၁)နီဖြင့်ထုတ်ပယ်ခံခဲ့ရသည်။
မြန်မာအသင်းနှင့် အိမ်ရှင်ဗီယက်နမ်အသင်းတို့ ပယ်နယ်တီ အဆုံးအဖြတ်ခံယူရာတွင် မြန်မာမှ မြင့်မြင့်အေး၊ ဖူးပွင့်ခိုင်နှင့် နီလာမြင့်တို့ ဂိုးဝင်ခဲ့ပြီး ခင်မိုးဝေနှင့် ခင်မာလာထွန်းတို့၏ ကန်သွင်းချက်များမှာ လွဲချော် ခဲ့သောကြောင့် ရှုံးနိမ့်ခဲ့ရခြင်းလည်းဖြစ်သည်။ ယခုပြိုင်ပွဲ၌ ဗီယက်နမ်အသင်း ဗိုလ်စွဲသွားခဲ့သောကြောင့် ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် မြန်မာအသင်းနှင့် အောင်မြင်မှုစံချိန်တူညီသွားခဲ့ပြီး မြန်မာအသင်းက (၂၀၀၄၊ ၂၀၀၇)၊ ဗီယက်နမ်အသင်းက (၂၀၀၆၊ ၂၀၁၂) ပြိုင်ပွဲတို့တွင် ဗိုလ်စွဲထားခဲ့ကြောင်းသိရသည်။

Ref: Eleven Media Group

Monday, September 24, 2012

လက်ငင်း၊ အရစ်ကျ၊ ဘဏ်ချေးငွေစနစ်များဖြင့် အိမ်စီးကားအပြင် လုပ်ငန်းသုံးကားမျိုးစုံ၊ ဘတ်စ်ကားနှင့် ယန္တရားများအထိရောင်းချမည့် "မဟာကားပြပွဲ" သုံးပွဲဆက်တိုက်


 IMG_0556
အိမ်စီးကားအပြင် လုပ်ငန်းသုံးကား၊ ဘတ်စ်ကားများမှစ၍ ယန္တရားများအထိ ပါဝင်ရောင်းချမည့် "မဟာကားပြပွဲ" သုံးပွဲဆက်တိုက်ကို ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြခန်းပေါင်း ၁၄၀၀ ကျော်အထိ ပါဝင်ပြသရောင်းချမည်ဖြစ်ပြီး လက်ငင်း၊ အရစ်ကျ၊ ဘဏ်ချေးငွေစနစ် များဖြင့် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဦးဝိစာရလမ်းရှိ မိုင်ဒါကွင်း (မြို့မကွင်း) တွင် ပြခန်းပေါင်း ၆၀၀ ကျော်ဖြင့် ပထမဆုံးပြပွဲအား စတင်မည်ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၁၅ ရက်မှ ၁၈ ရက် အထိ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ပြခန်းပေါင်း ၄၀၀ ကျော် ဖြင့်လည်းကောင်း၊ ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ပြခန်းပေါင်း ၄၀၀ ကျော် ဖြင့်လည်းကောင်း သုံးပွဲဆက်တိုက် ကျင်းပသွားမည်ဟု သိရှိရသည်။
ပြပွဲတွင် အိမ်စီးကားမျိုးစုံ၊ လုပ်ငန်းသုံးကားမျိုးစုံ၊ ဘတ်စ်ကား၊ ယန္တရားနှင့် လုပ်ငန်းသုံးယာဉ်ကြီးများ ကို ရောင်းချမည်ဖြစ်ပြီး ဆက်စပ်ပစ္စည်းများဖြစ်သည့် ကားဘက်ထရီ၊ ကားတာယာ၊ စက်ဆီချောဆီအမျိုး မျိုး၊ အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းများပါ ထည့်သွင်းရောင်းချမည်ဟု သိရသည်။
အမေရိကန်၊ ဥရောပ၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ကားများအား အဓိကပြသ ရောင်းချမည်ဟု သိရသည်။
"Mega Car Expo ခေါင်းစဉ် နဲ့ သုံးပွဲလုပ်မှာ။ လက်ငင်း၊ အရစ်ကျနဲ့ ဘဏ်ချေးငွေစနစ် သုံးမျိုးစလုံးနဲ့ရောင်း မယ့် ကုမ္ပဏီတွေပါတယ်။ ကျပ်သိန်း ၁၀၀ ၀န်းကျင်ကားတွေလည်း အများအပြား ရောင်းကြမှာပါ" ဟု ပြပွဲ ကျင်းပရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပါဝင်ပြသလိုသူများအနေဖြင့် ပြပွဲဦးဆောင်ကျင်းပသည့် Smart Business Group ဖြင့် ဆက်သွယ်နိုင်ပြီး ပြ ခန်းငှားရမ်းခမှာ တစ်ခန်းလျှင် အနည်းဆုံး ကျပ် ၄ သိန်းခွဲမှ ကျပ် ၈ သိန်းခွဲအထိ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

လေးထပ်နှင့်အထက်အဆောက်အအုံများတွင် ကားပါကင် ပါဝင်ရမည်ဆိုခြင်းကြောင့် သုံးထပ်ခွဲအဆောက်အအုံများ ဆောက်လုပ်မည်ဟု တင်ပြကာ ငါးထပ်အဆောက်အအုံအဖြစ် ဆောက်လုပ်မှုပိုမိုများပြားလာ

