Tuesday, September 18, 2012

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ အဆုံးသတ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများ အဆုံးသတ်ရန် အမေရိကန်နိုင်ငံ ၀ါရှင်တန်သို့ရောက်ရှိနေ စဉ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်ကြောင်း သိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၈ ရက်နေ့က ၀ါရှင်တန်ရှိ U.S. Institute of Peace တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံပြီးနောက် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ် သည်ဟု Chicago Tribune သတင်းစာတွင် ဖော်ပြခဲ့ပါသည်။
မြန်မာနိုင်ငံသားများအနေဖြင့် ကိုယ်ကံကြမ္မာကိုယ်ဖန်းတီးခွင့်နှင့် ကိုယ့်တာဝန်ကိုယ်ယူမှုတွေ ရှိရတော့ မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖြစ်ထွန်းရေး အရှိန်အဟုန်ကို ထိမ်းသိန်းနိုင်ရန်အတွက် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုအပေါ် မှီခိုရန် မပြုလုပ်သင့်တော့ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ကြောင်း Chicago Tribune သတင်းစာ၌ ရေးသားခဲ့သည်။
"ကျွန်မအနေနဲ့ စီးပွားရေးပိတ်ဆို့မှုကို မလိုအပ်ဘဲ ဖက်တွယ်ထားသင့်တယ်လို့ မထင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ ပြည်သူတွေအနေနဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့၊ ကိုယ့်တာဝန် ကိုယ်ယူကြရမှာ ပါ။ ပြင်ပအကူအညီတွေကိုလည်း အများကြီးမှီခိုနေဖို့ မလိုအပ်ပါဘူး"ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်ဟု AFP သတင်း၌ ဖော်ပြခဲ့ပါသည်။
"နောက်ဆုံးမှာတော့ ကျွန်မတို့အနေနဲ့ ဒီမိုကရေစီကို ကိုယ့်ဖာသာကိုယ် တည်ဆောက်ကြရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ခရီးစဉ်အတွင်း စက်တင်ဘာလ ၁၈ ရက်နေ့တွင် Asia Society Global Vision Award ဆုကို လက်ခံရယူခဲ့ကာ စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန် ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ဆုပေးပွဲသို့ တက်ရောက်ကာ ဆုလက်ခံရယူမည်ဖြစ်သည်။ အဆိုပါဆုသည် အမေရိကန်ကွန်ဂရက်လွှတ်တော်က အရပ်သားများသို့ ပေးအပ်သည့် အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဦးမင်းကိုနိုင် (၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင်)၊ ဦးခွန်ထွန်းဦး (ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးကျော်သူ (ဥက္ကဋ္ဌ၊ နာရေးကူညီမှုအသင်း- ရန်ကုန်)၊ ဒေါက်တာစင်သီယာမောင် (မယ်တော်ဆေးခန်း)၊ ဦးအောင်ဒင် (ညွှန်ကြားရေးမှုး၊ U.S. Campaign for Burma) တို့အား ၀ါရှင်တန်ဒီစီ အခြေစိုက် National Endowment for Democracy (NED) မှ ချီးမြင့်မည့် ဆုပေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၀ါရှင်တန်ဒီစီတွင် ရှိနေစဉ်အတွင်း အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရတ်အိုဘားမားနှင့် တွေ့ဆုံသွားရန်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အမေရိကန် သမ္မတ၏ အိမ်ဖြူတော်က အဆိုပါကိစ္စနှင့် ပတ်သက်၍ တရားဝင်ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
နှစ်ပေါင်း ၂၀ ကျော်အတွင်း အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံးရောက်ရှိလာသည့် ခရီးစဉ် သည် ဒေါ်အောင်ဆန်းစုကြည်အတွက် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ် မြောက်လာပြီးနောက်ပိုင်း တတိယအကြိမ်မြောက် ပြည်ပခရီးစဉ်ဖြစ်သည်။ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ မေလက သွားရောက်ခဲ့ပြီး ဒုတိယအကြိမ်မြောက်ပြည်ပခရီးစဉ်အဖြစ် ဥရောပနိုင်ငံများ ဖြစ်သည့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံများသို့ ဇွန်လက သွားရောက်ခဲ့သည်။

Ref:  AFP, Chicago Tribune

No comments:

Post a Comment