Friday, August 31, 2012

မိုဘိုင်းဖုန်းလိုင်းများကို အလကားပေးရမည်ဟု နိုင်ငံတော်သမ္မတရုံးမှ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီဝင် ဦးသောင်းတင်အကြံပြု


သြဂုတ်လ ၂၈ ရက်နေ့
လူအများအနေဖြင့် ၅ ထောင်တန်ဖုန်းထွက်ရှိလာလျှင် ကောင်းမည်ဟူ၍ သော်လည်းကောင်း၊ ၅ သောင်း တန်ဖုန်းထွက်ရှိလာလျှင် ကောင်းမည်ဟူ၍ သော်လည်းကောင်း အမျိုးမျိုးပြောဆိုနေကြသော်လည်း နိုင် ငံတော်သမ္မတရုံးမှ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီဝင် ဦးသောင်းတင်က မိုဘိုင်းဖုန်း လိုင်းများ၏ဈေးနှုန်းသည် မည်သည့်ဈေးနှုန်းမှသင့်တော်ခြင်းမရှိဘဲ နိုင်ငံတကာနည်းတူ မိုဘိုင်းဖုန်းလိုင်းများ ကို အလကားပေးရမည်ဟု ဆက်သွယ်ရေးဝန်ကြီးဌာနမှ အကြီးအကဲများကို အကြံပြုပြောကြားလိုက်သည်။
သြဂုတ်လ ၂၄ ရက်နေ့က ကျင်းပပြုလုပ်သည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ဦးသောင်းတင်က အကြံပြုပြောကြားခဲ့ခြင်းဖြစ်ပြီး အကြံပြုချက်တချို့ကို ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်တောင်စုဝန်ကြီး ဦးသိန်းထွန်းက အသိအမှတ်ပြုစ ကား ပြန်လည်ပြောကြားခဲ့သည်။
 “ကျွန်တော့အမြင်နဲ့ပြောရရင် ဘယ်ဈေးနှုန်းကမှ မသင့်တော်ပါဘူး။ သူကပြန်ပေးရပါမယ်။ တယ်လီဖုန်းကို အလကားပေးရပါမယ်။ ပြီးရင် စတင်အသုံးပြုတယ်ဆိုရင်ပဲ မိနစ် ၂၀၀ အလကား ဆက်ခွင့်ပေးတာမျိုး၊ ဟန်းဆက်အလကားပေးလိုက်တာမျိုး ရှိရပါမယ်။ ကိုယ်ကပေးရတဲ့ဈေးနှုန်းက မသင့်တော်ပါဘူး။ ကိုယ် ကပြန်ရရပါမယ်။ ဒါက အင်တာနေရှင်နယ်သဘောဖြစ်ပါတယ်” ဟု ဦးသောင်းတင်ကဆိုသည်။
 ဆက်လက်၍ ဦးသောင်းတင်က အင်တာနက်စနစ် အရည်အသွေးနှင့် ၀န်ဆောင်မှုပိုင်းဆိုင်ရာများ၌ Complain လုပ်စရာ အများအပြားရှိကြောင်း၊ ပြိုင်ဆိုင်မှုမရှိသော ကိစ္စရပ်များနှင့် အင်တာနက်ပြတ်တောက် ၍ ဖုန်းဆက်သည့်အခါ၌ တောင်းပန်ခြင်းနှင့် လျော်ကြေးပေးခြင်းများကို နိုင်ငံတကာနည်းတူ ဖြစ်ပေါ်လာရန် လိုအပ်ကြောင်း အကြံပြုပြောကြားသည်။
“ဆားဗစ်ပေးတဲ့ကုမ္ပဏီတွေဟာ နဂိုသတ်မှတ်ထားတဲ့ ဆားဗစ်မပေးနိုင်ရင် ဒဏ်ကြေးတပ်ရပါမယ်။ စာချုပ် ချုပ်ကတည်းက ဘာကိုပေးနိုင်တယ်ဆိုတာ ကြိုတင်သတ်မှတ်ရပါမယ်။ ကျွန်တော်တို့ ဘတ်(စ်)ကားစီးတဲ့ အခါမှာ ဘတ်(စ်)ကားတန်ဖိုးမပေးရပါဘူး။ လက်မှတ်ဖိုးပဲ ပေးရတာဖြစ်ပါတယ်။ ဘတ်(စ်)ကားထောင်သူက ဘတ်(စ်) ကားတန်ဖိုးကို နောက် ၅ နှစ်နေမှ အရင်းကျေဖို့ နောက် ၁၀ နှစ်နေမှ အရင်းကျေဖို့ စဉ်းစားထား တာပါ။ ဒါဟာ မတူညီတဲ့ စီးပွားရေးမော်ဒယ်လ်တစ်ခုပါ။ နိုင်ငံတကာမှာလည်း အချိန်တစ်ခုယူပြီး ဒီလို မျိုး ပြောင်းလဲသွားကြတာပါပဲ” ဟု ဦးသောင်းတင်ကပြောသည်။
လက်ရှိအချိန်၌ ၂ သိန်းတန် ဂျီအက်စ်အမ်ဖုန်းလိုင်းများကို တန်ဖိုးနည်းဖုန်းလိုင်းဟူသောအမည်ဖြင့် ဧပြီလ အတွင်းက ဆက်သွယ်ရေးလုပ်ငန်းမှ ချထားပေးခဲ့သည်။ ထွက်ပေါ်လာသည့် သတင်းများအရ မြန်မာ့စီး ပွားရေးကော်ပိုရေးရှင်း (MEC) အနေဖြင့် စီဒီအမ်အေ ၈၀၀ မိုဘိုင်းဖုန်းလိုင်းများကို ငွေကျပ်တစ်သိန်းဖြင့် ချထားပေးနိုင်ရန် ပြင်ဆင်နေသည်ဟု သိရသော်လည်း အတည်ပြုနိုင်ခဲ့ခြင်း မရှိသေးပေ။
“ဥပမာအနေနဲ့ အာဖရိကမှာ ရေမရ၊ မီးမရတဲ့နေရာတွေ အများကြီးရှိနေသေးတယ်။ သို့သော် အဲဒီမှာ ဖုန်း ကတော့ရနေခဲ့တယ်။ အဲဒီအပေါ်မှာ သိသိသာသာ အကျိုးရှိတာလည်း တွေ့ရတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ တယ်လီဖုန်းသိပ်သည်းဆ ၁၀ ရာခိုင်နှုန်းတိုးလိုက်တာနဲ့တစ်ပြိုင်နက် GDP ဟာ ၁.၅ ရာခိုင်နှုန်းလောက် တက်လာတယ်။ ဒီလိုပဲ အင်တာနက်သိပ်သည်း ဆကို ၁၀ ရာခိုင်နှုန်းတိုးလိုက်တာနဲ့ GDP ဟာလည်း ၁.၅ ရာခိုင်နှုန်းလောက် တိုးလာတယ်။ ဒါက နိုင်ငံတကာအတွေ့အကြုံအရ သေချာမှုရှိတဲ့ ကိစ္စရပ်တစ်ခုပဲ”ဟု ဦးသောင်းတင်ကဆိုသည်။


Ref: မြင့်ကျော်လှိုင် (Internet Journal)

Thursday, August 30, 2012

လမ်းဘေးအခွေ ရောင်းသူများ ဆန္ဒဖော်ထုတ်ရန် ခွင့်ပြုချက်တောင်း

နိုင်ငံခြားကားဇာတ်ကားများ ရောင်းချသည့် လမ်းဘေးခွေရောင်းချသူများက စက်တင်ဘာလ ၃ ရက်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ၀င်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရှေ့တွင် ဆန္ဒပြရန် ဗဟန်းမြို့နယ် ရဲစခန်းသို့ သြဂုတ်လ ၂၉ ရက်က စာတင်လိုက်ကြောင်း ဆန္ဒပြခွင့်ကို ဦးဆောင်လှုပ်ရှားနေသည့် ခွေရောင်း ချသူ ကိုသန့်ဇင်က ပြောသည်။

“ဗဟန်း
မြို့နယ်စခန်းမှူးကို သွားတင်တာပါ။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ရက်မတိုင်ခင် ၄၈ နာရီအ တွင်း ပြခွင့်ပေးမပေး အကြောင်းပြန်ပါ့မယ်။ လူကတော့ ၅၀ လောက်ပဲ လုပ်ပါလို့ မြို့နယ်မှူးကပြောပါတယ်။ ကျွန်တော်တို့ တင်ထားတာက လူတစ်ရာလောက်ပြဖို့ပါ။ စီးတန်းလှည့်လည်ခွင့်ဥပဒေအရ ခွင့်ပြုတဲ့ လူထက်များရင် အဖမ်းခံရမှာစိုးလို့ လူငါးဆယ်ထက်မပိုအောင် စည်းကမ်းရှိရှိ ဆန္ဒပြသွားမှာပါ” ဟု ကိုသန့် ဇင်က ပြောသည်။

ယခုကဲ့သို့ ဆန္ဒပြရန်စီစဉ်ရခြင်းမှာ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများကို လွတ်လွတ်လပ်လပ်ရောင်းချခွင့်ပေးရန်နှင့် ရုပ်မြင်သံကြားနှင့် ဗီဒီယိုအက်ဥပဒေပုဒ်မ ၃၂(ခ) အရ အရေးယူခံထားရသူများအား ဖြေလျှော့ပေး ရန်အချက် နှစ်ချက်ကို အဓိကထားတောင်းဆိုသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

တရားမ၀င်နိုင်ငံခြားဇာတ်ကားများ ရောင်းချခြင်းကြောင့် တာမွေတရားရုံးတွင် ပုဒ်မ ၃၂(ခ) အမှုရင် ဆိုင်နေရသည့်အခွေရောင်းချသူ ကိုထက်အောင်က “ကျွန်တော့်ကိုဖမ်းတော့ မြန်မာခွေမပါဘူး။ ညစ်ညမ်း ကားမပါဘူး။ နိုင်ငံခြားကားတွေကိုပဲ ၃၂ (ခ) တပ်ထားတယ်။ အမှုဆိုင်နေရတုန်းပါ။ ဒါကြောင့် အဲဒီ ဆန္ဒပြတဲ့နေ့မှာ ကျွန်တော်တို့ဆန္ဒတွေထုတ်ဖော်သွားမှာပါ။ ခုခွေရောင်းတဲ့သူတွေ အရမ်းဒုက္ခရောက်နေ ကြတယ်”ဟုပြောသည်။

“ခွေရောင်းတဲ့သူက ရန်ကုန်နဲ့ နယ်တွေပေါင်းလိုက်ရင် လူတစ်သောင်းလောက်ရှိတယ်။ သူတို့ကိုမှီခို သူနှစ်ယောက်နှုန်းနဲ့ပဲတွက်ရင် လူသုံးသောင်းကျော်လောက် စားဝတ်နေရေးတော်တော် ဒုက္ခရောက်သွား တယ်။ မှီခိုသူတွေထဲမှာပါတဲ့ ကျောင်းသားတွေရဲ့ ပညာရေးအခက်အခဲတွေ့သွားတယ်။ တချို့ဆို ကျူရှင် မတတ်နိုင်တော့တာတို့၊ ကျောင်းနားတာတို့ ဖြစ်ကုန်တယ်။ ဒီလိုမျိုးတော့ မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ ဆန္ဒပြတာ ဥပဒေကို သပိတ်မှောက်တာ မဟုတ်ပါဘူး”ဟု ကိုသန့်ဇင်ကပြောသည်။

၎င်းနှင့်အတူ ရန်ကုန်မြို့တွင်းရှိ နိုင်ငံခြားဇာတ်ကားများ ရောင်းချသူအများစုသည် တရားဝင်ထုတ်ပြန်ထား သည့် စီတန်းလှည့်လည်ခွင့်ဥပဒေအရ တရားဝင်ဆန္ဒပြခွင့်ရရန် ကြိုးစားသွားမည်ဖြစ်ပြီး ဆန္ဒပြခွင့်မ ရရှိပါက နိုင်ငံတော်သမ္မတထံ အသနားခံစာတင်ခြင်း၊ လွှတ်တော်တွင်း တင်ပြအကူအညီတောင်းခံခြင်း တို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရှေ့တွင် ဆန္ဒပြမည့်အစီအစဉ်နှင့် ပတ်သက်ပြီး ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက “သက်ဆိုင်ရာရဲတပ်ဖွဲ့က ပြခွင့်ပေးတယ်ဆိုရင် ပြခွင့်ရှိပါတယ်။ ကျွန်တော်တို့ ခွင့်ပြုချက်ပေးခြင်း၊ မပေးခြင်းနဲ့ မဆိုင်ပါဘူး။ မိမိရဲ့ဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ခွင့် ရှိပါတယ်။ ထုတ်ဖော် တဲ့အခါ မိမိရဲ့ဆန္ဒက တခြားသူရဲ့ရပိုင်ခွင့်ကို မထိပါးဖို့ပဲလိုပါတယ်။ ကန့်ကွက်ရန်လည်းမရှိသလို ထောက် ခံဖို့လည်းမရှိပါဘူး” ဟု ၄င်း၏ သဘောထားကိုပြောကြားသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နိုင်ငံခြားဇာတ်ကားများ ဖမ်းဆီးခြင်းနှင့်ပတ်သက်ပြီး မည်သည့်ဥပဒေကိုမှ ထုတ်ပြန်ထားခြင်းမရှိဘဲ မြန်မာဇာတ်ကားများကို တရားမ၀င်ခိုးယူနေသည့်သူများကိုသာ အရေးယူ ခြင်းဖြစ်ကြောင်း၊ ၁၉၉၆ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲပြီး ထုတ်ပြန်ထားသောနိုင်ငံခြား ဇာတ်ကားများနှင့် သက်ဆိုင်သည့်ဥပဒေဖြင့် ဖမ်းဆီးနေခြင်းသာဖြစ်ပြီး ၄င်းတို့နှင့် မသက်ဆိုင်ကြောင်း ဦးဇင်ဝိုင်းက ပြောသည်။