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) မှလေးထပ်နှင့် အထက် အဆောက်အအုံများတွင် ကားပါကင် ပါဝင်ရမည်ဟု ဇန်န၀ါရီလအတွင်း ထုတ်ပြန်ပြီးနောက် ကန်ထရိုက်တာများအနေဖြင့် သုံးထပ်ခွဲ အဆောက်အအုံများကိုသာ တင်ပြ၍ ငါးထပ်အဆောက်အအုံဖြစ်အောင်ဆောက်လုပ်လာသဖြင့် ရန်ကုန် မြို့၏ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းရန် လေးထပ်နှင့် အထက်အဆောက်အအုံများတွင် ကားပါကင် ထည့်သွင်းရမည်ဆိုသော ထုတ်ပြန်ချက်မှာမေးခွန်းထုတ်စရာဖြစ်လာကြောင်း ဆောက် လုပ်ရေးလောကအတွင်းမှ ပညာရှင်များကသုံးသပ်ပြောကြားသည်။
''လုပ်ငန်းရှင်ကတော့ ဘယ်အရှုံးခံပြီး အတိအကျ လိုက်နာပါ့မလည်း၊ လေးထပ်အထက်အဆောက်အအုံ မှာကားပါကင် ပါရမယ်ဆိုတော့ သုံးထပ်ခွဲပဲဆောက်မယ်လို့ YCDC မှာ တင်ပြပြီး မြေညီထပ်မှာ ထပ်ခိုး တင်ပြီး အပေါ်ထပ်မှာပါ အပေါက်ဖောက်လိုက်တယ်၊ ပြီးတော့ အပေါ်ထပ်မှာတင်တဲ့ တစ်ဝက်ခွဲအခန်းက လည်းပစ္စည်းထားဖို့ဆိုပေမဲ့ လူနေလို့ရအောင်ဆောက်လိုက်တော့ ငါးထပ်စာရောင်းလို့ရသွားတယ်'' ဟုရေသန့် နှင့်အဆောက်အအုံပညာရှင်တစ်ဦး ကသုံးသပ်ပြောကြားသည်။
ထိုကဲ့သို့ သုံးထပ်ခွဲအဆောက်အအုံအား ငါးထပ်အဆောက်အအုံ အဖြစ်ဆောက်လုပ်လာခြင်းမှာ ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းနိုင်ရန်အတွက် လေးထပ်နှင့် အထက်အဆောက် အအုံများ တွင်ကားပါကင်ထည့်သွင်းရမည်ဟု ဆိုခဲ့ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အနေဖြင့် ခြောက်ထပ်ဆောက်လုပ်မည်ဆိုပါက မြေညီထပ်အားကားပါကင်အဖြစ် ထည့်သွင်းရမည်ဖြစ် သည့်အတွက် မြေနေရာ အနေအထားပေါ်လိုက်၍ ကျပ်သိန်း ၂၀၀၀ ခန့် မှ ကျပ်သိန်း တစ်သောင်း ခန့်အထိနစ်နာဖွယ် ရှိသဖြင့် ကားပါကင် ပါဝင်ခွင့်ကင်းလွတ်ခွင့်ရသည့် သုံးထပ်ခွဲအဆောက်အအုံကို သာတင်ပြ၍ ၅ ထပ်အဆောက်အအုံ အဖြစ်ဆောက်လုပ်ခြင်းဖြစ်ကြောင်း တောင်ဥက္ကလာပမြို့နယ် အခြေ စိုက်ဆောက်လုပ်ရေးလုပ်ငန်းမှ မန်နေဂျာတစ်ဦးက သုံးသပ်ပြောကြားသည်။
''ရန်ကုန်မြို့ရဲ့ မြေညီထပ်တန်ဖိုးက မြို့နယ်လိုက်ပြီး ကျပ်သိန်း ၅၀၀ ကနေ ကျပ်သိန်း ၅၀၀၀ လောက် အထိရှိတော့ ဘယ်ဆောက်လုပ်ရေးလုပ်ငန်းရှင်မှ မြေညီထပ်ကို ကားပါကင်မပေးချင်ဘူးလေ။ မြေအောက် ထပ်မှာ ကားပါကင်ထည့်ဖို့ ဆိုတာကလည်း ၂၅ ပေ၊ ပေ ၅၀အဆောက်အအုံကို ကားပါကင်ထည့်ဖို့က လက်ရှိသုံးနေတဲ့ပိုင်တွေအရ ဘယ်လိုမှမလွယ်ဘူး။ ဒီတော့ သတ်မှတ်ချက်လည်းလွတ်အောင်၊ အမြတ် လည်းကျန်အောင် သုံးထပ်ခွဲပဲဆောက်မယ်လို့ တင်ပြပြီး ငါးထပ်ရအောင်ဆောက်ကြတာပေါ့'' ဟု တောင် ဥက္ကလာပမြို့နယ်အခြေစိုက် ဆောက်လုပ်ရေးလုပ်ငန်းမှမန်နေဂျာတစ်ဦးက ရှင်းလင်းပြောကြားသည်။
လေးထပ်နှင့် အထက်အဆောက်အအုံများတွင် ကားပါကင်ပါဝင်ရမည်ဆိုသည့် ထုတ်ပြန်ချက်မှာ ရန်ကုန်မြို့တွင် လက်ရှိဆောက်လုပ်နေသည့် အဆောက်အအုံများ၏ မြေကွက်အနေအထားအရဖြစ်နိုင်မှု မရှိသည့်အတွက် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှ YCDC သို့ တင်ပြခဲ့သဖြင့် ဇန်န၀ါရီလတွင် ထုတ်ပြန်သည့် ကားပါကင်ပါဝင်ရမည်ဆိုသောညွှန်ကြားချက်အား မတ်လ အတွင်း ပြန်လည်ပယ်ဖျက်ကြောင်း ကြေငြာခဲ့သော်လည်း နေပြည်တော်မှ ညွှန်ကြားချက်အရဟုဆိုကာ ကားပါကင် ထည့်သွင်းရမည်ဆိုသောသတ်မှတ်ချက်အား ပြန်လည်ထုတ်ပြန်ခဲ့ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ သိရှိရပါသည်။
 ကားပါကင် ပါဝင်ရမည်ဆိုသောထုတ်ပြန်ချက်ကြောင့် ကန်ထရိုက်တာနှင့် မြေရှင်များအကြားတွင် ပြဿ နာဖြစ်ပွားနေပြီး ကန်ထရိုက်တာ အများစုမှာခြောက်ထပ် အဆောက်အအုံ ဆောက်လုပ်ရေးနှင့်ပတ်သတ်၍ ရပ်ဆိုင်းထားရမှုများရှိနေပြီး YCDC သို့တင်ပြသောခြောက်ထပ်အဆောက်အအုံ ဆောက်လုပ်ခွင့်လိုင်စင် များမှာလည်း ယခင်ထက် ၇၀ရာခိုင်နှုန်း လျော့ကျသွားသည့်အတွက် ဆောက်လုပ်ရေး လုပ်သားအများစု မှာလည်း အလုပ်လက်မဲ့ဖြစ်ပေါ်နေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၏ ပြောကြားချက်အရသိရှိရပါ သည်။

စင်ကာပူအခြေစိုက် WPG ဟိုတယ်အုပ်စုက နေပြည်တော်တွင် ဟိုတယ်လေးလုံးဆောက်ရန် စင်ကာပူနိုင်ငံတွင်ရှယ်ယာခေါ်ယူနေ

စင်ကာပူအခြေစိုက် WPG Hotel Group Pte Ltd အုပ်စုက  မြန်မာနိုင်ငံ နေပြည်တော်တွင် ဟိုတယ်လေး လုံးဆောက်ရန် စင်ကာပူနိုင်ငံတွင် အစုရှယ်ယာခေါ်ယူနေကြောင်း စင်ကာပူရောက်မြန်မာအသိုင်းအ၀ိုင်းနှင့် WPG ဟိုတယ်အုပ်စု၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သတင်းရရှိ ပါသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် ဟိုတယ်စီမံကိန်းများတွင် ရှယ်ယာထည့်ဝင်မြှုပ်နှံနိုင်ရန် ဖိတ်ခေါ် သည့် ဟောပြောပွဲတစ်ခုကို စက်တင်ဘာလ ၉ရက်နေ့က စင်ကာပူနိုင်ငံ Marina Bay Sands တွင် ပြု လုပ်ခဲ့ပြီး WPG ဟိုတယ်အုပ်စု Mr. Keane Lee တက်ရောက်ရှင်းလင်း ပြောကြားခဲ့ကြောင်း  သိရပါသည်။
အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်း အရာရှိကြီး တစ်ဦးကလည်း WPG  ဟိုတယ်အုပ်စုသည် မြန်မာနိုင်ငံ၊ နေပြည်တော်တွင် ဟိုတယ်များ ရင်းနှီးမြှုပ်နှံရန် အတွက် လက်ရှိအချိန်အထိ လာရောက်လျောက်ထားခြင်းမရှိသေးကြောင်း စက်တင်ဘာ ၂၄ ရက်နေ့ က ပြန်လည်ပြောဆိုခဲ့ပါသည်။
နေပြည်တော်တွင် ဟိုတယ်စီမံကိန်းများဆောင်ရွက်မည့်အပေါ်တွင် ဟိုတယ်အုပ်စုဥက္ကဋ္ဌ Mr. Keane Lee က ''နေပြည်တော်က မြန်မာနိုင်ငံရဲ့မြို့တော်သစ်ဖြစ်သလို အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ကမ္ဘာ့ စီးပွားရေးဖိုရမ်နဲ့ အာဆီယံအစည်းအဝေးတွေကျင်းပမှာဖြစ်တဲ့အတွက် ဟိုတယ်တွေအတွက် အလားအ လာကောင်းတွေအများကြီးရှိတယ်'' ဟုဟောပြောပွဲတွင်ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရပါသည်။ စက်တင်ဘာ ၉ ရက်နေ့တွင် WPG အုပ်စုဝင် WPG Holding ကလည်းဟိုတယ်စီမံကိန်းနှင့် အခြားလုပ်ငန်းများအတွက် ရှယ်ယာထည့်ဝင်ရမည့်နည်းလမ်း၊ စီးပွားရေးအလားအလာများ၊ စတော့ ရှယ်ယာ ရောင်းဝယ်ရမည့်နည်းပညာများ၊ စနစ်များကို အဓိကရှင်းလင်း ပြောကြားခဲ့ကြောင်း အဆို ပါ ဟောပြောပွဲသို့တက်ရောက်ခဲ့သော မြန်မာနိုင်ငံသားများထံမှ သိရပါသည်။
နေပြည်တော်တွင်တည်ဆောက်မည့် WPG ဟိုတယ်အုပ်စု၏ လျာထားစီမံကိန်းလေးခုမှာ Raffles နေပြည်တော်ဟိုတယ်၊ Imperial  နေပြည်တော်ဟိုတယ်၊ Royal Peace ဟိုတယ်နှင့် ကျန်တစ်လုံးမှာ အမည်မသတ်မှတ်ရသေးကြောင်း  WPG ဟိုတယ်အုပ်စုထံမှ သတင်းရရှိပါသည်။ WPG ဟိုတယ်အုပ်စု သည်  စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ အမေရိကန်နိုင်ငံတို့တွင် ဟိုတယ်လုပ်ငန်းများ၊ ကွန်ဒိုမီနီယံများ၊ ဟိုတယ်နှင့် အိမ်ခြံမြေစီမံခန့်ခွဲမှု လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းနှင့် WPG ၏ အဆိုပါရှယ် ယာခေါ်ယူမှုကို စင်ကာပူနိုင်ငံသားများ၊ ပြည်ပရင်းနှီးမြှုပ်နှံသူများနှင့် စင်ကာပူရောက်မြန်မာအချို့ကပါ  ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ဝင်စားနေကြကြောင်း စင်ကာပူတွင် သွားရောက်အလုပ်လုပ်ကိုင်နေ သည့် မြန်မာများထံမှ သိရပါသည်။

