Wednesday, September 5, 2012

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ သြဂုတ်လကုန်အထိ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလျံကျော်ရှိ ငါးလအတွင်း သဘာဝဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော် ရရှိကြောင်း ထုတ်ပြန်

 
 ကျောက်ဖြူမြို့နယ်၊ ကပိုင်ချောင်းကျေးရွာအနီး လယ်ကွင်းထဲမှဖြတ်သွားသော ဓာတ်ငွေပိုက်လိုင်းအား တွေ့ရစဉ်
လက်ရှိဘဏ္ဍာရေးနှစ်၏ ကုန်သွယ်မှုပမာဏမှာ သြဂုတ်လကုန်ပိုင်းအထိ အမေရိကန်ဒေါ်လာ ၆ ဒဿမ ၆ ဘီ လျံကျော် ရရှိထားကြောင်း ထုတ်ပြန်ချက်များအရ သိရှိရသည်။
၂၀၁၂ ခုနှစ် ဧပြီလမှ သြဂုတ်လအထိ ငါးလအတွင်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂၃၀ ဒဿမ ၇၁၆ သန်း (၃ ဒဿမ ၂၃ ဘီလျံကျော်) ရရှိပြီး ပြည်ပမှတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၃၃၈၃ ဒသမ ၃၂၅ သန်း (၃ ဒဿမ ၃၈ ဘီလျံကျော်) တန်ဖိုးရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ စာရင်းများအရ သိရသည်။
နယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၄၀ ဒဿမ ၀၉၃ သန်း (၁ ဒဿမ ၃ ဘီလျံကျော်) ရှိပြီး နယ်စပ်မှ တင်ပို့မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်း ၈၄၀ ကျော်ရှိကာ နယ်စပ်မှ ပြန်လည်တင်သွင်း မှုမှာ အမေရိကန်ဒေါ်လာသန်း ၄၄၉ ကျော်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့သည့် ကုန်စည်များထဲတွင် သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ရငွေမှာအများ ဆုံး ဖြစ်ပြီးဧပြီလမှ သြဂုတ်လအတွင်း သဘာဝဓာတ်ငွေ့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂ ဘီလျံကျော် ရရှိထားကြောင်း သိရှိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ''ဧပြီလကနေ သြဂုတ်လ၂၄ ရက်အထိ ငါးလအတွင်း ပြည်ပကိုတင်ပို့တဲ့ ကုန်စည်အုပ်စုထဲမှာ သဘာဝဓာတ်ငွေ့က ၀င်ငွေအများဆုံးပဲ။ ဒုတိယအများဆုံးက ပဲတင်ပို့မှုပါ။ အဲဒီနောက်မှာမှ ကျောက်စိမ်းတင်ပို့မှုကရတဲ့ ပမာဏရပ်တည်နေတာပါ။ တကယ်တော့ နှစ်စဉ်ကျောက်စိမ်းတင်ပို့မှုက ရတဲ့ဝင်ငွေက သဘာဝဓာတ်ငွေ့ပြီးရင် အများဆုံးပါပဲ။ ဒါပေမဲ့ မနှစ်ကစပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံကပို့တဲ့ ကျောက်စိမ်းတွေအပေါ်ကို အခွန် ၃၈ ရာခိုင်နှုန်းကျော် ကောက်လိုက်တဲ့နောက်မှာ တင်ပို့နိုင်မှု အများကြီး လျော့ကျသွားတာပါ'' ဟု ပြောကြားခဲ့ပါ သည်။
ဒုတိယနေရာတွင် ရပ်တည်နေသည့် ပဲမျိုးစုံပြည်ပတင်ပို့မှုမှရသည့် ၀င်ငွေမှာ အမေရိကန်ဒေါ်လာ ၄၆၃ ဒဿမ ၄၅၃ သန်းရှိပြီး သွင်းကုန်ကဏ္ဍတွင်မူ မော်တော်ယာဉ်နှင့် ယာဉ်အပိုပစ္စည်းနှင့် စက်သုံးဆီတင်သွင်း မှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

အများဆုံးတင်သွင်းသည့် ကုန်စည်ခြောက်မျိုး
(အမေရိကန်ဒေါ်လာ၊ သန်း)
ကဏ္ဍ ပမာဏ
မော်တော်ယာဉ်နှင့် အပိုပစ္စည်း ၄၈၆ .၅၀၇
ရေနံထွက်ပစ္စည်း(စက်သုံးဆီမပါ) ၄၃၀ .၅၄၆
စက်သုံးဆီ ၄၀၅ .၁၃၅
သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ ၂၄၇ .၈၀၉
စက်နှင့် စက်ပစ္စည်း ၂၄၁ .၈၉၄
အများဆုံးတင်ပို့သည့် ကုန်စည်ငါးမျိုး
(အမေရိကန်ဒေါ်လာ၊ သန်း)
ကဏ္ဍ ပမာဏ
သဘာဝဓာတ်ငွေ့ ၁၂၀၇ .၆၀၄
ပဲမျိုးစုံ ၄၆၃ .၄၅၃
ကျောက်စိမ်း ၂၇၄ .၃၂၅
ရေထွက်ကုန် ၂၃၇ .၂၇၅
ဆန် ၁၈၀ .၅၄၂

No comments:

Post a Comment