“မြန်မာကားတွေကိုပဲဖမ်းတာလို့ပြောပေမယ့် နိုင်ငံခြားကားတွေချည်းပဲရောင်းတဲ့ ကျွန်တော်ကိုယ်တိုင် အဖမ်းခံထားရတာပါ။ အဲဒါတွေဘာပြန်လုပ်ပေးမလဲလို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌကို မေးချင် ပါတယ်”ဟု ကိုသန့်ဇင် က ပြောသည်။
Ref: 7Day News Journal

ရန်ကုန်-ဒလ ကြိုးတံတားတည်ဆောက်သွားမည်

 
ရန်ကုန်မြစ်ကိုဖြတ်၍ ရန်ကုန်-ဒလ ကြိုးတံတားကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့၊ ပြည် သူ့ဆောက်လုပ်ရေးလုပ်ငန်းတွင် ကျင်းပခဲ့သော လမ်းပန်းဆက်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အလုပ် ရုံဆွေးနွေးပွဲမှ သိရှိ ရသည်။
ရန်ကုန်-ဒလ ကြိုးတံတားမှာ ခန့်မှန်းပေ (၂၇၀၀) ရှည်လျားမည်ဖြစ်ပြီး၊ ကြိုးတံတားတည်ဆောက်ပြီးစီး သွားပါက ရန်ကုန်မြို့နှင့် ဒလမြို့တို့ကို အချိန်တိုတောင်းစွာဖြင့် သွားလာနိုင်မည်ဖြစ်သည်။
နိုင်ငံခြားအကူအညီများဖြင့် ရန်ကုန်မြို့တော်အတွင်း တည်ဆောက်သွားမည့်တံတားများမှာ  ရန်ကုန်-ဒလ ကြိုးတံတားအပါအ၀င်၊ ခန့်မှန်းပေအရှည် (၁၉၇၀) ရှိ လှိုင်မြစ်ကူးတံတား၊ ပေအရှည် (၉၀၀) ရှိ ၀ါးတစ်ရာ တံတားတို့ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အ ရ သိရသည်။
ငမိုးရိပ်ချောင်းကိုဖြတ်ကျော်၍ ပုဇွန်တော်မြို့နယ်နှင့် ဒေါပုံမြို့နယ်တို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့် သာကေတ သံပေါင်တံတားအစား တံတားတစ်စင်းကို သာကေတမြို့နယ်၊ သုမနလမ်းမကြီးနှင့် ဇင်္ဂမလမ်း မကြီးတို့အကြား၌ အူလမ်းကြောင်းအဖြစ် လျာထားဆောက်လုပ်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

 အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဌာနမှ အကြီးကဲဖြစ်သူ Mr.Arifin Muh Hadi စစ်တွေမြို့သို့ ရောက်ရှိ၊ ဒေသဆိုင်ရာဝန်ကြီးများနှင့် တွေ့ဆုံ

အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဌာနမှ အကြီးကဲဖြစ်သူ Mr.Arifin Muh Hadi  နှင့်အဖွဲ့သည် သြဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ပြီး ဒေသဆိုင်ရာ ၀န်ကြီးများနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါခရီးစဉ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘေးဒုက္ခစီမံခန့်ခွဲရေးဌာနမှ ဌာနမှူး ဦးမောင်မောင်ခင် လည်း လိုက်ပါလာခဲ့ကြောင်းနှင့် ပထမဦးစွာ စစ်တွေလေဆိပ်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှ လူ မှုရေးနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာအောင်ကျော်မင်းက လက်ခံတွေ့ဆုံခဲ့ကြောင်းလည်း သိရှိရပါ သည်။ 
အင်ဒိုနီးရှားနိုင်ငံမှ ရောက်ရှိလာသူများ
ထိုသို့ လက်ခံတွေ့ဆုံရာတွင် အဆိုပါအဖွဲ့အနေဖြင့် မြန်မာနိုင်ငံသို့ရောက်လာရခြင်းမှာ ကယ်ဆယ်ရေးအ တွက်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ဘင်္ဂလီများနှင့် ဒေသခံရခိုင်များအကြား ဖြစ်ပေါ် ခဲ့သောပဋိပက္ခအတွက် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် လွန်စွာစိုးရိမ်ခဲ့မိကြောင်း၊ ထိုသို့ စိုးရိမ်စိတ်များ ဖြစ်ပေါ်ခဲ့ သည်မှာလည်း ပြည်ပမီဒီယာများအနေဖြင့် သတင်းများမှားယွင်း ဖော်ပြခဲ့ခြင်းကြောင့်သာဖြစ်ကြောင်းနှင့် အင်ဒိုနီးရှားမှ အကြီးအကဲများ လာရောက်ကွင်းဆင်းကြည့်ရှုခဲ့ချိန်မှစတင်ကာ အဖြစ်မှန်ကို သိရှိခဲ့ ပြီး မြန်မာနိုင်ငံအစိုးရအနေဖြင့် ပြဿနာအား ကိုင်တွယ်ဖြေရှင်းနေပုံကို လက်တွေ့သိမြင်ခဲ့ရသဖြင့် စိတ်အေးခဲ့ရကြောင်း၊ အစိုးရအဖွဲ့ကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် ဆယ်နာရီခန့်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း၊ မနက်ဖြန်နံနက်တွင် ခေါင်း ဒကာ ဘင်္ဂလီကယ်ဆယ်ရေးစခန်းသို့ သွားရောက်လေ့မည်ဖြစ်ပြီး ယင်းနောက် မင်းဂံရှိ ရခိုင်ဒုက္ခသည်စခန်း များသို့လည်း သွားရောက်လေ့လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

သမ္မတဦးသိန်းစိန် စက်တင်ဘာလတွင်အမေရိကန်သို့ သွားမည် မြန်မာအစိုးရအပေါ် ချမှတ်ထားသည့် ဗီဇာပိတ်ပင်မှုကိုအမေရိကန် ရုပ်သိမ်း

မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ရန် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ သွားရောက်မည်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်တွင် အိုဘားမားအစိုးရ၊ ကွန်ဂရက်ခေါင်းဆောင်များနှင့် တွေ့ ဆုံပြီး၊ အမေရိကန်နိုင်ငံ၏ အမြင့်ဆုံးအရပ်ဘက် ဂုဏ်ထူးဆောင်ဆု “ ကွန်ဂရက်ရွှေတံဆိပ်ဆု ” (Congressional Gold Medal)ကို လက်ခံရယူရန်ရှိသည်။
ထို့အပြင် အမေရိကန်အစိုးရသည် ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်နေသော မြန်မာအစိုးရနှင့် ထိတွေ့ဆက်ဆံမှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် မြန်မာအစိုးရအပေါ် ချမှတ်ထားသည့်ဗီဇာပိတ်ပင်မှုအား ရုပ်သိမ်းလိုက်သည်။
၂၀၁၂၊ သြဂုတ် ၂၉ ရက်တွင် ကြေညာခဲ့သော အိမ်ဖြူတော်၏ကြေညာချက်၌ ယခုကဲ့သို့ ဗီဇာပိတ်ပင်မှုရုပ် သိမ်းခြင်းမှာ မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ်အချို့အတွက်သာ ရွေးချယ်ရုပ်သိမ်းပေးခြင်းဖြစ်ကြောင်း အိမ်ဖြူတော်ပြောခွင့်ရ အမျိုးသမီး ကိုင်တလင်ဟေဒင်ကပြောသည်။ အမေရိကန်နိုင်ငံ၏ ၂၀၀၈ ခုနှစ်တွင် ချမှတ်ထားသောပိတ်ဆို့မှုဥပဒေအရ ယခင် တပ်မတော်အစိုးရအဖွဲ့ဝင်များ၊ စစ်တပ်နှင့် စစ်တပ် ကို ငွေကြေးအရထောက်ပံ့ပေးသူများ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်များ၏ မိသားစုများကိုပါ အမေရိကန်နိုင်ငံ သို့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားခြင်းဖြစ်သည်။
မစ္စဟေဒင်က ၎င်းတို့အစိုးရအနေဖြင့် သမ္မတဦးသိန်းစိန်၊ ၀န်ကြီးများနှင့် ဒုတိယ၀န်ကြီးများကို ထိတွေ့ ဆက်ဆံခြင်းအားဖြင့် နှစ်ဖက်အစိုးရကြား ယုံကြည်မှုတည်ဆောက်နိုင်မည်ဟုဆိုသည်။ ဆက်လက်ပြီး သူမက “(ဒီလိုလုပ်ခြင်းအားဖြင့်) ကျွန်မတို့ ယုံကြည်မှုတည်ဆောက်နိုင်ပြီး နောက်ထပ်ပြုပြင်ပြောင်းလဲ မှုတွေအတွက် ပြီးတော့ အဓိကကျတဲ့ ပြုပြင်ပြောင်းလဲရေးသမားတွကိုလည်း အမေရိကန်ပေါ်လစီနဲ့ ဒီမိုကရေစီကို ကောင်းကောင်းနားလည်သဘောပေါက်ဖို့အတွက် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှာပါ” ဟုဆိုကြောင်း အေပီ (AP) သတင်းဌာနမှ သတင်းရရှိပါသည်။

အမည်မည်းစာရင်း (Black list) မှ ပယ်ဖျက်လိုက်သော လူပုဂ္ဂိုလ် ၂၀၈၂ဦး ၏စာရင်း

မြန်မာအစိုးရက အမည်မည်းစာရင်း (Black list) မှ ပယ်ဖျက်လိုက်သော လူပုဂ္ဂိုလ် ၂၀၈၂ဦး ၏စာရင်းကို နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက်မှ ထုတ်ပြန်ကြေညာလိုက်သည်။
အဆိုပါစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ သားနှစ်ဦးဖြစ်သော Aris Alexander နှင့် Aris Kim တို့ နှစ်ဦးပါဝင်သည်။ အမည်မည်းစာရင်းမှ ပယ်ဖျက်လိုက်သူများစာရင်းတွင် ဗိုလ်ဗိုလ်ကျော်ငြိမ်း၊ စက်တင်ဘာလဆန်းတွင် မြန်မာနိုင်ငံသို့ပြန်လာမည့် မိုးသီးဇွန် (ခေါ်) မိုးသီး၊ ကိုကိုအောင်၊ အောင်ဒင် စသောပုဂ္ဂိုလ်များပါဝင်သည်ကိုတွေ့ရသည်။ စာရင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင်သွားရောက်ကြည့်ရှုနိုင်ပါသည်။