အင်္ဂလန်လက်ရွေးစင်အသင်းနှင့် မန်စီးတီးအသင်း နည်းပြဟောင်း အဲရစ်ဆင် ရန်ကုန်မြို့သို့ ရောက်ရှိ

စက်တင်ဘာလ ၂၄ ရက်နေ့၊ ရန်ကုန်မြို့။
 
 ecrisson1
 အဲရစ်ဆင်သို့ ရန်ကုန်မြို့သို့ ရောက်ရှိလာစဉ် (photo: YUFC)
အင်္ဂလန်လက်ရွေးစင်အသင်းနှင့် မန်စီးတီးအသင်း နည်းပြဟောင်း အဲရစ်ဆင် သည် ယနေ့ (စက်တင်ဘာလ ၂၄ရက်နေ့) မွန်းလွဲပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိ လာခဲ့ကြောင်း သိရသည်။
အဲရစ်ဆင်သည် ထိုင်းပရီးမီးယားလိဂ်ကလပ် ဘီအီးစီတယ်ရိုဆက်ဆနာအသင်း၏ နည်းစနစ်ဒါရိုက်တာ အဖြစ် တာဝန်ထမ်းနေသူဖြစ်ပြီး ရန်ကုန်မြို့သို့ရောက်ရှိစဉ်အတွင်း ရန်ကုန်ယူနိုက်တက်အသင်း လေ့ ကျင့်ရေးကွင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းသားများ၏ လေ့ကျင့်မှုကို ကြည့်ရှုခဲ့ကြောင်းသိရသည်။
ရန်ကုန်အသင်းရဲ့ မီဒီယာတာဝန်ခံ ကိုထွန်းထွန်းဝင်းက "အဲရစ်ဆင်ဟာ ယနေ့ နေ့လည်ပိုင်းက ရောက် လာပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းရဲ့ ဖိတ်ကြားချက်အရ ရောက်ရှိလာတာပါ။ ညနေ ၄း၃၀ လောက် မှာ ရန်ကုန်ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးကွင်းဖြစ်တဲ့ YUFC ကွင်းကို လာရောက်လေ့လာခဲ့ပါတယ်။ မနက်ဖြန်မှာ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။ ခရီးစဉ်အတွင်းမှာ ရန်ကုန်ယူနိုက်တက်အသင်း တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံးဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။ အဲရစ်ဆင်သည် မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခဲ့ခြင်းဖြစ်ပါသည်။
အဲရစ်ဆင်သည် ဘင်ဖီကာ၊ ဖီအိုရင်တီးနား၊ ရိုးမား၊ လာဇီယို၊ မန်စီးတီး တို့အပြင် အင်္ဂလန်၊ မက္ကဆီနှင့် အိုင်ဗရီကို့စ် အစရှိသော နိုင်ငံလက်ရွေးစင်အသင်းများ၏ နည်းပြအဖြစ်လည်း တာဝန် ယူခဲ့ဖူးပြီး လက်ရှိ အချိန်တွင် အဲရစ်ဆင်သည် ထိုင်းပရီးမီးယားလိဂ်ကလပ် ဘီအီးစီတယ်ရိုဆက်ဆနာ အသင်းတွင် နည်းစနစ် ဒါရိုက်တာအဖြစ် ယခုနှစ် သြဂုတ်လကတည်းက တာဝန်ထမ်းလျက် ရှိကြောင်း သိရှိရပါသည်။
အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်းပြဟောင်း အဲရစ်ဆင် မြန်မာနိုင်ငံသို့ မလာရောက်မီ စက်တင်ဘာလ ၁၈ ရက်နေ့က အင်္ဂလန်လက်ရွေးစင်ဟောင်းနှင့် လီဗာပူးလ်ကစားသမားဟောင်း ဂျွန်ဘန်းစ်သည် ရန်ကုန် မြို့သို့ ၃ ရက်ကြာခရီးအဖြစ်လာရောက်ခဲ့သည်။ ခရီးစဉ်အတွင်း မြန်မာ ယူ-၁၂ ကစားသမားများအား လေ့ ကျင့်ပေးမှုများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ၂၃ဦးနှုန်း အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရဟုဆို

မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ၂၃ ဦးခန့် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရကြောင်း ကျန်းမာရေး ဦးစီးဌာန၊ UNAIDS ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းတွက်ချက်ထားသည့် ''HIV Estimates and Projections Asian Epidemiological Model Myanmar 2010-2015''တွင် ဖော်ပြထားချက်များအရ သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ ခန့်မှန်းဦးရေ နှစ်သိန်းဝန်းကျင်ခန့် ရှိနေပြီး ပိုးရှိသူများအနက်မှ လူဦးရေ တစ်သိန်းနှစ်သောင်းကျော်မှာ အေအာတီဆေးဝါး လိုအပ်နေသူ များဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ်၊ ဇွန်လအထိ ရရှိထားသည့် စာရင်းများအရ ဆေးဝါးလိုအပ်သူများအနက် လူဦးရေ ၄၄၆၆၁ ဦးကို အေအာတီ ဆေးဝါးပေးနိုင်ခဲ့ပြီး ကျန်ရှစ်သောင်းကျော်မှာ အေအာတီဆေးဝါးရရှိရန် လိုအပ်နေသူများဖြစ်ကြောင်း သိရသည်။
''လက်ရှိ အေအာတီဆေးလိုအပ်နေပြီး မရသေးတဲ့သူက ၆၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ဒီနှစ်ကုန်ဆို ရင်တော့ အခုရနေတဲ့လူဦးရေထက် တစ်သောင်းကျော်လောက်တိုးပြီး ပေးနိုင်မယ်လို့ ခန့်မှန်းထားပါ တယ်။ နောက်ပြီး ဆေးလိုအပ်နေတဲ့ သူတွေဆေးရဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ Global Fund နဲ့ အမေရိကန်ပြည်သူတွေက ပံ့ပိုးပေးနိုင်ဖို့ စီစဉ်နေပြီး ရန်ပုံငွေတွေရလာရင် ဒီလူတွေအတွက် ဆေးတွေ ရလာမှာပါ။ မြန်မာမှာ ပိုးကူးစက်ခံရနှုန်းက တစ်ရက်ကို ၂၃ယောက်နှုန်း ကူးစက်ခံနေရပြီး လူဦးရေ ၅၀ ၀န်းကျင်လောက် သေဆုံးနေတယ်လို့ ခန့်မှန်းထားကြပါတယ်။ သေဆုံးတဲ့နှုန်းက ကူးစက်ခံရတဲ့နှုန်းထက် ပိုနေတာကို တွေ့ရပါတယ်'' ဟု Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေး မှူး ဒေါက်တာစစ်နိုင်က ပြောပြခဲ့သည်။
လက်ရှိ ပြင်ပဆေးခန်းများတွင်  အေအာတီဆေး ၀ယ်သောက်နေသူဦးရေ တစ်သောင်းနှင့် နှစ်သောင်းကြား ရှိမည်ဟုလည်း ခန့်မှန်းထားကြကြောင်းနှင့် အေအာတီဆေးအတွက် တစ်ဦးလျှင် တစ်လကုန်ကျစရိတ်မှာ အနည်းဆုံး ကျပ်နှစ်သောင်းကျော်မှ သုံးသောင်းကြားရှိကြောင်း သိရသည်။
ထို့အပြင် စက်တင်ဘာလ ၆ ရက်နေ့က အမေရိကန်သံအမတ်ကြီး Eric Goosby နှင့် အဖွဲ့သည် HIV  နှင့်ပတ်သက်၍ တုံ့ပြန်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လိုအပ်ချက်များ ဦးစားပေးဆောင်ရွက်ပေးရမည့် ကိစ္စရပ်များအား ပူးပေါင်းလုပ်ဆောင်နိုင်ရန်  မြန်မာနိုင်ငံသို့ လာရောက်ခဲ့ကြောင်း အမေရိကန်အခြေစိုက် ၀က်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြထားချက်များအရ သိရသည်။
Eric Goosby သည် ကမ္ဘာ့အကြီးဆုံး အိတ်ခ်ျအိုင်ဗွီဆိုင်ရာ ရန်ပုံငွေအဖွဲ့တစ်ခုဖြစ်သည့် PEPFAR အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊  မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာဖေသက်ခင်နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ HIV ဆိုင်ရာ လုပ်ငန်းများလုပ်ဆောင်ရန် လာရောက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအဖွဲ့အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဆိုင်ရာ အခြားတာဝန်ရှိ သူများနှင့် HIV နှင့်ပတ်သက်၍ လုပ်ငန်းများလုပ်ဆောင်နေသည့် လူမှုရေးအဖွဲ့အစည်းများနှင့်လည်း တွေ့ ဆုံခဲ့ကြောင်းလည်း သိရသည်။
ယင်းအဖွဲ့သည် အမေရိကန်ပြည်ထောင်စုမှ ရန်ပုံငွေအဖွဲ့တစ်ခုဖြစ်ပြီး ကမ္ဘာ့နေရာအနှံ့တွင် ဖြစ်ပွားနေသော HIV/AIDS ရောဂါအား တိုက်ဖျက်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းနှင့် ကမ္ဘာတစ်ဝန်းရှိ HIV/AIDS ရောဂါဝေ ဒနာ ခံစားနေရသူများအား အေအာတီဆေးဝါး ထောက်ပံ့မှုအများဆုံးပေးနေသည့် အဖွဲ့အစည်းတစ်ခု လည်းဖြစ်ကြောင်း သိရသည်။

Ref: Eleven Media Group

Sunday, September 23, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန်အတွက် စက်တင်ဘာလ ၂၄ ရက်နေ့(ယနေ့)တွင် အမေရိကန်နိုင်ငံသို့ သွားရောက်မည်

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက် ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာသွားပြီဖြစ်သည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက် ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ ၂၄ ရက် (ယနေ့) မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ခရီးထွက် ခွာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ သတင်းများအရ သိရှိရပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း အမေရိကန်အစိုးရ တာဝန်ရှိသူများ၊ နိုင်ငံတကာမှ ခေါင်းဆောင်များ၊ ထင်ရှားကျော်ကြား သည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း အဆိုပါဖော်ပြချက်အရ သိရှိရသည်။ ထိုသို့ တွေ့ဆုံရာ ၌ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်းပြီး ပြောကြားသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသော သမ္မတဦးသိန်းစိန် သည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ၀န်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်စဉ် ၂၀၀၉ ခုနှစ်က ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်ခဲ့ဖူးသည်။ ထိုစဉ်က မြန်မာ အစိုးရ ထိပ်တန်းအရာရှိများအား ဗီဇာပိတ်ပင်ထားမှုကြောင့် ကုလသမဂ္ဂရုံးချုပ်အနီးတ၀ိုက် ဧရိယာတွင်သာ သွားရောက်ခွင့်ရရှိခဲ့သည်။
သို့သော်လည်း ပြီးခဲ့သော ၂၀၁၂ခုနှစ်၊ သြဂုတ်လအတွင်းက အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်မှုအား အသိအမှတ်ပြုခဲ့ပြီး မြန်မာနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများအပေါ် ဗီဇာ ပိတ်ပင်ထားခြင်းအား ပယ်ဖျက်ပေးခဲ့သည်။ ထို့အပြင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနကလည်း သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အား အမေရိကန်တွင် စီးပွားရေလုပ်ကိုင်ခွင့်နှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်တားမြစ်ခံရသူများစာရင်းမှ စက်တင်ဘာလ၁၉ ရက်နေ့က ပယ်ဖျက်ပေးခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက 'ဘင်္ဂါလီ'ဆိုသည့် အသုံးအနှုန်းကို ဆက်လက်မသုံးစွဲရန် မေတ္တာရပ်ခံ

စက်တင်ဘာလ ၂၂ ရက်နေ့၊ နေပြည်တော်
နေပြည်တော်တွင် ကျင်းပခဲ့သော ရခိုင်အရေးကိစ္စ အလုပ်ရုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးက 'ဘင်္ဂါလီ'ဆိုသည့် အသုံးအနှုန်းကို ဆက်လက်မသုံးစွဲရန် မေတ္တာရပ်ခံခဲ့ပြီး အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ခိုးဝင်လာသူများဟု သုံးနှုန်းလိုပါက သုံးနှုန်းနိုင်ကြောင်း ပြောကြားခဲ့ သည်။
ယနေ့ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက မောင်တောမြို့နယ်တွင် ဒုက္ခသည်စခန်းမရှိကြောင်း ပြော ကြားခဲ့ပြီး ထိုသို့ပြောကြားချက်ကို အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသော ရခိုင်ဒေသခံများက မေးခွန်း ထုတ်ခဲ့ကြသည်ဟု ဆွေးနွေးပွဲသို့ တက်ရောက်နေသော 7Day News သတင်းထောက်က သတင်းပေးပို့ သည်။
ထိုဆွေးနွေးပွဲမှာပင် ရိုဟင်ဂျာကိုယ်စားလှယ်တစ်ဦးကလည်း ဘင်္ဂါလီဟု ခေါ်ဝေါ်ခြင်းမပြုဘဲ ရိုဟင်ဂျာဟု တရားဝင်သုံးနှုန်းစေလိုကြောင်း ပြောကြားခဲ့ပြီး ထိုပြောကြားချက်ကို ရခိုင်မှ ကိုယ်စားလှယ် ဦးသာပွင့် က နိုင်ငံတော်မှာ ရိုဟင်ဂျာဆိုသည်မှာ မရှိကြောင်း တရားဝင်ပြောကြားထားခြင်းနှင့် ဆန့်ကျင်နေသည့် အတွက် ပြန်လည်မေးခွန်းထုတ်ခဲ့ကြောင်းသိရသည်။
Ref: 7Day News Journal