ရဲအရာရှိတစ်ဦး ဂမ္ဘီရဆန်ဆန် မိမိကိုယ်ကိုမီးရှို့ပူဇော်ရာမှ မီးလောင်သေဆုံး

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နေပြည်တော်ပျဉ်းမနားတွင် ရဲသတင်းတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦး သည် မိမိကိုယ်ကို ဂမ္ဘီရလောကမှ အထက်ပုဂ္ဂိုလ်များနှင့် အဆက်အသွယ်ရှိသယောင်၊ ၎င်းကိုယ်တိုင်လည်း ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ဖြစ်သယောင် အမြင်မှားပြီး မိမိကိုယ်ကို မီးရှို့ပူဇော်ရာမှ သေဆုံးခဲ့သောဖြစ်ရပ်တစ်ခု သြဂုတ် ၂၈ ရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယင်းဖြစ်စဉ်မှာ သြဂုတ်လ ၂၈ ရက် ညနေ ၃ နာရီ မိနစ် ၃၀ အချိန်ခန့်က နေပြည်တော်ပျဉ်းမနား၊ ရွာကောက်အုပ်စု၊ ပန်းခင်းရပ်၊ ရွှေဗျိုင်းအင်းဘုန်းတော်ကြီးနှင့် ကိုက် ၂၀၀ ကွာဝေးသော လေးကျွန်းစကြာ ဘုရားရင်ပြင် အုတ်နရံအတွင်းဘက်တွင် အမည်မသိ အမျိုးသားတစ်ဦး မီးလောင်ဒဏ်ရာများနှင့် သေ ဆုံးနေကြောင်းတွေ့ရှိရ၍ အမှုအား နေပြည်တော်ပျဉ်းမနား သေမှုသေခင်းအမှတ် ၃၆/၂၀၁၂ အရ စုံစမ်းစစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။
အမှုကို စုံစမ်းစစ်ဆေးရာ သေဆုံးသူမှာ သူများပယောဂကြောင့်မဟုတ်ဘဲ မိမိကိုယ်ကို မီးရှို့ကာ ပူဇော်မှုပြုခြင်းဖြစ်ကြောင်း၊ သေဆုံးသူသည် နေပြည်တော်ရဲသတင်းတပ်ဖွဲ့(SB)မှ ရဲအုပ်တစ်ဦးဖြစ်ကြောင်း သိရပြီး ၄င်းမှာ စိတ်ကျန်းမာရေးကောင်းမွန်မှုမရှိဘဲ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များနှင့် အဆက်အသွယ် ရှိသယောင်ယောင် ကိုယ်တိုင် မီးပူဇော်သည့်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် မီးရှို့ခြင်းဖြစ်သည်ဟုဆိုသည်။

Ref: 7Day News Journal

ကမ္ဘာ့ပထမဦးဆုံး Windows Phone 8 စမတ်ဖုန်းဖြစ်သည့် Ativ S ကို Samsung မိတ်ဆက်ပြသ

ကိုရီးယားအီလက်ထရွန်နစ်ကုမ္ပဏီ Samsung က Windows Phone 8 အသုံးပြုထားသည့် ကမ္ဘာ့ပထမဦးဆုံးစမတ်ဖုန်း Ativ S ကို ဘာလင် မြို့တွင်ကျင်းပသည့် IFA ပြပွဲ၌ မိတ်ဆက်ပြသခဲ့သည်။
Vita ဆိုသည့်စာလုံးကို နောက်ပြန်ခေါ်ဆိုကာ အမည်ပေးထားသည့် Ativ S ကို ပါးလွှာသည့် ဒီဇိုင်းအသွင်ဖြင့် ပြုလုပ်ထားပြီး ၄.၈ လက်မအရွယ် HD Super AMOLED display, 1GB RAM နှင့် 1.5GHz dual-core processor တို့ကို အသုံးပြုထားသည်။ HSPA+42 နှင့် တွဲဖက်အသုံးပြုနိုင်ပြီး ဓာတ်ပုံရိုက်ကူးရန်အတွက် ဖုန်း၏ကျောဘက်တွင် 8-megapixel ကင်မရာနှင့် LED flash ပါဝင်ကာ အရှေ့ဘက်တွင် 1.9-megapixel front-facing ကင်မရာ ပါဝင်သည်။
MicroSD card နှင့် NFC အထောက်အပံ့များပါဝင်ပြီး သိုလှောင်မှုစနစ်အနေဖြင့် 16GB နှင့် 32GB အမျိုး အစားဖြင့် ရရှိမည်ဖြစ်သည်။ 2,300 mAh ဘက်ထရီကို အသုံးပြုထားသည့်အတွက် အမေရိကန်ဈေး ကွက်အတွက် Music Hub နှင့် Media Hub ကဲ့သို့သော Samsung app များပါဝင် သည်။ ဈေးနှုန်းနှင့် ရောင်းချမည့်နေ့ကိုမူ မသိရသေးကြောင်း သိရှိရသည်။

Ref: CNET

Tuesday, August 28, 2012

ဗဟန်းမြို့နယ် အောင်ချမ်းသာအိမ်ရာရှိ ဒီလှိုင်းဂျာနယ်တိုက်ရှေ့ ကားပေါ်တွင် မိုင်းအစစ်၏ အစိတ်အပိုင်း ၅၀ရာခိုင်နှုန်း ပါဝင်သည့် မိုင်းအတုတစ်လုံးတွေ့ရှိ

 ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အရှေ့ရွှေဂုံတိုင်ရပ်ကွက် အောင်ချမ်းသာအိမ်ရာရှိ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေသော ဒီလှိုင်းဂျာနယ်တိုက်ရှေ့ကားပေါ်တွင် မိုင်းအစစ်၏ အစိတ်အပိုင်း ၅၀ ရာခိုင်ပါဝင်သည့် မိုင်းအတုတစ်လုံးကို သြဂုတ်လ (၂၈) ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သတင်းရ ရှိပါသည်။ 
 ဖြစ်စဉ်မှာ Forward SEC ကုမ္ပဏီလီမိတက်ပိုင် ဆူဇူကီးပစ်ကပ်ကားပေါ်တွင် မသင်္ကာဖွယ်ရာ ဂဏန်းပေါင်းစက်နှင့် ၀ါယာကြိုးများပါဝင်သည့် ကြွပ်ကြွပ်အိတ်အမဲထုတ်အား အဆိုပါကုမ္ပဏီ ယာဉ်မောင်းဖြစ်သူ ကိုမိုးဝင်းသန်းကနံနက် ၈ နာရီဝန်းကျင်အချိန်တွင် စတင်တွေ့ရှိခဲ့ရာ သက်ဆိုင်ရာသို့ သတင်းပေးပို့ခဲ့ကြောင်းနှင့် ၉ နာရီဝန်းကျင် အချိန်ခန့်တွင် အမှတ် (၉၀၅) ဘီအီးတပ်မှ မိုင်းရှင်းလင်းရေး အဖွဲ့ဝင် ၅ ဦး ရောက်ရှိလာပြီး စတင်ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

dwave1 

dwave2 

dwave3

အဆိုပါ မင်္သကာဖွယ်ရာ ပစ္စည်းအား စတင်တွေ့ရှိခဲ့သူ ယာဉ်မောင်းဖြစ်သည့် ကိုမိုးဝင်းသန်းက “ ကျွန်တော် ဖယ်ရီကြိုသွားဖို့ပါ။ ကားနောက်ခန်းမှာ အထုတ်တစ်ထုပ်ကို တွေ့လို့ကြည့်လိုက်တော့ ဂဏန်းပေါင်း စက်တွေ ၀ါယာကြိုးတွေတွေ့တာနဲ့ ပိုင်ရှင်ရယ်၊ ရပ်ကွက်ကတာဝန်ရှိသူတွေရယ်ကို အကြောင်းကြား ခဲ့တယ်”ဟု ပြောပြခဲ့ပါသည်။
ထိုသို့ ရှင်းလင်းမှုများပြုလုပ်ရာတွင် ကနဦးအစ၌ ဖျက်အားပြင်း မိုင်းဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ပြီး နည်းပညာ အကူအညီ၊ အနံ့ခံခွေးတို့၏ အကူအညီကိုရယူခဲ့ပြီး စစ်ဆေးရာ အဆိုပါမိုင်းအား ၉ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် မိုင်းအတုဟု စစ်ဆေးအတည်ပြုနိုင်ခဲ့ကြောင်းသိရပြီး အဆိုပါမိုင်းအတုတွင် ဂဏန်းပေါင်း စက်၊ ၀ါယာကြိုးနှင့် သံတိုသံစများ ပါဝင်ကြောင်း သိရသည်။
အမှတ် (၉၀၅) ဘီအီးတပ်မှ မိုင်းရှင်းလင်းရေးအဖွဲ့မှ မိုင်းရှင်းလင်းရေး အဆင့်ဆင့် ဆောင်ရွက်ပုံ
dwave4 
dwave5 
dwave6 
dwave7

အမှတ်(၉၀၅)ဘီအီးတပ်မှ မိုင်းရှင်းလင်းရေး အဖွဲ့တာဝန်ရှိသူတစ်ဦးက “တကယ့်မိုင်းအစစ်နဲ့ တူအောင် လုပ်ထားတဲ့မိုင်းအတုပါ။ မိုင်းအစစ်မှာတွေ့လေ့တွေ့ထရှိတဲ့ အစိတ်အပိုင်း ၅၀ ရာခိုင်နှုန်း ပါဝင်နေ တာတွေ့ရတယ်။ အဓိကအရေးကြီးတဲ့ယမ်းနဲ့ ဒီတိုနေတာ မပါတာဘဲ ကွာတာပါ”ဟုပြောပြခဲ့ပါသည်။ 
ထို့ပြင်၎င်းက “ဒါသာ တကယ့်မိုင်းအစစ်ဖြစ်ခဲ့မယ်ဆိုရင် အရမ်းအန္တရာယ်ရှိပါတယ်။ တကယ် ထိခိုက်ခဲ့ တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ ဒီလိုမသင်္ကာစရာတွေတွေ့ခဲ့ရင် သဲအိတ်တွေ ကာရံထားတာမျိုး တာယာကွင်းတွေ ကာရံထားတာမျိုးစတဲ့ အကာအကွယ်တွေပြုလုပ်ထားပြီး သက်ဆိုင် ရာကို အမြန်ဆုံးသတင်းပေးဖို့လိုအပ်ပါတယ်။ပြီးတော့ တွေ့ရှိတဲ့နေရာရဲ့ အနည်းဆုံးပေ ၁၅၀ ၀န်းကျင်ကို လူသူမရှိအောင် ဆောင်ရွက်ထားဖို့ လိုအပ်ပါတယ်”ဟု ဆက်လက်ပြောကြားခဲ့ ပါသည်။
တပ်မတော် မိုင်းရှင်းလင်းရေး အဖွဲ့ဝင်များသည် အဆိုပါဖြစ်စဉ်နေရာ၏ ဘေးပတ်ဝန်းကျင်နေရာများ ကိုလည်း မိုင်းရှင်းလင်းမှုများ ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ် အနီးတွင်ရှိသူ တစ်ဦးကလည်း “မိုင်းတွေ့တယ်လို့ဆိုတော့ အရမ်းလန့်သွားပါတယ်။ သက်ဆိုင်ရာက အခုလိုလာရောက် ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မိုင်းအတုဖြစ်ဖြစ် မိုင်းအစစ်ဖြစ်ဖြစ် ဒါမျိုးတွေ မလုပ်သင့်ပါဘူး”ဟုပြောပြခဲ့ပါသည်။
ဖြစ်စဉ်အပြီးတွင် ရန်ကုန်တိုင်းဒေသကြီးနယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးဦးဝင်းနိုင်တို့ လာရောက်ကြည့် ရှုစစ်ဆေးခဲ့ကြကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့ခြင်းကြောင့် ထောင်ဒဏ်ကျခံနေရသော UN နှင့် INGO ၀န်ထမ်းသုံးဦးအား နိုင်ငံတော်သမ္မတ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြု

ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်မှုဖြင့် ထောင်ဒဏ်ကျခံနေရသော ၀န်ထမ်း (၃) ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြု လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။

အဆိုပါသုံးဦးမှာ
၁။ ဦးကာယက်စ်(ခ)ခင်ရွှေ (WFP) ထောင်ဒဏ် (၂) နှစ် 
၂။ ဦးအဏာဝါဆာဒဏ်(ခ)ခင်မောင် (UNHCR) ထောင်ဒဏ် (၃) နှစ် 
၃။ ဒေါ်ချိုလေးမာ(ခ)ချိုမာ (UNHCR/CSSEP) ထောင်ဒဏ် (၆) နှစ်
 ဖြစ်ကြပြီး ၎င်းတို့မှာ ကျူးလွန်ခဲ့သော ပြစ်မှုများကြောင့် ပြစ်ဒဏ်စီရင်ခြင်း ခံထားရသူများ ဖြစ်ကြသည်။

အဆိုပါအပြစ်ဒဏ်များမှာ ၂၀၁၂ခုနှစ်၊ ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ခဲ့သည့်၎င်းတို့ အား မောင်တောမြို့နယ်တရားရုံးမှ သြဂုတ်လ ၂၄ ရက်နေ့က ထောင်ဒဏ်အသီးသီး ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် မှားယွင်းဆောင်ရွက်မိကြောင်း ကြေညာချက် ထုတ်ပြန်ပေးရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်းအဆိုကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း ထောက်ခံမဲ ၄၄၇ မဲဖြင့် အနိုင်ရ

ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအနေဖြင့် လွှတ်တော်အသီးသီးမှ ဖွဲ့စည်းသည့်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း ဆုံးဖြတ်ချက်အတွက် လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး တည်ဆဲဥပဒေကို ဆန့်ကျင်ဆုံးဖြတ်ခဲ့ကြောင်းကို ခုံရုံးအနေဖြင့် ကြေညာချက်ပြန်လည် ထုတ်ပြန်ပေးရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်းအဆိုကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် ဗိုလ်မှူးကြီးလှထွန်း၊ ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ဦးနှင့် ဗိုလ်မှူးကြီးအောင်သီဟက ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း ထောက်ခံမဲ ၄၄၇ မဲဖြင့် အနိုင်ရရှိကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က သြဂုတ်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန်အစည်အဝေးတွင် ပြောကြားခဲ့သည်။