 ရန်ကုန်မြို့ တစ်ပြေးညီဖွံ့ဖြိုးစေရန် မရမ်းကုန်းမြို့နယ် မင်းဓမ္မ၊ ဖွံ့ဖြိုးရေး စီမံကိန်းအပါအ၀င် ဒုတိယဗဟိုစီးပွားရေဇုန်ငါးခု တည်ဆောက်မည်

 မင်းဓမ္မဖွံ့ဖြိုးရေး စီမံကိန်း လျာထားပုံစံအကြမ်းအား တွေ့ရစဉ်
 ရန်ကုန်မြို့ကြီး တစ်ပြေးညီ ဖွံ့ဖြိုးစေရန် ဗဟိုစီးပွားရေးဇုန်များ ဖော်ထုတ်ရန် လိုအပ်နေကြောင်း ထောက်ပြ ထားပြီး ရန်ကုန်တိုင်းအတွင်း ဒုတိယဗဟိုစီးပွားရေးဇုန် (Secondary Central Business District) ငါးခုကို တည်ဆောက်သွားမည့်စီမံကိန်းများရှိနေသည်ဟု  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေး စီမံကိန်း Conceptual Plan တင်ပြချက်မှ သိရသည်။
ရန်ကုန်မြို့တော် လက်ရှိ CBD-Central Business District ၏ လူဦးရေသိပ်သည်းမှုမှာ တစ်စတုရန်း မိုင်လျှင် ကိုးသောင်းကျော်ရှိနေပြီး ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသူဦးရေမှာ နှစ်သန်းခန့် ရှိနေသည်ဟု သိရသည်။
အဆိုပါဦးရေ၏ ၄၀ ရာခိုင်နှုန်း (ရှစ်သိန်း) ခန့်မှာ CBD သို့ နေ့စဉ်သွားရောက်လုပ်ကိုင်နေရသဖြင့် လူဦးရေနှင့် ဆိုင်ခန်းသိပ်သည်းမှု၊ ယာဉ်သွားလာရေး ကျပ်တည်းမှုများ ကြုံတွေ့နေရခြင်းကို လျော့ချရန် ဒုတိယဗဟိုစီးပွားရေးဇုန်များ ပေါ်ပေါက်ရန်လိုအပ်လာသည်ဟု စီမံကိန်းတင်ပြချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာနေပြီဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရုံးခန်းလိုအပ်ချက်များ မြင့်မားလာနေ သည်ဟု စီးပွားရေးအသိုက်အ၀န်းမှ သိရသည်။ ရန်ကုန်မြို့တော်အတွင်း မြေအသုံးချမှုများတွင် ဗဟို စီးပွားရေးဇုန်များအတွက် အသုံးချမှုမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိနေသည်။
ဒုတိယဗဟိုစီးပွားရေးဇုန် စီမံကိန်းများကို မင်းဓမ္မလမ်းပေါ်ရှိ ၁၃၅ ဧကခန့် အကျယ်ရှိသည့် မင်းဓမ္မဖွံ့ဖြိုးရေး စီမံကိန်း၊ ဧက ၂၀ ခန့်ရှိ ၈ မိုင်လမ်းဆုံ မြိုင်ဟေ၀န်ဖွံ့ဖြိုးရေးစီမံကိန်း၊ ဂန္ဓမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့် ရှိ အကျယ်အ၀န်းဧက ၁၉ ဒသမ ၆ ဧကရှိ ဂန္ဓမာဖွံ့ဖြိုးရေးစီမံကိန်း၊ ၅၀ ဒသမ ၃ ဧကအကျယ် ရှိ ကျောက်ရေတွင်းဖွံ့ဖြိုးရေးစီမံကိန်း၊ ဧက ၈၀၀ ခန့် အကျယ်ရှိ ခရေဖွံ့ဖြိုးရေးစီမံကိန်းများရှိနေသည်ဟု အဆိုပါတင်ပြချက်အရ သိရသည်။
အဆိုပါ CBD များတွင် ကွန်ဒိုတိုက်ခန်းများ၊ ဟိုတယ်၊ ဈေးဝယ်စင်တာ၊ လျှပ်စစ်စင်တာ၊ ကျောင်း၊ အိမ်ရာများနှင့် ခန်းမပါရှိရန် စီစဉ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦး ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများမှ စိတ်ဝင်စားမှုများလည်း မြင့်မားလျက်ရှိပြီး အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်စသော နိုင်ငံများမှ လာရောက်လေ့လာမှုများ ရှိနေကြောင်းလည်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော်ဆောင်မည့် ''မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း''အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြေဧကလေးသောင်း အသုံးပြုခွင့်ပေးအပ်ခဲ့သည်ဟု အဆိုပါစီမံကိန်းမှ အကြံပေးပညာရှင် ဒေါက်တာကျော်လတ်က စက်တင်ဘာလ၊ တတိယပတ်အတွင်းက ပြောကြားခဲ့သည်။

Ref: Eleven Media group

ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ခရီးသည်တင်ယာဉ်အစီး ၅၀၀ ခန့် တင်သွင်းရန်အတွက် ပြည်တွင်း ကုမ္ပဏီငါးခုအား ထောက်ခံချက်များ ထုတ်ပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ခရီးသည်တင်ယာဉ်အစီး ၅၀၀ ခန့် တင်သွင်းရန်အတွက် ပြည်တွင်း ကုမ္ပဏီငါးခုအား တင်သွင်းခွင့် ထောက်ခံချက်များ ထုတ်ပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။ ကုမ္ပဏီငါးခု၏အမည်ကို သက်ဆိုင်ရာက တရားဝင်ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရ သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေးတွင် ခရီးသည်တင်ယာဉ်အများစုမှာ ဟောင်းနွမ်းနေပြီး အဆင့်မမီသော ယာဉ်များဖြစ်နေကြောင်း၊ ထို့ပြင် ခရီးသည်နှင့် ယာဉ်မလုံလောက်ခြင်းကြောင့် အချိန် ကြာမြင့်စွာ စောင့်ဆိုင်းစီးနေရခြင်းများရှိ၍ အခြားယာဉ်များတင်သွင်းခြင်းထက် ခရီးသည်တင်ယာဉ်များ တင်သွင်းခြင်းကို ဦးစားပေး ထောက်ခံချက်ထုတ်ပေးလျက်ရှိသည်ဟု သိရသည်။
''ကုမ္ပဏီငါးခုကို ခရီးသည်တင်ယာဉ်တွေ တင်သွင်းဖို့အတွက် ထောက်ခံချက်တွေထုတ်ပေးခဲ့တယ်။ ကုမ္ပဏီ တစ်ခုကိုအစီး ၁၀၀ နှုန်းလောက်နဲ့ သွင်းမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောပြခဲ့သည်။
တင်သွင်းရန် ထောက်ခံပေးခဲ့သော ယာဉ်များမှာ သဘာဝဓာတ်ငွေ့သုံး CNG ယာဉ်များ ဖြစ်ကြောင်း၊ အဆိုပါယာဉ်များ ရောက်ရှိလာပါက CNG သုံးစွဲမှု အဆင်ပြေစေရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
''CNG ယာဉ်အဟောင်းအပ်တဲ့ စလစ်ရှိတဲ့အတွက် ကားအသစ်တွေဝင်လာရင် အဲဒီကားတွေနေရာမှာ အစားထိုးပြီး CNG ရရှိအောင် လုပ်ပေးမယ်''ဟု အဆိုပါတာဝန်ရှိသူက ဆိုသည်။

လာမည့် နွေရာသီကာလတွင် ရန်ကုန်မြို့တော်၌ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်လေးလုံး ထပ်မံဖြည့်တင်းရန် စီစဉ်

ယခုနှစ် နွေရာသီကာလတွင် ရန်ကုန်မြို့တော်၌ လျှပ်စစ်ဓာတ်အား အခက်အခဲဖြစ်မှု နည်းပါးစေရန်အတွက် မဂ္ဂါဝပ် ၂၀၀ ရရှိနိုင်မည့်  ၅၀ မဂ္ဂါဝပ် ဂက်စ်အင်ဂျင်လေးလုံးဖြင့် ဖြည့်တင်းပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။
''အခုနှစ်နွေရာသီမှာတော့ ဂက်စ်အင်ဂျင်လေးလုံးက မဂ္ဂါဝပ် ၂၀၀ လောက်ရမယ်။ ရှိပြီးသား သဘာဝ ဓာတ်ငွေ့စက်တွေကလည်း မဂ္ဂါဝပ် ၃၀၀ လောက်ရယ်၊ ရေအားလျှပ်စစ်က ရတာနဲ့ဆိုရင် အခက် အခဲ လျော့သွားမှာပါ။ ထုတ်လုပ်မယ့် နေရာတွေကတော့ ရွာမ၊ အလုံ၊ သာကေတနဲ့ လှော်ကား စတဲ့နေ ရာတွေပဲ ဖြစ်ပါတယ်။ အဆိုးဆုံးဆိုရင်တောင် တစ်အုပ်စုလောက်ပဲ ပျက်မှာ။ စက်မှုဇုန်တွေကတော့ ပေးနိုင် မှာပါ။ အရင်နှစ်လောက်တော့ ပြဿနာမရှိနိုင်ပါဘူး။ ရာသီဥတုပူတော့ လျှပ်စစ်ပိုသုံးဖြစ်ကြတာပေါ့။ ဂက်စ်ရယ်၊ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေရယ်၊ ရေအားလျှပ်စစ်စက်ရုံတွေက ရရှိမယ့် ဓာတ်အားတွေနဲ့ပေါင်းပြီးတော့ ဖြည့်ဆည်းသွားဖို့ စီစဉ်ထားပါတယ်''ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး က ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော်အနေဖြင့် ၂၀၁၁-၂၀၁၂ နွေရာသီတွင် မဂ္ဂါဝပ် ၈၅၀ သုံးစွဲခဲ့ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အားဖြင့် မဂ္ဂါဝပ် ၁၅၅၀ သာပေးနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အား မလုံလောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ယခုနှစ်တွင်မူ ယင်းပြသနာ မကြုံတွေ့နိုင်ရန်အတွက် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏမှာ နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လျက်ရှိပြီး ၂၀၀၆ ခုနှစ်တွင် ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ မဂ္ဂါဝပ် ၅၅၀ ခန့်သာရှိခဲ့သော်လည်း ၂၀၁၁-၂၀၁၂ တွင်မူ မဂ္ဂ၀ပ် ၈၅၀ အထိရှိလာခဲ့ပြီး တစ်နိုင်ငံလုံးအတွက် ရေအားလျှပ်စစ်မှ မဂ္ဂါဝပ် ၁၁၀၀ ခန့်၊ သဘာဝဓာတ်ငွေ့သုံး စက်များမှ မဂ္ဂါဝပ် ၄၀၀ ခန့်သာ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။
''ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေ ထုတ်လုပ်မယ့် ဂက်စ်အင်ဂျင်တွေကနေ ထွက်ရှိလာမယ့် လျှပ်စစ်ဓာတ် အားတွေကို တစ်ယူနစ်ကျပ် ၈၀ လောက်နဲ့ ၀ယ်ရမယ်။ တစ်ယူနစ်ကို ၅၀ကျပ်လောက်နဲ့ ပြည်သူကို ဖြန့် ရမယ်။ ရေအားလျှပ်စစ်ကရရှိတဲ့အမြတ်နဲ့ သဘာဝဓာတ်ငွေ့က အရှုံးကို ပြန်ကာရမယ်။ ရင်းနှီးမြှုပ်နှံသူတွေ လုပ်ချင်အောင်လည်း မင်းတို့လာတည်ဆောက်ကြပါ။ ထွက်သမျှဝယ်ပါ့မယ်ဆိုပြီးတော့ အာမခံထားရပါ တယ်။ ပြည်တွင်းရော ပြည်ပက ရင်းနှီးမြှုပ်နှံလိုသူတွေကို ဖိတ်ခေါ် ထားပါတယ်'' ဆက်လက်ပြောကြားခဲ့ သည်။
လျှပ်စစ်ဓာတ်အား ဖူလုံစေရန်အတွက် ပြည်ပမှ လာရောက်ရင်းနှီးမြှုပ်နှံမည့် မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်မည့် ထိုင်းနိုင်ငံမှ ကုမ္ပဏီတစ်ခု၊ ဂက်စ်တာဘိုင်မှ မဂ္ဂါဝပ် ၅၀၀ စီ ထုတ်လုပ်မည့် ထိုင်း၊ တရုတ်နှင့် ကိုးရီးယားနိုင်ငံ တို့မှ ကုမ္ပဏီများနှင့် သဘောတူစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၉ ခု၊ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တစ်ခု၊ သဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၀ ခုတို့မှ တစ်နိုင်ငံလုံးသို့ လျှပ်စစ်ဓာတ်အား များ ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
လျှပ်စစ်ဓါတ်အား ပိုလျံရန်အတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရန်လိုအပ်ပြီး ဓာတ်အားထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု၊ ဓာတ်အားပျောက်ဆုံးမှုများ မရှိစေရန်အတွက် အရည်အသွေးပြည့်မီရန် လိုအပ်ပြီး ထိုင်းနိုင်ငံ၏ ထုတ်လုပ် မှုသည် မဂ္ဂါဝပ် ၂၇၀၀၀ ကျော်ရှိကာ သုံးစွဲမှုမှာ မဂ္ဂါဝပ် ၂၄၀၀၀ သာရှိသည့်အတွက် သုံးစွဲနိုင်မှုပမာဏထက် ထုတ်လုပ်မှု ပိုများနေသည့်အတွက် လျှပ်စစ်ဓာတ်အား ပြသနာများ ဖြစ်ပေါ်မှုမရှိကြောင်း သိရသည်။

တော်လှန်ရေး ရဲဘော်ဟောင်း စာရေးဆရာ ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ကွယ်လွန်

တော်လှန်ရေး ရဲဘော်ဟောင်း စာရေးဆရာ ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ကွယ်လွန်ကြောင်း သတင်းရ ရှိပါသည်။ ဝမ်းအိုဝမ်း ကျော်ဝင်းမောင်သည် သာကေတမြို့နယ်ရှိ နေအိမ်၌ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ၄င်း၏မိသားစုဝင်များထံမှ သိရှိရသည်။

"စက်တင်ဘာလဆန်းတုန်းက အဘိုးက ဆေးရုံတက်ရသေးတယ်။ ဆေးရုံက ဆင်းလာပြီး အိမ်မှာပဲ ထား တာပါ။ အောက်ဆီဂျင် ပေးထားရတယ်။ မနေ့ညကတော့ ၁၀ နာရီ လောက်မှာ အိပ်တယ်။ ၁၀ နာရီခွဲ လောက်ကျတော့ အမောဖောက်လာတယ်။ အောက်ဆီဂျင် ပေးရတယ်၊ ဆရာဝန်လည်း ခေါ်တယ်။ ၁၅ မိနစ်လောက်ကြာတော့ ဆုံးတာပဲ။ နှလုံးခုန်သိပ်မမှန်ဘဲ အမောဖောက်တာပေါ့။ လူကြီးရောဂါလို့ ပဲ ပြောရမှာပါ" ဟု ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၏ မြေးမဆောင်းနှင်းဖြူက စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းကပြောပြခဲ့သည်။