ပျော်ဘွယ်မဲဆန္ဒမှ ဦးမြင့်စိုးတင်သွင်းသည့် ''နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် လွှတ်တော်အသီးသီးက ဖွဲ့စည်းသည့်ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အ စည်းအဖြစ် ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ချက်သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် မှားယွင်းဆောင် ရွက်မိကြောင်း  ကြေညာချက်ထုတ်ပြန်ပေးရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းပေးရန်'' အဆို ကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးက ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

အဆိုနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၌ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးနေစဉ်
 (ဓာတ်ပုံ - ဝေယံဖြိုးဦး)

အဆိုကို မဲခွဲဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲပေးမှုအရ ဆန္ဒမဲပေးခွင့်ရှိသူ ၆၂၉ ဦးရှိသည့်အနက် ထောက်ခံမဲပေးသူ ၄၄၇ ဦးရှိပြီး ကန့်ကွက်မဲပေးသူ ၁၆၈ ဦးရှိကြောင်း သိရသည်။ ကြားနေမဲ အရေအတွက်မှာ လေးမဲ ရရှိခဲ့သည်။

Ref: Eleven Media Group

မိုးရွာရင် ခဏခဏပြင်ရတဲ့ ရန်ကုန်မြို့တွင် လမ်းများ ပြင်၍မဆုံးနိုင်

မိုးရာသီရောက်သည်နှင့် ရန်ကုန်မြို့ရှိလမ်းများမှာ အကြိမ်ကြိမ်အခါခါ ဖာထေးပြင်ဆင်ရလေ့ရှိသည့် ထုံးစံအတိုင်း ယခုနှစ်မိုးရာသီတွင်လည်း လမ်းပျက်များစွာကို အကြိမ်ကြိမ် ဖာထေးပြင်ဆင်ရလျက် ရှိကြောင်း၊ သို့သော် မည်မျှပြင်ဆင်ဖြစ်စေ ပြင်၍မဆုံးနိုင်အောင်ရှိနေကြောင်း မြို့နေပြည်သူများ က ပြောကြားခဲ့သည်။
ယခုမိုးတွင်းကာလ၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ယခင်နှစ်များကထက် များစွာ ပို၍ လမ်းပြင်ဆင်ဖာထေးခြင်း ပြုလုပ်ပေးသည်ဆိုသော်လည်း လက်ရှိအချိန်အထိ ရန်ကုန်မြို့ရှိ လမ်းစု စုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှာ ပျက်စီးသည့်လမ်းများ ဖြစ်နေဆဲဟု ထုတ်ပြန်ထားသည်။
ပြင်ဆင်ခြင်းမပြု၍ ပျက်စီးခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံ၏ဓလေ့အတိုင်း ရေရှည်ကောင်းမွန်မည့် လမ်းပြင်ဆင် မှု နည်းစနစ်များအအတိုင်း တိကျစွာ လိုက်နာပြင်ဆင်ခြင်းမပြုဘဲ ကာလတိုအဆင်ပြေမည့် လမ်းခင်းစနစ် များကိုသာ အသုံးပြု၍ ပြင်ဆင်ခြင်းကြောင့် ပြင်ဆင်မဆုံးနိုင်အောင် ဖြစ်နေရခြင်းဟုလည်း ကျွမ်းကျင်သူ များက ထောက်ပြခဲ့ကြပါသည်။

ရန်ကုန်မြို့ ဘုရင့်နောင်လမ်းမတစ်နေရာ

ထိုသို့ ရေတိုနည်းစနစ်ကိုသာ အသုံးပြုခြင်းသည် ရန်ကုန်မြို့နေ အများပြည်သူများ၏ သွားလာရေးအတွက် သာမက အများပြည်သူ ထည့်ဝင်ထားသည့် ဘတ်ဂျက်များကို မလိုအပ်ဘဲ ပိုမိုကုန်ကျစေသည်အထိ ထိခိုက်လျက်ရှိသည်ဟုလည်း သုံးသပ်ကြသည်။
ယခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အများပြည်သူ ပေးဆောင်ရသည့် အမှိုက် ခွန်၊ ရေခွန်စသည်ဖြင့် အခွန်များအား နှစ်ဆနီးပါးအထိ တိုးမြှင့်ကောက်ခံလျက်ရှိပြီး ယာဉ်ရပ်နားခနှင့် ညအိပ်ခွန်ကိုလည်း တိုးမြှင့်ကောက်ခံထားခြင်း ဖြစ်သည်။

ယခင်နှစ်က ရန်ကုန်မြို့တွင်း လမ်းများပြင်ဆင်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ရရှိသည့် ဘဏ္ဍာငွေခွဲတမ်း စုစုပေါင်း၏ ၂၁ ရာခိုင်နှုန်းအား သုံးစွဲခဲ့ပြီး ယခုနှစ်တွင်လည်း ဘဏ္ဍာငွေခွဲတမ်း စုစုပေါင်း၏ ၂၁ ရာခိုင်နှုန်းကို လမ်းအတွက်သုံးစွဲရန် လျာထားကြောင်း ထုတ်ပြန်ထားသည်။
အကယ်၍ ရေရှည်ကောင်းမည့် နည်းစနစ်ကို အသုံးပြုမည်ဆိုပါက တစ်ကြိမ်သာ အကုန်အကျခံရမည်ဖြစ်ပြီး အကြိမ်ကြိမ်ပြင်ဆင်ရ၍ ကုန်ကျခြင်းထက် အများပြည်သူဘဏ္ဍာများကို ချွေတာရာရောက်မည်ဖြစ်သည်ဟု လည်း ရန်ကုန်မြို့နေပြည်သူများက ပြောကြားခဲ့သည်။
သြဂုတ်လ ၂၇ ရက်နေ့က ကျင်းပသည့် ဒေသတွင်းသယ်ယူ ပို့ဆောင်ရေးဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ရေး ဆွေးနွေးပွဲတွင်လည်း လေ့လာထားသူပညာရှင်များက လက်ရှိရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့ မှုများ ဖြစ်ပေါ်နေရသည့် အဓိကအချက်များထဲတွင် လမ်းပျက်စီး၍ ပိတ်ဆို့ရသည့်အချက် ပါ ၀င်ကြောင်း ထောက်ပြခဲ့ကြသည်။

ရေတိုစနစ်ကိုသာ အသုံးပြုပြီး လမ်းခင်းခြင်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအပေါ် အင်ဂျင်နီယာ တစ်ဦး၏ အင်ဂျင်နီယာပိုင်း သုံးသပ်ချက်စာတမ်းတွင် 'လမ်းဖောက်လုပ်ခြင်းလုပ်ငန်းမှာ နည်းပညာပိုင်း အားဖြင့် အထူးဆန်းသစ်မှု မရှိသောနည်းပညာသာ ဖြစ်သည်။ လမ်းဖောက်လုပ်ခြင်းမပြုမီ ဆောင်ရွက်ရမည့် လမ်းအား အမျိုးအစားသတ်မှတ်ခြင်း၊ အခြေခံလိုအပ်ချက်များ လေ့လာခြင်းနှင့် တည်ဆောက်မည့် ၀န်ထမ်း များအားလုံး နားလည်လိုက်နာစေမှသာ ကုန်ကျစရိတ်ဖြင့် ကိုက်ညီသည့် လမ်းအမျိုးအစား ရရှိမည်။ လက်ရှိတွင်မူ ရန်ကုန်မြို့တွင်း၌ လမ်းပြင်ဆင်နေသည့် အင်ဂျင်နီယာများသည် လမ်းတည်ဆောက်မှုအ တွက် သတ်မှတ်ထားသည့် အခြေခံတည်ဆောက်မှုစနစ်များကို လိုက်နာခြင်းမရှိဘဲ တည်ဆောက်နေသည် ကို ၀မ်းနည်းဖွယ်တွေ့မြင်နေရပြီး ထိုသို့သောစနစ်ဖြင့် ပြည်တွင်းပြည်ပငွေများနှင့် အကုန် အကျခံလုပ် ကိုင်နေခြင်းမှာ ပြည်သူ့ဘဏ္ဍာများအတွက် နှမြောစရာဖြစ်သည်။ ထို့သို့ အခြေခံအချက်များကို တိကျစွာ မလိုက်နာဘဲ တည်ဆောက်နေသည့်အတွက် အကြိမ်ကြိမ် ပြန်လည်ပြုပြင်ရခြင်းကြောင့် အချိန်ကုန်၊ ငွေ ကုန်ဖြစ်သည့်အပြင် အများပြည်သူ ပုံမှန်သွားလာနေသည့် ယာဉ်ကြောများကိုလည်း ပိတ်ဆို့စေသည်'ဟု သုံးသပ်ဖော်ပြထားသည်။

မြို့တွင်း၌ လမ်းပြင်ဆင်ရာတွင်လည်း အများပြည်သူသွားလာမှုကို အနှောင့်အယှက်မဖြစ်သည့် ညအချိန် တွင် ပြင်ဆင်ခြင်းမပြုဘဲ အများပြည်သူ သွားလာမှုပြုသည့် နေ့အချိန်တွင်သာ ပြင်ဆင်နေသည့် စနစ်ကြောင့်လည်း ယာဉ်ကြောပိတ်ဆို့မှုဖြစ်သည့်အပြင် လမ်းသားမသေ၍ မကြာခဏ ပြန်လည်ပျက်စီး ရခြင်းဟု ဆိုကြသည်။
''ညမပြင်ဘူး။ လူအများသွားလာတဲ့နေ့မှာ ပြင်တဲ့အတွက် လမ်းကိုအချိန်ယူပြီး ကြံ့ခိုင်အောင် ပြင်ဆင် ချိန်မရဘူး။ ပြင်ပြီးတယ်ဆို လမ်းသားတောင် မသေဘူး၊ ဖွင့်လိုက်တော့ ကားအသွားအလာများတဲ့ နေ့ ဘက်ဆိုတော့ ကားက သွားလိုက်တာနဲ့တင် ပြန်ပျက်။ ဒီလိုပဲ ဆေးမြီးတိုနည်း နဲ့ ပြင်နေတော့ ခဏခဏပြင် ရလို့ အများပြည်သူအခွန်တွေလည်း မလိုအပ်ဘဲ ပိုကုန်တယ်၊ လမ်းပိတ်တယ်။ ခဏလေး အ ဆင်ပြေအောင်ပြင်ပေးတဲ့စနစ်က အရိုးစွဲနေကြပြီ။ ရေရှည်ကောင်းအောင်ပြင်တဲ့ လမ်းပြင်စနစ်က အထူးအ ဆန်း နည်းပညာလည်း မဟုတ်ဘူး။ အများပြည်သူဘတ်ဂျက်တွေကို ဖြုန်းတီးရာရောက်သလို စည်ပင် မှာ ရေရှည်ခံအောင် လမ်းပြင်ဆင်တဲ့နည်းပညာ မရှိသေးဘူးလား မေးရမလိုဖြစ်နေပြီ။ ဒါမှမဟုတ် တကယ်ပဲ ခဏခဏ ပြင်ရတာကိုပဲ ကြိုက်နေတာလား''ဟု အင်ဂျင်နီယာတစ်ဦးက ပြောပါသည်။
 