ဝမ်းအိုဝမ်း ကျော်ဝင်းမောင်သည် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ၁၉၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဖခင် ဦးဟာနှစ်၊ မိခင် ဒေါ်စိန်ညွန့်တို့မှ ဖွားမြင်ခဲ့သည်။ ဗန်းမော်မြို့၊ မိုးကုတ်၊ ကသာမြို့စသော မြို့များတွင် ပညာသင်ယူခဲ့ပြီး အင်္ဂလိပ်-မြန်မာ ၁၀ တန်းအထိ သင်ကြားခဲ့ကာ ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) သို့ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့ တွင် ဝင်ရောက်ခဲ့သည်။

ရေနံချောင်း လေယာဉ်ပစ် အမြောက်ကြီးတပ်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၄၄ ခုနှစ် ဧပြီ လ၌ မင်္ဂလာဒုံ စစ်တက္ကသိုလ် ဗိုလ်သင်တန်းတတိယပတ်၌ တက်ရောက်ခဲ့သည်။ သင်တန်းတက်ရောက်နေစဉ် တွင်ပင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်မြောက်ပိုင်းအတွက် တာဝန်ပေးအပ်သည့်အတွက် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ မဟာမိတ်တပ်အမေရိကန် (၁၀၁) လေထီးတပ်ရင်းနှင့် အဆက်အသွယ်ရရန် အသက်စွန့်တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် ဝမ်းအိုဝမ်း ကျော်ဝင်းမောင် အမည်တွင်လာခဲ့သည်။

ဂျပန်တော်လှန်ရေးကာလပြီးဆုံးသောအခါ ကသာခရိုင် ဖဆပလဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။ ၁၉၄၆ ခုနှစ်တွင် ကွန်မြူနစ်ပါတီနှစ်ခြမ်းကွဲချိန်၌ အလံနီဘက်သို့ ပါသွားခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် အလံနီအဖြစ် တောခိုခဲ့ကာ ၁၉၅၄ ခုနှစ်၌ အလံနီတွင်း အယူအဆတိုက်ပွဲများဖြစ်ပေါ်စဉ် အလံနီမှ အထုတ် ခံရသည်။ အထုတ်ခံရသောအလံနီများစုပြီး အလုပ်သမားညီညွတ်ရေးပါတီကို ပခုက္ကူနယ်ထဲ၌ ဖွဲ့စည်းခဲ့ သည်။ ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ၌ အလုပ်သမားညီညွတ်ရေးပါတီတစ်ဖွဲ့လုံး အစိုးရနှင့်စေ့စပ်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သည်။

ထို့နောက် တော်လှန်ရေးအတွေ့အကြုံများကို ရေးသားခြင်းဖြင့် စာရေးဆရာဘဝကို ခံယူခဲ့ပြီး တော် လှန်ရေးခေတ်မှ အမှတ်တရနာမည် ဝမ်းအိုဝမ်းကျော်ဝင်းမောင်ကိုပင် ကလောင်အမည်အဖြစ်ရွေးချယ်ခဲ့ ကာ "ဝမ်းအိုဝမ်းနဲ့ မြန်မာ့မြေအောက်တော်လှန်ရေး"၊ "ဆရာကြီးဦးရာဇတ် အတ္ထုပတ္တိ" ကဲ့သို့ စာအုပ်များ ကို ရေးသားခဲ့ပြီး မဂ္ဂဇင်း၊ ဂျာနယ်များတွင်လည်း တော်လှန်ရေးအတွေ့အကြုံ ဆောင်းပါးများကို ရေးသားခဲ့ သူဖြစ်သည်။

ဝမ်းအိုဝမ်း ကျော်ဝင်းမောင်သည် ကွယ်လွန်ချိန်၌ အသက် ၉၃ နှစ် ရှိပြီဖြစ်ပါသည်။

ပြည်ခိုင်ဖြိုးပါတီက မဲမသမာမှုနှင့် တရားစွဲဆိုထားမှုများအပေါ် NLD ပြည်သူ့လွှတ်ကိုယ်စားလှယ်အားလုံး အနိုင်ရရှိ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များက ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားမှုများတွင် NLD ကိုယ်စားလှယ် လေးဦးစလုံး အနိုင်ရရှိခဲ့ကြောင်း သိရသည်။
NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးခင်မောင်သိန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ဒေါ်ဖြူဖြူသင်း၊ ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီနှင့် လှည်းကူးမဲဆန္ဒနယ်မှ ဦးဖြိုးမင်းသိန်းတို့ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်များက မေလ ၁၀ ရက်နေ့တွင် တရားစွဲဆိုခဲ့သည်။
အဆိုပါအမှုများကို နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခုံရုံးများတွင် စစ်ဆေးခဲ့ပြီး ပြည် ခိုင်ဖြိုးကိုယ်စားလှယ်များ၏ စွပ်စွဲချက်များမှာမှားယွင်းပြီး ရွေးကောက်ပွဲတွင် မတရားပြုကျင့်မှု တစ်စုံတစ် ရာပြုလုပ်ခဲ့ခြင်းမရှိဟု ဆုံးဖြတ်ခဲ့သည်။
စွပ်စွဲခံရသူလေးဦး၌ နောက်ဆုံးဆုံးဖြတ်မှုအဖြစ် လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းကို ရွေးကောက်ပွဲတွင် တရားမျှတမှုရှိကြောင်း စက်တင်ဘာလ ၂၀ ရက်နေ့က စီရင်ချက်ချခဲ့ သည်။
''စွပ်စွဲမှုတွေမှာ ကျွန်တော်တို့အားလုံး အနိုင်ရတယ်။ ကျွန်တော့်ကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဒေါက် တာအောင်မြတ်သူက ရွေးကောက်ပွဲမှာ မတရားလုပ်ခဲ့တယ်။ တရားမဲ့ပြုကျင့်ခဲ့တယ်ဆိုတာမျိုး စွပ်စွဲတာ။ စွပ်စွဲမှုတွေဟာ မှားယွင်းတယ်။ မတရားပြုကျင့်မှု မလုပ်ခဲ့ဘူးဆိုပြီး စီရင်ချက်ချတယ်။ တရားရုံးကုန်ကျစ ရိတ်ကိုတော့ နှစ်ဖက်စလုံးကို ပြန်ထုတ်မပေးဘူး''ဟု ဦးဖြိုးမင်းသိန်းက ပြောပါသည်။

နှစ်သိန်းဖုန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန်အထိ ဈေးနှုန်းလျော့ချ ရောင်းချရန် အစီအစဉ်မရှိ

နှစ်သိန်းဖုန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန်အထိ ဈေးနှုန်းလျော့ချ ရောင်းချရန် အစီအစဉ်မရှိသေးကြောင်း ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။ 
လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းများကို အနိမ့်ဆုံးဈေးနှုန်း တစ်လုံးလျှင် ငွေကျပ်နှစ် သိန်းနှုန်းဖြင့် ရောင်းချလျက်ရှိပြီး အဆိုပါအနိမ့်ဆုံးဈေးနှုန်းကို ယခုဘဏ္ဍာရေးနှစ်အတွင်း ဈေးနှုန်းများ ထပ်မံ လျော့ချရန်မရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားခဲ့ခြင်း ဖြစ် သည်။
လက်ရှိအချိန်တွင် မြန်မာ့စီးပွားရေး ကော်ပိုရှင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အစရှိသည်တို့မှာ ငွေကျပ် တစ်သိန်းသုံးသောင်းနှင့် ငွေကျပ်ရှစ်သောင်းတန် မိုဘိုင်းဖုန်းများ ရောင်းချပေးမည်ဆိုသော သတင်းများ လူထုအကြားတွင် ပျံ့နှံ့နေသော်လည်း အဆိုပါကုမ္ပဏီများသည် ဆက်သွယ်ရေး ၀န်ဆောင်မပေးသည့် Operator အဖြစ် ဆောင်ရွက်ရန် ၀န်ဆောင်မှုလိုင်စင် ရရှိရေးအတွက် သက်ဆိုင်ရာဦးစီးဌာနနှင့် ၀န်ကြီး ဌာနတို့တွင် လာရောက်လျှောက်ထားခြင်း မရှိသေးကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြောကြား ထားပါသည်။