တာမွေမြို့နယ်ရှိ တောင်မြင်းပြိုင်ကွင်းလမ်းအား တွေ့ရစဉ်

လက်ရှိတွင် ရန်ကုန်မြို့၌ ပြင်ဆင်ဖာထေးနေသည့်ကြားမှ များစွာပျက်စီးနေသည့် လမ်းများထဲတွင် ဘုရင့်နောင်လမ်း၊ သမိုင်းဘူတာရုံလမ်း၊ သံသုမာလမ်း၊ လှည်းတန်းလမ်းဆုံ၊ အချိန်ကြာမြင့်စွာ စောင့် ဆိုင်းရသည့် တာမွေလမ်းငါးခွဆုံမီးပွိုင့်ကို ခဏအတွင်း ရှောင်ကွင်းသွားလာနိုင်သည့် တောင်မြင်းပြိုင်ကွင်း လမ်းအပါအ၀င် ယာဉ်အများဆုံး အသုံးပြုသွားလာနေသည့်လမ်းများမှာ အပျက်စီးဆုံးဖြစ်နေသည်။
"အခု အဆိုးဆုံးလမ်းကိုပြဆိုရင် တောင်မြင်းပြိုင်ကွင်းလမ်းပဲ။ ကျွန်တော်တစ်မြို့လုံး တက္ကစီပတ် မောင်းတာ ဒီလမ်းလောက်ဆိုးတဲ့လမ်း မရှိဘူး။ ကားတစ်စီးလုံးကို နှဲ့ချိုးနေသလိုပဲ။ လှည်းတန်းမီးပွိုင့်နဲ့ အင်းစိန်လမ်း တစ်လျှောက်လည်း သွားကြည့်ကြဦး၊ ဘယ်လောက်ပျက် စီးနေလဲဆိုတာ။ ဘုရင့်နောင်လမ်းဆုံ တစ်ဝိုက် လည်း သွားကြည့်ကြဦး၊ ချိုင့်ရှောင်ရင်းနဲ့ ကားတိုက်မှုတောင်ဖြစ်ဦးမယ်''ဟု တက္ကစီယာဉ်မောင်းတစ်ဦး က ပြောပါသည်။
တောင်မြင်းပြိုင်ကွင်းလမ်း၌ နေထိုင်သူတစ်ဦးက ''ဆိုက်ကားတောင် လမ်းထဲ မလိုက်ဘူး။ ပြောမနေနဲ့ ချိုင့်ထဲကျတာ ခွေခွင်ပြီး ဆိုက်ကားပါ ချိုင့်ကွက်ထဲမှာ နစ်နေတာ။ ဒီလို ချိုင့်ကွက်ပေါင်း အများကြီး ဒီလမ်း ထဲမှာ။ အခု ကားငှားရင်လည်း လမ်းထိပ်ကပဲ ဆင်းရတယ်။ ကြာပြီ ဖြစ်နေတာ ပြင်ဖို့မပြောနဲ့၊ လာတောင် မကြည့်ဘူး''ဟု ပြောပြခဲ့သည်။
''ကျွန်တော့်အသက် ၄၅ နှစ် ကျော်ပြီ။ ရန်ကုန်မှာ လမ်းပြင်တဲ့စနစ်က အပေါက်တွေ့ရင် ချိုင့်ကွက်ထဲ က ရေကို ရေခွက်ကလေးနဲ့ပက်ထုတ်ပြီး နယ်ထားတဲ့ကတ္တရာကို ပက်ထည့်လိုက်တယ်။ ပြီးရင် ကြိတ်စက်မ ပါဘူး။ လက်ကိုင်ပြီး ထုတဲ့ သစ်တုံးနဲ့ထုတယ်။ ပြီးရင် လမ်းဖွင့်ပေးလိုက်တယ်၊ ကားလည်းသွား၊ ကားဘီးမှာ အကုန်ကပ်ပါသွားပြီး လမ်းက ပြန်ပေါက်နေတာပဲ။ အခုထိ ဒီလိုလုပ်တာကို မပြင်သေးဘူး။ ပြည်သူ့ငွေကုန် တာပဲ အဖတ်တင်တယ်''ဟု တောင်ဥက္ကလာတွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။
အများပြည်သူ ပေးထားသည့်အခွန်ဘဏ္ဍာများအား ဖြုန်းတီးရာရောက်သည့် ယခုကဲ့သို့ ပြင်၍ မဆုံးနိုင်သည့် နည်းလမ်းဟောင်းမျိုး အသုံးပြုခြင်းအား ဆက်လက်မပြုလုပ်သင့်ဟု မြို့ခံများက ဆိုကြသည်။
 
ရန်ကုန်တစ်မြို့လုံးရှိ လမ်းအရေအတွက်စာရင်း
ကတ္တရာလမ်း - ၂၁၀၁ လမ်း (၅၈၁ မိုင်ကျော်)
ကတ္တရာကွန်ကရိလမ်း - ၁၇၆၀ လမ်း (၅၁၇ မိုင်)
ကွန်ကရိလမ်း - ၃၂၉၀ လမ်း (၆၈၈ မိုင်ကျော်)
မှတ်ချက်။ ။ အဆိုပါလမ်းများထဲမှ ၇၀ ရာခိုင်နှုန်းမှာ ပျက်စီးနေသောလမ်းများ ဖြစ်နေကြောင်း ထုတ်ပြန်ထားသည်။

အမှတ်(၁) လျှပ်စစ်စွမ်းအားနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး နှစ်ဦးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်တို့အား နိုင်ငံတော်သမ္မတက ရာထူးမှ နုတ်ထွက်ခွင့်ပြု

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် မြင့်၊ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်း၊ ပြည်ထောင်စုစာရင်း စစ်ချုပ် ဦးလွန်းမောင်တို့အား ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်းကို သြဂုတ် လ ၂၈ ရက်နေ့တွင် အမိန့်များ ထုတ်ပြန်၍ ကြေညာခဲ့သည်။
ထို့အတူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးစိုးဝင်းအား သာသနာရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးလိုက်ကြောင်းကိုလည်း သြဂုတ်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။
ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ရန် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများအား သမ္မတ ဦးသိန်း စိန်က အမိန့်များထုတ်ပြန်၍  သြဂုတ်လ ၂၇ ရက်နေ့က စတင်ကာ ပြောင်းလဲတာဝန်ပေးအပ်လိုက် ပြီး ပြောင်းလဲတာဝန်ပေးအပ်လိုက်သော ပြည်ထောင်စုဝန်ကြီးများမှာ ကိုးဦးဖြစ်သည်။ ထို့အတူ ဒုတိယ ၀န်ကြီး ၁၅ ဦးကိုလည်း ခန့်အပ်တာဝန်ပေးခဲ့သည်။
“၀န်ကြီးဌာနတွေမှာ Reform Plan တွေ ဆောင်ရွက်နေတာရှိပါတယ်။ ခုကိစ္စကတော့ လူမှန်၊ နေရာ မှန် ပေါ့နော်။ သွားမယ့်စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ပြည်တွင်းငြိမ်းချမ်းရေး အဲဒါတွေကို အလေးပေး ပြီး ဖော်ဆောင်သွားမယ့် အခင်းအကျင်းကို စတာပေါ့။ အလေးပေး ဆောင်ရွက်ချင်တဲ့နေရာမှာ ထားသင့်တဲ့ လူမှန်၊ နေရာမှန် ပြောင်းရွှေ့တာဝန်ပေးတာပေါ့နော်။ အဲဒါက Reform ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ဖို့ပါ”ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ပြောကြားခဲ့သည်။
ယခု ပြည်ထောင်စုဝန်ကြီးများ နှင့် ဒုတိယ၀န်ကြီးများအား ပြောင်းလဲတာဝန်ပေးအပ်လိုက်ခြင်းသည် ၂၀၁၁ ခုနှစ် မတ်လတွင် စတင် တာဝန်ယူခဲ့သည့် သမ္မတဦးသိန်းစိန် လက်ထက် အကြီးမားဆုံး အစိုးရ အဖွဲ့ ပြုပြင်ပြောင်းလဲမှုလည်း ဖြစ်သည်။
ပြောင်းလဲတာဝန်ပေးလိုက်သော ပြည်ထောင်စုဝန်ကြီးများမှာ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးလှထွန်း၊ ဦးတင်နိုင်သိန်း၊ ဦးအောင် ကြည်၊ ဦးကျော်ဆန်း၊ ဦးအုန်းမြင့်၊ ဦးအေးမြင့်၊ ဦးတင့်ဆန်းတို့ ဖြစ်ကြသည်။
ဦးစိုးသိန်းအား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်လည်းကောင်း၊ ဦးအောင်မင်းအား ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သမ္မတ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်လည်းကောင်း၊ ဦးလှထွန်းအား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးမှ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်လည်းကောင်း၊ ဦးတင်နိုင်သိန်းအား အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးအောင်ကြည်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးမှ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးကျော်ဆန်းအား ပြန်ကြားရေး ၀န်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မှ သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် လည်းကောင်း၊ ဦးအုန်းမြင့်အား သမ၀ါယမ၀န်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးအေးမြင့်အား သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးတင့်ဆန်းအား ဟိုတယ်နှင့် ခရီး သွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ အားကစားဝန်ကြီးဌာ န ပြည်ထောင်စုဝန်ကြီး အဖြစ်လည်းကောင်း ပြောင်းလဲ တာဝန်ပေးခဲ့သည်။ ( သြဂုတ်လ ၂၇ ရက်၊ နိုင်ငံ့ပိုင် သတင်းစားများတွင်-ရှု )
ဒုတိယ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သူများထဲတွင် အမျိုးသမီးလေးဦး ပါဝင်ပြီး ပညာရှင်အချို့ လည်း ပါဝင်သည်ကို တွေ့ ရသည်။
သမ္မတဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ အဆက် မပြတ်ဆောင်ရွက်လာမှုကြောင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို နိုင်ငံတကာ က ဖြေလျော့ဆိုင်းငံ့မှုများ ပြုလုပ်လာကြသလို မြန်မာနိုင်ငံတွင်လာရောက် ရင်းနှီးမြှုပ်နှံကြရန်လည်း စိတ်ဝင်စားလာကြသည်။
ပြီးခဲ့သည့်လများကလည်း အစိုးရအဖွဲ့တွင် ၀န်ကြီးများ အပြောင်းအလဲ ရှိနိုင်သည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။

Sunday, August 26, 2012

New D-Wave Facebook စာမျက်နှာနှင့် D-Wave စာစောင်တို့ သက်ဆိုင်ခြင်းမရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူက တုံ့ပြန်

7475a

Facebook လူမှုကွန်ရက်စာမျက်နှာ မှတစ်ဆင့် ပုဂ္ဂိုလ်ရေးအပုပ်ချမှုများကို လုပ်ဆောင်လာသော New D-Wave Facebook Account နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေနေသော D-Wave စာစောင်တို့ သက်ဆိုင်ခြင်းမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးအုန်းကြိုင်က တုံ့ပြန်ပြောဆိုခဲ့သည်။

New D-Wave Facebook Account သည် ယခုနှစ်ဦးပိုင်းမှစတင်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ အထူးသဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို ဦးတည်ပြီး အစိုးရအဖွဲ့ဝင်များ အပါအ၀င် ပြည်တွင်းမီဒီယာများကိုပါ တိုက်ခိုက်ရေးသားလာခဲ့ခြင်းဖြစ်သည်။

New D-Wave ဆိုတာ ကျွန်တော်တို့ရဲ့ D-Wave မဟုတ်ပါဘူး။ သိလည်းမသိပါဘူး။ ဘယ်လိုနည်း နဲ့ပေါ်လာတာလဲ ဆိုတာလည်း စဉ်းစားလို့မရပါဘူး။ ဒီလိုနည်းမျိုးနဲ့ ပုဂ္ဂိုလ်ရေးအပုပ်ချတာမျိုးကို ကျွန်တော် တို့ လက်မခံပါဘူး။ ဒါဟာမမှန်မကန်လုပ်တယ်လို့ပဲ သိပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ အလွန်ကို အောက် တန်းကျတဲ့ ကိစ္စတွေပါ။ ကျွန်တော်တို့ခေါင်းဆောင်ကလည်း ဒီလိုအောက်တန်းကျတဲ့ အလုပ်တွေ မလုပ်ဖို့ပြောထားပါတယ်။ နာကျည်းချက်တွေကို ရှေ့တန်းတင်ပြီး လုပ်တဲ့ဒီလိုလုပ်ရပ်တွေဟာ မလုပ်အပ် တဲ့အရာတွေလို့ ကျွန်တော်တို့ခေါင်းဆောင်က ပြောထားပါတယ်”ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေနေသော D-Wave စာစောင်ကို ဦးဆောင်လုပ်ကိုင်နေသူများထဲမှ တစ်ဦးဖြစ်သည့် ဦးအုန်းကြိုင် က ပြောပါသည်။

New D-Wave Facebook ၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအား ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဆောင်းပါးကို ယခု ရက်သတ္တပတ်အတွင်း ဖော်ပြထားပြီး ထိုဆောင်းပါး၌ “မြင်ရသလောက်ကတော့ တိုးနိုင်မန်းဟာ Egress နေ၀င်းမောင်ရဲ့တပည့်၊ Eleven, The Voice, Street View နဲ့ အခြားဂျာနယ်အတော်များများကို ကိုင်ထားတယ်”ဟူသော စာသားတစ်ရပ်ကို ထည့်သွင်းရေးသားခဲ့သည်။