အရှေ့တောင်အာရှ နိုင်ငံအချို့၏ ပြည်တွင်းဖုန်းခေါ်ဆိုခ
နှုန်းထားများ
နိုင်ငံ ကုမ္ပဏီ တစ်မိနစ်နှုန်းထား(US) အသုံးပြုသူ
စင်္ကာပူ Singtel ၀ .၀၇ ၃ .၁၆ သန်း
ဗီယက်နမ် Vinaphone ၀ .၀၆ ၄ .၉၆ သန်း
မလေးရှား Telestial ၀ .၁၁ ၃ .၅၆ သန်း
အင်ဒိုနီးရှား T-Mobile ၀ .၀၄ ၇ .၆၈ သန်း
ထိုင်း D-Tac ၀ .၀၆ ၂၃ .၂ သန်း
(မှတ်ချက် - ပျမ်းမျအမြင့်ဆုံး ခေါ်ဆိုခနှုန်းထားများဖြစ်ပြီး Service Plan ပေါ်မူတည်ကာ သက်သာသည့် နှုန်းထား များဖြင့်လည်း ခေါ်ဆိုနိုင်မည်ဖြစ်သည်။)


Ref: Eleven Media Group

အပြည်ပြည်ဆိုင် ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင်း လူဦးရေထောင်ဂဏန်းရှိသော စုပေါင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မှု ပြုလုပ်၊ ဦးဆောင်လှုပ်ရှားသူများနှင့် ပါဝင်သူများအား ဥပဒေအရ အရေးယူမည်ဟု သိရ

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့တွင် လူဦးရေထောင်ဂဏန်းရှိသော စုပေါင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်မှုကို စက်တင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
သို့ဖြစ်ရာ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ တွင် မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ရန်ကုန်မြို့တွင် ဦးဆောင်လှုပ်ရှားမှု ပြုလုပ် သူများနှင့် ပါဝင်သူများအား ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးဦးစီး(၂)မှ ရဲမှူးမြင့်ထွေးက အဆိုပါနေ့ ညနေ ၅ နာရီတွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ရဲမှူးမြင့်ထွေးက ''ဒီနေ့ဖြစ်သွားခဲ့တဲ့ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့်မှာ ကျွန်တော်တို့က စီတန်းလှည့်လည်ရင် ဖြတ်သန်းမယ့် မြို့နယ်များတယ်၊ လမ်းကြောင်း လည်း ရှည်တယ် လူဦးရေလည်းများတော့ လမ်းပိတ်ဆို့မှုတွေဖြစ်နိုင်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ငြင်း ပယ်ခဲ့ပါတယ်။ သူတို့က ငြိမ်းချမ်းစွာ လျှောက်တဲ့အခါမှာ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့စခန်းက တားဆီး မှုတွေ ပြုလုပ်ဆောင်ခဲ့ပေမယ့် သူတို့က လူစုမခွဲဘဲ ဆက်ပြီးတော့ လျှောက်တယ်။ အဲဒီလို လွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေကို ချိုးဖောက်တဲ့အတွက် ဒီအဖွဲ့တွေကို ဥပဒေနှင့်အညီ အရေးယူမှုတွေ ဆောင် ရွက်သွားမှာပါ။ ဥပဒေရဲ့အပေါ်မှာ ဘာမှမရှိနိုင်ဘူး''ဟု ပြောကြားခဲ့ပါသည်။

လွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေကို ချိုးဖောက်တဲ့အတွက် ဒီအဖွဲ့တွေကို ဥပဒေနှင့်အညီ အရေးယူမှုတွေ ဆောင်ရွက်သွားမှာပါ။ ဥပဒေရဲ့အပေါ်မှာ ဘာမှမရှိနိုင်ဘူး ............................................

''ငြိမ်းချမ်းရေးဆိုတာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့လူသားအားလုံးကလည်း ငြိမ်းချမ်းရေးကို လိုလား တယ်။ နိုင်ငံတော်ကလည်း ငြိမ်းချမ်းရေးကို လိုလားတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူတွေကို ငြိမ်းချမ်းစွာ ရှိနေဖို့အတွက် ဥပဒေဘောင်ထဲကနေ စောင့်ရှောက်နေတဲ့အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ကျွန်တော်တို့ ငြင်းပယ်တာကို အယူခံဝင်လို့ ရပါတယ်။ ဒါပေမယ့်သူတို့ကလည်း ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြု သည်ဖြစ်စေ သူတို့ရဲ့ ရည်ရွယ်ချက်အတိုင်း ဥပဒေချိုးဖောက်ပြီး လျှောက်လှမ်းခဲ့တာဟာ ဥပဒေနဲ့အညီ မဟုတ်လို့ ဥပဒေအတိုင်း အရေးယူမှာပါ။ ဒီလိုအရေးယူတဲ့အခါမှာ ငြိမ်းချမ်းစွာ လုပ်ဆောင်တဲ့သူတွေကို အရေးယူတာ မဟုတ်ပါဘူး။ သူတို့အနေနဲ့ ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို ဖောက်ဖျက်တဲ့အတွက် သက်ဆိုင် ရာ မြို့နယ်မှူးတွေက စီတန်းလှည်လည်မှုမှာ ပါဝင်တဲ့ ခေါင်းဆောင်တွေနဲ့ ပါဝင်တဲ့သူတွေကို ပုဒ်မ ၁၈ အရ အရေးယူဖို့ ဆောင်ရွက်သွားမှာပါ''ဟု ရဲမှူးမြင့်ထွေးက ဆက်လက်ပြောကြားခဲ့ပါသည်။
မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ရန်ကုန်မြို့တွင် ဦးဆောင်လှုပ်ရှားမှု ပြုလုပ် သူများနှင့်ပါဝင်သူများအား ဥပဒေအရ အရေးယူသွားမည့် ပုဒ်မ ၁၈ ၏ ပြစ်ဒဏ်များမှာ ထောင်ဒဏ် တစ်နှစ် (သို့မဟုတ်) ငွေဒဏ်သုံးသောင်းကျပ် (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ခြင်းဖြစ်ကြောင်း ရဲမှူးမြင့်ထွေးက ပြောကြားခဲ့သည်။
မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ရန်ကုန်မြို့တွင် လှုပ်ရှားမှုပြုလုပ်သူများ သည် ကျောက်တံတား၊ ဗိုလ်တစ်ထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ ဗဟန်း၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ်များရှိ လမ်းတစ်လျှောက် ငြိမ်းချမ်းစွာစီတန်း၍ ဆန္ဒဖော် ထုတ်မှုများ ပြုလုပ်ခဲ့ကြကြောင်းလည်း ရဲမှူးမြင့်ထွေးက ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် နည်းဥပဒေပေါ်ထွက်ပြီးသည်မှစ၍ ဆန္ဒဖော်ထုတ်ခွင့်လျှောက်ထားသည့် အကြိမ်ပေါင်း ၂၀ ရှိခဲ့ရာ ၈ ကြိမ်ခွင့် ပြုခဲ့ပြီး ၉ ကြိမ်ကို ဆန္ဒဖော်ထုတ်ခွင့် ငြင်းပယ်ခဲ့ကြောင်းနှင့် ၃ ကြိမ်မှာ ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားမှုပြန် လည် ရုပ်သိမ်းသွားကြောင်း သိရသည်။

Ref: Eleven Media Group