ယင်းစာသားနှင့်ပတ်သက်ပြီး The Voice Weekly သတင်းဂျာနယ်မှ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ကို မေးမြန်းခဲ့ရာ “ကျွန်တော်တို့ဝက်ဘ်ဆိုက်မှာရော Facebook မှာပါ ကြေညာချက်တစ်စောင် ထုတ်ထားပါ တယ်။ ကျွန်တော်တို့ဟာ ဘယ်သူ့သြဇာခံမှ မဟုတ်ဘူး။ လွတ်လပ်တဲ့သတင်းမီဒီယာသာ ဖြစ် တယ်။ နောက်ဆုံး Myanmar Egress ကိုထောင်တဲ့သူတွေထဲမှာ ဒေါက်တာနေ၀င်းမောင်ပါလို့ အဲဒါ နဲ့ချိတ်ပြီး ပြောဆိုကြတယ်။ ဒါပေမဲ့ဒေါက်တာနေ၀င်းမောင်က Myanmar Egress မှာ လုပ်ပေမယ့် ဂျာနယ်နဲ့ပတ်သက်တာတွေကို ကျွန်တော်တို့ကိုလွှဲထားတဲ့အတွက် လွတ်လပ်တဲ့သတင်းမီဒီယာတစ်ခု အနေနဲ့ပဲ ကျွန်တော်တို့ရပ်တည်ခဲ့ပါတယ်။ အခုကိစ္စမှာ တိုးနိုင်မန်း ဆိုတာ ဦးရွှေမန်းရဲ့သား၊ စီးပွားရေး လုပ်ငန်းတွေလုပ်တဲ့သူလို့ပဲ ကျွန်တော်တို့သိထားတာပါ။ လူချင်းလည်းတစ်ခါမှ မတွေ့ဖူးသလို လုပ်တယ်ဆို တာလည်းမဟုတ်ပါဘူး။ ဘာမှလည်း လုပ်စရာအကြောင်း မရှိပါဘူး။ နောက်ပြီး ကျွန်တော်တို့က Myanmar Egress ရဲ့လက်အောက်ခံလည်း မဟုတ်ပါဘူး” ဟုပြောပါသည်။

Eleven Media Group အနေ ဖြင့်လည်း စတင်တည်ထောင်ချိန်ကပင် မည်သည့်ရင်းနှီးမှုမျိုးကမှ Eleven Media Group ၏ Policy အပေါ်လွှမ်းမိုးမရနိုင်ကြောင်း Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောပါသည်။
"Eleven Media Group စတည် ထောင်ကတည်းက ဘယ်ရင်းနှီးခင်မင်မှုမျိုးကမှ ကျွန်တော်တို့ရဲ့ Policy ကို လွှမ်းမိုးလို့မရပါဘူး။ သူတို့စွပ် စွဲထားသလိုလည်း အဲဒီသူတွေနဲ့ အရမ်းရင်းနှီးတာမျိုး မရှိပါဘူး။ ဘယ်သူ ဘယ်အဖွဲ့အစည်းကမှ ကျွန်တော် တို့ Policy ကိုလွှမ်းမိုးလို့ မရဘူး။ အလွှမ်းမိုးမခံခဲ့ဘူး”ဟု Eleven Media Group မှ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောပါသည်။

“အခုလို အပြောင်းအလဲကာလကြားထဲမှာ ခလောက်ဆန်ချင်တဲ့ လူတွေရှိတယ်။ ရှေးရိုးစွဲတွေ ၊ ပြုပြင်ပြောင်းလဲမှုကို နောက်ပြန်ဆွဲချင်တဲ့လူတွေ၊ အဲဒီလူတွေက ကိုယ့်အခွင့်အာဏာရဖို့အတွက် တပည့်ခံ၊ မြှောက်ပင့်ပြီးတော့ Key Player တွေ ကြားထဲမှာ နားလည်မှုလွဲမှားအောင် ကိုယ့်ရဲ့အတ္တနော မတိနဲ့ သတင်းဖြန့်တာတွေရှိတယ်။ အတိတ်မှာလည်း ဒါတွေရှိခဲ့ဖူးတယ်။ ဗိုလ်ချုပ်နဲ့ ကွန်မြူ နစ်ခေါင်းဆောင်တွေအကြား၊ ဦးကျော်ငြိမ်းနဲ့ ဦးနုအကြား၊ ဦးနုနဲ့ ဗိုလ်ချုပ်နေ၀င်း အကြားအစရှိသဖြင့် နားလည်မှုလွဲအောင်တွေလုပ်ခဲ့တဲ့ သာဓကတွေ ရှိတယ်။ အခုလည်းရှိတယ်။ စကတည်းက နာမည်ခံပြီး လုပ်တာမဟုတ်တဲ့အတွက် မမှန်မကန်လုပ်တာပဲ ဖြစ်ပါတယ်။ ဒါကို ဖတ်တဲ့လူတွေက သူတို့ရဲ့အသိဥာဏ်၊ သူတို့ရဲ့ စဉ်းစားတွေးခေါ်ပုံနဲ့ ပိုင်းဖြတ်မှာပါပဲ “ဟု ဦးကျော်မင်းဆွေက ပြောသည်။

လက်ရှိအချိန်တွင် ဘက်ပေါင်း စုံမှဝါဒဖြန့်ချိရေးသမားများမှာ Facebook ကဲ့သို့သော လူမှုကွန်ရက်ဝက်ဘ် ဆိုက်များအပါအ၀င် အွန်လိုင်းမီဒီယာများ၌ နေရာယူမှုများလာပါသည်။ အွန်လိုင်းမီဒီယာအသီးသီးသို့ ၀င်ရောက်နေရာယူလာသည့် ၀ါဒဖြန့်ချိရေးသမားများမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကို (အထူးသဖြင့် သမ္မတကြီး ဦးသိန်းစိန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေးသမားများ၊ မီဒီယာ သမားများ အပေါ်) ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဘက်ပေါင်းစုံဝါဒဖြန့်ချိရေး လုပ်ဆောင်ကြသူများတွင် အစိုးရဘက်မှ လုပ်ဆောင်မှုများရှိသည်ဆိုသော သုံးသပ်ချက်များရှိခဲ့ပြီး သတင်းနှင့်ပတ်သက်သောဌာန အပါအ၀င် ဌာနဆိုင်ရာအချို့မှ ၀ါဒဖြန့်ချိမှု လုပ်ဆောင်သူအရေအတွက်မှာ ပြည်တွင်းရှိ Facebook သုံးစွဲသူ အရေအတွက်၏ ၃၀ ရာခိုင်နှုန်းဝန်း ကျင်ခန့်ရှိနေနိုင်ကြောင်း ခန့်မှန်းပြောဆိုမှုများရှိကြောင်း သိရသည်။

အွန်လိုင်းမီဒီယာမှ ဘက်ပေါင်းစုံဝါဒဖြန့်ချိသူများအနက် အများစုကို ဌာနဆိုင်ရာတစ်ခုတည်းမှ လုပ်ဆောင်နေသည်ဆိုသော သုံးသပ်မှုများမှာ ယခုနှစ်မေလအတွင်း ထွက်ပေါ်ခဲ့ဖူးသည်။ အဆိုပါ သုံးသပ်မှုများနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိကြီးတစ်ဦး၏ ဓာတ်ပုံကိုအသုံးပြုပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများကို လုပ်ဆောင်နေသည့် Facebook Account တစ်ခု ထွက်ပေါ်ခဲ့ပါသည်။ အဆိုပါ Facebook Account ပိုင်ရှင်၏အမည်မှာ စစ်အောင် (Sit Aung)  ဖြစ်ပြီး  ၀ါဒဖြန့် ချိရေးဘလော့တစ်ခုအဖြစ် လူသိများသော ပိတောက်မြေ၀က်ဘ်ဆိုက် (ယခုအချိန်တွင် ၀က်ဘ်ဆိုက်ကို ပိတ်သိမ်းခဲ့ပြီးဖြစ်ပါသည်)နှင့် ချိတ်ဆက်မှုရှိခဲ့သည်ဟု သိရသည်။ Sit Aung အမည်ဖြင့် ရေးသားသော Account  ပိုင်ရှင်မှာလည်း အဆိုပါဝါဒဖြန့်ချိရေး ဘလော့များနည်းတူ လုပ်ဆောင်မှုများကို Facebook အတွင်း လိုက်လံ လုပ်ဆောင်နေသူတစ်ဦးဖြစ်ကြောင်း  အချက်အလက်အချို့အရ သိရသည်။

Sit Aung အမည်ဖြင့် ၀ါဒဖြန့်ချိရေးနှင့် ပုဂ္ဂိုလ်ရေးအပုပ်ချတိုက်ခိုက်မှုများ လုပ်ကိုင်ခဲ့သည့် Facebook Account တွင် အသုံးပြုခဲ့သော Profile ဓာတ်ပုံမှာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြာရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်၏ ဓာတ်ပုံဖြစ်ပြီး ဓာတ်ပုံကို blur ပြုလုပ်ကာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။Sit Aung အသုံးပြုထားသည့် ဓာတ်ပုံသည် ဦးရဲထွဋ်၏ဓာတ်ပုံ ဖြစ်သဖြင့်Sit Aung သည် ဦးရဲထွဋ်ဖြစ်နိုင်သည်ဟူသော ခန့်မှန်းပြောဆိုမှုများရှိလာချိန်တွင် အဆိုပါဓာတ်ပုံကို ပြောင်းလိုက်ပြီး ယင်းဓာတ်ပုံသည် အင်တာနက်မှရလာသော ဓာတ်ပုံကို အသုံးပြုထားခြင်းသာဖြစ်ကြောင်း Sit Aung က ၎င်း၏ Facebook တွင် ပြောဆိုခဲ့သည်။ ဦးရဲထွဋ်ကလည်း Sit Aung သည် ၎င်းနှင့်သက်ဆိုင်ခြင်းမရှိကြောင်း Facebook စာမျက်နှာမှ ပြန်လည် ရှင်းလင်းခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်၏ ဓာတ်ပုံကို blur ပြုလုပ်အသုံးပြုထားသည့် Sit Aung သည် ၎င်း၏ Facebook စာမျက်နှာ၌ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကိုတိုက်ခိုက်ခဲ့ဖူးပြီး ထိုအရေးအသားများနှင့် New D-Wave တွင် ရေးသားထားသော အရေးအသားပုံစံများမှာ တူညီမှုရှိနေကြောင်း သုံးသပ်မှုများ ရှိနေပါသည်။

မြန်မာနိုင်ငံ၌ အင်တာနက်အသုံးပြုခွင့်ရရှိခဲ့ပြီးနောက် ၂၀၀၅ ခုနှစ် အချိန်တွင် ဘလော့ရေးသားမှုများ စတင်ပေါ်ပေါက်ခဲ့ပါသည်။ ထိုသို့ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း ၂၀၀၆ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်အချိန်များတွင် ဘလော့ရေစီးအား ကောင်းစွာပေါ်ထွက်လာခဲ့ပါသည်။ ထိုအချိန်ကပင် အစိုးရနှင့် အတိုက်အခံနှစ်ဖက်စလုံး တွင် ဘက်ပေါင်းစုံ ၀ါဒဖြန့်ချိရေးဘလော့များရှိခဲ့ပါသည်။ ၂၀၀၈ ခုနှစ် နောက်ပိုင်းအချိန်တွင်မူ ပြည်တွင်း အင်တာနက် သုံးစွဲသူများအကြား လူမှုကွန်ရက်ဝက်ဘ်ဆိုက်ဖြစ်သော Facebook ရေစီးစတင်လာခဲ့ပြီး ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များတွင် ပိုမိုအားကောင်းလာခဲ့ပါသည်။

၂၀၁၁ ခုနှစ်သို့ ရောက်ရှိချိန်၌ ဘက်ပေါင်းစုံဝါဒဖြန့်ချိရေး ဘလော့ပေါင်းများစွာ ရှိလာသည့်အနက် Myanmar Express နှင့် Voice of Myanmar အစရှိသည့် ၀က်ဘ်စာမျက်နှာနှစ်ခုမှာ သိသာထင်ရှား သော ၀ါဒဖြန့်ချိရေး ၀က်ဘ်စာမျက်နှာများ ဖြစ်လာခဲ့ပါသည်။

Facebook လူမှုကွန်ရက်၌ D-Wave  စာစောင်နှင့် ဆင်တူယိုးမှား အမည်သုံးပြီး  ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းအပေါ် “အပြုသဘောနဲ့ ပြေလည်အောင် ဆောင်ရွက်ရမယ့် ဒီလိုအချိန်မှာ ကျွန်တော်တို့ရဲ့ D-Wave  နဲ့ ဆင်တူယိုးမှား New D-Wave  ဆိုပြီး ပုဂ္ဂိုလ်ရေးအပုပ်ချတာတွေ လုပ်လာ တာကို အလွန်စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်တို့မှာ D-Wave  ဆိုတာတစ်ခုပဲ ရှိပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ လိုအပ်လို့ရှိရင် ကျွန်တော်တို့ D-Wave  ဂျာနယ်မှာ ဆောင်းပါးဖြစ်ဖြစ် တစ်ခုခု အနေနဲ့ တုံ့ပြန်ရေးသားသွားပါမယ်” ဟု ဦးအုန်းကြိုင်က ပြောပြခဲ့သည်။

ထို့အပြင် Facebook လူမှုကွန်ရက်စာမျက်နှာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နီးစပ်သူတစ်ဦး အသွင်ဖြင့် ဒီမိုဖက်တီး၊ အဂ္ဂမဟာဒီမို ဖက်တီးအစရှိသော အမည်များအသုံးပြု၍ နိုင်ငံတော်သမ္မတကြီး အပါအဝင် လူအများအပြားအား ပုဂ္ဂိုလ်ရေးအပုပ်ချမှုများ ရေးသားသော Facebook Account ပိုင်ရှင်သည် NLD နှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း ဦးအုန်းကြိုင် က ပြောကြားခဲ့ပါသည်။

“ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ အဲဒီလူနဲ့ ကျွန်တော်တို့ လုံးဝမသက်ဆိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ အမြင်၊ နိုင်ငံရေးအယူအဆတွေကို ပွင့်ပွင့်လင်းလင်း ပြောရဲပါတယ်။ ပုန်းလျှိုးကွယ်လျှိုး အလုပ်တွေ ကျွန်တော်တို့မလုပ်ပါဘူး။ ဒီလိုလုပ်နေတာတွေကိုလည်း အားမပေးပါဘူး။ တိုင်းပြည်အတွက်လည်း ဘာမှအကျိုးမရှိပါဘူး။ ကျွန်တော်တို့က အဖမ်းလည်းခံရတယ်။ ထောင်လည်း အကျခံရဲတယ်။ ကျွန်တော်တို့ အမြင်တွေကို ပြောဖို့ D-Wave ရှိပါတယ်”ဟု ဦး အုန်းကြိုင်က ပြောကြားခဲ့ပါသည်။

မည်သို့ပင်ဆိုစေကာမူ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ရှိနေသော ဘက်ပေါင်းစုံ ၀ါဒဖြန့်ချိရေး သမားတွင် ဌာနဆိုင်ရာအချို့မှ ရေးသားနေသူ အများအပြားလည်း ရှိနေကြောင်းနှင့် အစိုးရ၊ အတိုက်အ ခံနှင့် မီဒီယာများအကြား သတင်းအမှားများထုတ်ပြန်ပြီး သံသယပွားမှုများရှိစေရန် လုပ်ဆောင်နေသူများ ရှိနေသည်မှာ New D-Wave Facebook Account က သက်သေခံနေကြောင်း သိရသည်။

ပုဂ္ဂိုလ်ရေးအပုပ်ချ ၀ါဒဖြန့်ချိသူများအနေဖြင့် အွန်လိုင်းအခြေပြုဘလော့များနှင့် လူမှုကွန်ရက် ၀က်ဘ်ဆိုက် များတွင် အခိုင်အမာ နေရာယူထားလျက်ရှိပြီး အခွင့်ကြုံသည်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံ အင်အားစုများ၊ နိုင်ငံရေးသမားများနှင့် အများပြည်သူ၏ ယုံကြည်မှုရရှိထားသော ပြည်တွင်း မီဒီယာများကို တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။

“Myanmar Express နဲ့ Voice of Myanmar နဲ့ ၀ါဒဖြန့်ချိရေး Facebook Account တော်တော်များမှာ အချိန်ကောင်းကိုစောင့်ပြီး ပေါ်လာလေ့ရှိတယ်။ အထူးသဖြင့် လူထုကြားမှာ အတိုက်အခံနဲ့ မီဒီယာသ မားအပေါ် ထောက်ခံမှုများလာပြီဆိုရင် အဲဒီဝါဒဖြန့်ချိရေးသမားတွေက ပုဂ္ဂိုလ်ရေးအပုပ်ချရေးသားမှုတွေ လုပ်လာတယ်။ ဥပမာအားဖြင့် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ စည်းရုံးရေးခရီးစဉ်တွေ၊ ဥရောပခရီးစဉ်တွေ၊ နိုင် ငံတကာမှာ အောင်မြင်မှုတွေရလာပြီဆို သူတို့ရဲ့အပုပ်ချရေးသားမှုတွေ နေရာစုံက ဆက်တိုက်ထွက်လာ တယ်။ ဒီလိုပါပဲ  Eleven Media ရဲ့မြစ်ဆုံကိစ္စလို၊ (၁)ခြောက် လုံး (၁၁-၁၁-၁၁)ပွဲလို၊ စာနယ်ဇင်းကောင် စီကိစ္စလို လူထုကြားမှာ ယုံကြည်မှုမြင့်လာပြီဆိုရင် အပုပ်ချတိုက်ခိုက်တာကို လုပ်လာခဲ့တယ်။ အခုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို အပုပ်ချတဲ့ကိစ္စလည်းဒီလိုပါပဲ။ လွှတ်တော်တွေရဲ့ အခန်းကဏ္ဍက ကျယ်ပြန့်လာတဲ့အချိန်မှာ အပုပ်ချမှုတွေ လုပ်လာတယ်။ ပြဿနာတွေ ရှုပ်ထွေးစေတယ်။  အဲလို လုပ်ဆောင်မှုတွေက ဌာနဆိုင်ရာအချို့ရဲ့ ၀ါဒဖြန့်ချိရေးယန္တရားရဲ့ လုပ်ဆောင်မှုမျိုးလို့ ထင်စရာတွေ ဖြစ်နေ တယ်လို့ တချို့က သုံးသပ်ကြတယ်။ အဲဒီလိုလုပ်တဲ့အထဲမှာ အစိုးရအရာရှိကြီးတချို့ ပါဝင်နေတယ် လို့ ပြောတာတွေရှိတယ်။ ဒါမျိုးတွေက ဒီကာလမျိုးမှာ မရှိသင့်တော့ပါဘူး။ အစိုးရအနေနဲ့လည်း ဒီလို လုပ်ဆောင်မှုတွေမှာ တာဝန်ပေးထားတာ မဟုတ်ဘူးဆိုရင် မဟုတ်တဲ့အကြောင်းကို ရှင်းလင်းသင့်တယ်။ ကိုယ့်သဘောနဲ့ ကိုယ်လုပ်နေကြတယ် ဆိုရင်လည်း ဒီလိုရည်ရွယ်ချက်ရှိရှိနဲ့ တိုင်းပြည် ထိခိုက်အောင် လုပ်နေတာတွေကို ဖော်ထုတ်အရေးယူသင့်တယ်”ဟု Weekly Eleven News Journal ၏ စာဖတ်ပရိသတ် Facebook ပုံမှန်သုံးစွဲသူတစ်ဦးက သုံးသပ် ပြောကြားခဲ့ပါသည်။


Thursday, August 23, 2012

ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့လာသည့် သ၀ဏ်လွှာကို လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်သဖြင့် လွှတ်တော်သို့ တင်ပြမှုရွှေ့ဆိုင်း

ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတရုံး၏ ၁၇-၈-၂၀၁၂ ရက်စွဲပါ စာအမှတ် ၁၀၇ (၁)/၈/ သမ္မတရုံးဖြင့် ပေးပို့သော နိုင်ငံတော်သမ္မတ၏သဝဏ်လွှာကို လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက် မှုများရှိလာသဖြင့် သြဂုတ်လ ၂၃ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ဖတ်ကြားတင်ပြခြင်းနှင့် မှတ်တမ်း တင်ခြင်း ဆောင်ရွက်ခြင်းတို့ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့် က ပြောကြားခဲ့သည်။
ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က "ယနေ့အစည်းအဝေးမှာ အစီအစဉ် ၆ ကို ကန့်ကွက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိတဲ့အတွက် ရွှေ့ဆိုင်းပါတယ်"ဟု ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော်သမ္မတမှ ပေးပို့သည့်သ၀ဏ်လွှာနှင့်အတူ  သတင်းသုံးသပ်ချက် မှတ်တမ်းများပါရှိသည်။ သတင်းသုံးသပ်ချက် မှတ်တမ်းများတွင် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု အခြေအနေ၊ လမ်းပန်းဆက်သွယ်မှု အခြေအနေများ၊ အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်းမှု အခြေအနေ၊ ရခိုင်တိုင်းရင်းသားများ၏ အခြေအနေ၊ ဘင်္ဂါလီမူဆလင်များ၏ အခြေအနေ၊ နိုင်ငံတကာ၏ တုံပြန်မှုများ၊ လတ်တလော ဖြေရှင်ဆောင်ရွက်မှုများ၊ ရေရှည်ဆောင်ရွက်ရန် အစီအမံများ၊ စီးပွားရေး၊ ဥပဒေစိုးမိုးရေး၊ဘာသာရေးဆိုင်ရာအကြောင်းအရာများကို ထည့်သွင်းပေးပို့ထားကြောင်း သိရှိရသည်။

သ၀ဏ်လွှာတွင် ရခိုင်တိုင်းရင်းသားများ၏အခြေအနေကို သုံးသပ်ရာတွင် 
(က) နိုင်ငံရေးပါတီများ၊ သံဃာအချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ ခေါင်းဆောင်၍ လူမျိုးရေးမုန်းတီးမှု စိတ်ဓာတ်ကို အလွန်အကျွံ မြှင့်တင်ခြင်း၊ လူမျိုးရေးအရ အဆင်အခြင်မဲ့စွာ တိုက်ခိုက်လိုစိတ်ကို လှုံဆော်ခြင်းတို့ ဆောင် ရွက်လျက်ရှိသည်။ နိုင်ငံတွင်းနှင့် နိုင်ငံတကာရှိ ရခိုင်အသိုက်အ၀န်းများသို့ပါ ချည်းကပ်စည်းရုံး ဆောင်ရွက် လျက်ရှိသည်။
(ခ) နိုင်ငံအနှံ့အများတွင် နေထိုင်သည့် ဘင်္ဂါလီမူဆလင်များအပေါ် အကြမ်းဖက်ရန်ကိုလည်း အဆက် မပြတ်ကြံစည် လုပ်ဆောင်လျက်ရှိသည်။
(ဂ) မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် ရခိုင်တိုင်းရင်းသားများ၏ အကျိုးစီးပွား ကို ဖော်ဆောင်ခြင်းမပြု၊ ကာကွယ်ပေးခြင်းမရှိဘဲ သယံဇာတများကိုသာ ထုတ်ယူသုံးစွဲခဲ့သည်ဟူသော တိုင်းရင်းသားစည်း လုံးညီညွတ်မှု ပြိုကွဲစေသည့်လှုံဆော်မှုမျိုး တွေ့ရှိရသည်။
(ဃ) ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီများခိုးဝင်မှုကို ထိရောက်စွာ တားဆီးခြင်းမရှိ၊ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများအပေါ် အဂတိလိုက်စားသောဝန်ထမ်းများအား အရေးယူခြင်းမရှိကြောင်း အစိုးရအပေါ် စွပ်စွဲမှုအချို့ ရှိသည်။
(င) ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မဲအနိုင်ရရှိရေးကို မျှော်ကိုးလျက် ဥပဒေကို မျက် ကွယ်ပြုကာ ဘင်္ဂါလီမူဆလင်များအပေါ် မသင့်မလျော်ဆောင်ရွက်ပေးကြောင်း စွပ်စွဲလျက်ရှိသည်။
(စ) ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအရ ဘင်္ဂါလီမူဆလင်များ နိုင်ငံသားဖြစ်လာနိုင်သည့် အခြေအနေ ကိုလည်း နားလည်လက်ခံနိုင်ခြင်းမရှိကြောင်း တွေ့ရှိရသည်။
(ဆ) ဘင်္ဂါလီများကိုသာ တစ်ဖက်သတ်ကူညီနေသည်ဟု ရှုမြင်ချက်ဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင် ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများအပေါ် ငြိုးထားကာ ယင်းအဖွဲ့အစည်းများ ဒေသတွင် မနေ ရဲအောင် လုပ်ကိုင်ဆောင်ရွက်လာသည်။
(ဇ) ရခိုင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်အချို့သည် ပဋိပက္ခကြောင့် ရပ်ဆိုင်းနေသည့် ဘင်္ဂါလီများ၏ စီးပွားရေးလုပ်ငန်းများကို အချောင်ရယူရန် ကြိုးပမ်းလာကြောင်း တွေ့ရှိရသည်။
(ဈ) ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအားလုံး စိတ်ဆိုင်ရာ ထိခိုက်ခံစားရလျက်ရှိသည်။ ထို့ကြောင့် အခွင့်အလမ်းများ ဆုံးရှုံးလျက်ရှိသည် စသည့်အချက်များပါဝင်သည်။ 

ဘင်္ဂါလီမူဆလင်များ၏ အခြေအနေကို သုံးသပ်ရာတွင်
(က) ဘင်္ဂါလီမူဆလင်များတွင် သာမာန်ပြည်သူများနှင့် ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းများဟု အပိုင်း (၂) ပိုင်း တွေ့ရသည်။
(ခ) သာမန်ပြည်သူများသည် ဘ၀ရပ်တည်ရေး အသက်ရှင်နေထိုင်ရေးကိုသာ အာရုံပြုနေရသည်။ အမျိုး သမီးနှင့် ကလေးများသည် လူဦးရေ၏ လေးပုံသုံးပုံခန့်ရှိပြီး အသက်မွေးဝမ်းကျောင်းမှု အခက်အခဲများကို ရင်ဆိုင်နေရသည်။
(ဂ) ပညာတတ်မြောက်မှု နည်းပါးပြီး၊ ဘာသာရေးအစွန်းရောက်များ၏ လွှမ်းမိုးမှုအောက်တွင် နေထိုင်ရခြင်း၊ မည်သည့် မီဒီယာနှင့်မျှ ထိတွေ့မှုမရှိခြင်း၊ ဗဟုသုတ နည်းပါးခြင်းတို့ကြောင့် အဆမတန်လူဦးရေတိုးပွားမှုကို ထိန်းချုပ်ရန် နားမလည်ခြင်းတို့သည် ဘင်္ဂါလီများ၏ လက်တွေ့ဘ၀ ဖြစ်နေသည်။ အစွန်းရောက် အစ္စလမ်မော်လ၀ီအချို့သည် ဘာသာရေးမှိုင်းပြ၍ လူဦးရေများပြားမှုကို အသုံးချရန် ကြံစည်လျက်ရှိသည်။
(ဃ) အစ္စလာမ်ဘာသာရေး အစွန်းရောက်အဖွဲ့အစည်းများသည် ပြည်ပရှိ အစ္စလာမ်ဘာသာဝင်နိုင်ငံများ၊ အစ္စလာမ်အစွန်းရောက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး ထောက်ပံ့မှုများ ရယူလျက် ၎င်းတို့ အလို ကျ ဆောင်ရွက်လျက်ရှိသည်။ အမျိုးသမီးများနှင့် ကလေးငယ်များ၏ ဒုက္ခဆင်းရဲမှုအခြေအနေကို ဗန်းပြ၍  နိုင်ငံတကာ၏ အမြင်တွင် လူသားချင်းစာနာမှုရှုထောင့်မှ အသာစီးရရန် ကြိုးစားလျက်ရှိသည်ဟု ဖော်ပြ ထားသည်။

ထိုသို့ကန့်ကွက်ရခြင်းနှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က "ကန့်ကွက်တဲ့အထဲမှာ ကျွန်တော်တို့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးပါတယ်။ ကျွန်တော်တို့က အခုဆို စုံစမ်းစစ်ဆေးရေး လွတ်လပ် တဲ့ ကော်မရှင်တစ်ခု ဖွဲ့ထားပြီးပြီ။ နိုင်ငံတော်သမ္မတရဲ့ သ၀ဏ်လွှာမှာပါတဲ့ အချက်ခြောက်ချက် က ယေဘုယျကောင်းပါတယ်။ ဘာမှကန့်ကွက်စရာ မရှိပါဘူး။ နောက်ထပ် သုံးသပ်ချက်ဆိုတဲ့ အပိုင်းမှာ ၁၀ ချက်က ရခိုင်တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ သုံးသပ်ထားတာ။ စွပ်စွဲထားတာပေါ့နော်။ ဒါတွေကို တစ်ချက်ချင်း ပြန်ကြည့်တဲ့အခါမှာ အခြေအမြစ်မရှိဘူးဆိုတာ ကျွန်တော်တို့တွေ့တယ်။ အဲဒါကြောင့် ကန့်ကွက်လွှာကို ကျွန်တော်တို့ တင်တာပါ။ ဥပမာ ဆိုပါတော့ဗျာ။ အဲဒီထဲက တစ်ချက်မှာ ဒီပဋိပက္ခကြောင့် ဘင်္ဂါလီ စီးပွားရေးသမားတွေရဲ့နေရာကို ရခိုင်တိုင်းရင်းသားတွေက အချောင်ရလိုစိတ် ရှိတယ်ဆိုတဲ့ သဘောမျိုး သုံးသပ်တယ်။ ဘဂါင်္လီ စီးပွားပျက်တယ် ဆိုတာက ရခိုင်လည်း စီးပွားပျက်မှာပဲ။ ဘင်္ဂါလီ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ နေရာကို အချောင်ရလိုတဲ့စိတ်၊ အဲဒါမျိုး သုံးထားတယ်။ ဒါမသုံးသင့်၊ မသုံးအပ် တဲ့ ကာလ။ အဲဒါမျိုး ကျွန်တော်တို့ ယုဆတယ်။ ဘာစီးပွားရေးတွေလဲ။ ဘယ်လိုအချောင်ရယူချင်တာလဲ။ စွပ်စွဲတဲ့ပုဂ္ဂိုလ်က ဘယ်လိုအဆင့်မြင့်တဲ့ပုဂ္ဂိုလ်က ဒီလိုကိစ္စကို စုံစမ်းစစ်ဆေးတာလဲ။ ဘာကြောင့် ဒီလိုကောက်ချက်ချတာလဲ။ ဘယ်လိုအချက်အလက်တွေ အခိုင်အမာရှိလဲ။ ဒါတွေကို မဖော်ပြဘဲနဲ့ ဒီလိုအချောင်ရလိုမှု ရှိတယ်ဆိုတာကို ဒီကာလ၊ ဒီလိုပြည်ထောင်စုလွှတ်တော်လိုဟာမျိုးမှာ ဒီလိုသုံး သပ်ချက် မပါသင့်ဘူး။ နောက်တစ်ခုက နိုင်ငံရေးပါတီတွေ၊ သံဃာတော်တွေ၊ တချို့ရခိုင်ပုဂ္ဂိုလ်တွေက ဒီပြဿနာဖြစ်အောင် ဖန်တီးတယ်ဆိုတဲ့သဘောလို။ လူမျိုးရေးစိတ်ဓာတ် ပြင်းထန်ပြီးကာမှ လူမျိုးရေး စိတ်ပိုပြီးတော့ ပေါက်ကွဲလာအောင် လှုံ့ဆော်တယ်။ အဲဒါမျိုး သုံးသပ်ထားတာရှိတယ်။ အဲဒါမျိုးတွေလည်း ဒီကာလ၊ ဒီလိုအခြေအနေမျိုးမှာ မသုံးသင့်၊ မသုံးအပ်သေးဘူးလို့မြင်တယ်။ ဘယ်လို အထောက်အ ထားတွေနဲ့ ပြောတာလဲ။ တစ်ကယ်ကော ဟုတ်ရဲ့လား။ ဒီဖြစ်စဉ်အပေါ်မှာ ပြန်ပြီးသုံးသပ်ဖို့လိုတယ်။ သုံးသပ်ချက်တစ်ခု ရှိရင်တော့ အထောက်အထားတော့ လိုမယ်လေ။ စွပ်စွဲချက်တစ်ခု ရှိရင်တော့ အထောက်အထား ခိုင်ခိုင်မာမာ ကျွန်တော်တို့က မသိရဘူး"ဟု ပြောပါသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်းက "သမ္မတကြီးရဲ့သ၀ဏ်လွှာချည်းပဲဆိုရင် ဘာမှမဖြစ်ပါဘူး။ ရိုးရိုးလေးပဲ သုံးသပ်ထားတာပါ။ နောက်ကသတင်း သုံးသပ်ချက်မှာ ရခိုင်ကအခြေအနေ ကို ပြောတဲ့အခါမှာ ရခိုင်အမျိုးသားများရဲ့ အခြေအနေတွေကို ဘင်္ဂါလီတွေရဲ့ အခြေအနေတွေလည်း ပါတယ်။ နောက်အခြားခေါင်းစဉ်တွေလည်း ပါပါတယ်။ ဒီနေရာမှာ ရခိုင်အမျိုးသားများရဲ့ အခြေအနေ ကို ပြောတဲ့အခါမှာ တင်းမာသွားပြီး ထိခိုက်တာတွေရှိတယ်။ ဒါ သမ္မတရေးတာတော့ မဟုတ်လောက်ပါဘူး။ အမှန်က သ၀ဏ်လွှာနဲ့ မတွဲဘဲနဲ့ သတင်းထုတ်ပြန်ရေးက သပ်သပ်လုပ်ရမှာ။ အခုဟာက သမ္မတရဲ့သဘော ထားလို ဖြစ်သွားတယ်လို့ ထင်ပါတယ်"ဟု ပြောဆိုခဲ့ပါသည်။

ရခိုင်အရေးနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးမှ ပြည်ထောင်စုလွှတ်တော်သို့ သြဂုတ်လ ၂၃ ရက်နေ့ က ပေးပို့သော သ၀ဏ်လွှာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
A1
A2
A3



Ref: Eleven Media Group

၂၀၁၁ ခုနှစ် မြန်မာ့အားကစားဆိုင်ရာ ထူးချွန်ဆုများ နေပြည်တော်တွင် ပေးအပ်မည်

မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားကလောင်ရှင်များအဖွဲ့ချုပ်တို့က ပူးပေါင်းချီးမြှင့် သည့် ၂၀၁၁ ခုနှစ်အတွက် အကောင်းဆုံးအားကစားသမားဆုများကို ချီးမြင့်ရာ အကောင်းဆုံး (အမျိုးသား) အားကစားသမားဆုကို ၀င်းထိုက် (လက်ရွေးစင်လှေလှော်ကစားသမား)၊ အကောင်းဆုံး (အမျိုးသမီး) အားကစားသမားဆုကို မအောင်ငှိမ်း(မြားပစ်အားကစားသမ)၊ အထူးဂုဏ်ပြုအားကစားသမားဆုကို ထွန်းမင်း (ကာယဗလ)နှင့် အအောင်မြင်ဆုံးအားကစားနည်းအဖြစ် လှေလှော်အားကစားအဖွဲ့ချုပ်တို့က အသီးသီးဆွတ်ခူးသွားသည်။
ဝင်းထိုက်သည် ပြီးခဲ့သည့် ၂၀၁၁ အင်ဒိုနီးရှားဆီးဂိမ်းတွင် ကနူးလှေပြိုင်ပွဲမှ ငွေတံဆိပ် ၃ ခု ၊ကြေးတံဆိပ် ၁ ခု နိုင်ငံအတွက် ရယူပေးနိုင်ခဲ့ပြီး၊ မအောင်ဌိမ်းသည် မြားပစ်အားကစားနည်းမှ ရွှေတံဆိပ် သုံးခု ဆွတ်ခူးပေးနိုင်ခဲ့သည်။ အထူးဆုချီးမြှင့်ခံရသည့်ထွန်းမင်းသည် အာရှတံခွန်စိုက်ကာယဗလပြိုင်ပွဲ ကီလို ၆၀ တန်းတွင် ငွေတံဆိပ် နှင့် ကမ္ဘာ့တံခွန်စိုက်ကာယဗလပြိုင်ပွဲတွင် ကြေးတံဆိပ်ရရှိခဲ့သူဖြစ်သည်။
အင်ဒိုနီးရှားဆီးဂိမ်းတွင် နိုင်ငံအတွက် ရွှေတံဆိပ် ၁၀ ခု ၊ ငွေ ၆ ခု ၊ ကြေး ၃ ခု ရရှိခဲ့သည့် မြန်မာ့လှေလှော် အားကစားအဖွဲ့ချုပ်သည် ၂၀၁၁ ခုနှစ် အတွက် အအောင်မြင်ဆုံးအားကစားနည်းအဖြစ် ဂုဏ်ပြုချီးမြှင့်ခံ ရခြင်းဖြစ်သည်။
ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၃ ရက်၊ ည ၇ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။ အကောင်းဆုံးအားသမားဆုရရှိသူအား ငွေကျပ်သိန်း ၂၀ ၊ အထူးဆုရရှိသူ အား ငွေကျပ် ၆ သိန်း၊ အအောင်မြင်ဆုံးအားကစားနည်းအား ဆုတံဆိပ်များ ချီးမြင့်မည်ဖြစ်သည်။
အဆိုပါဆုချီးမြှင့်ခြင်းအခမ်းအနားကို မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစားကလောင်ရှင်များအဖွဲ့ချုပ်တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
Ref: 7day News Journal

Wednesday, August 22, 2012

ဂျပန်မစ်ဆူဘီရှီကော်ပိုရေးရှင်း နေပြည်တော်တွင် ရုံးခွဲတစ်ခု ထပ်ဖွင့်မည်


ကျိုတို၊ သြဂုတ် - ၂၃
ဂျပန်နိုင်ငံ၏ အကြီးစားစက်မှုလုပ်ငန်းကြီးတစ်ခုဖြစ်သော မစ်ဆူဘီရှီကော်ပိုရေးရှင်းသည် နေပြည်တော်၌ လာမည့် စက်တင်ဘာ ၁ ရက်တွင် ရုံးခွဲတစ်ခု ဖွင့်လှစ်သွားမည်ဖြစ်သည်။။ ၁၉၅၄ မှစ၍ ရန်ကုန်တွင် ရုံးခွဲဖွင့်လှစ်ထားသော မစ်ဆူဘီရှီသည် ဖိုင်ဘာပစ္စည်းများ၊ စားသောက်ကုန်များ၊ သံမဏိနှင့် စက်ယန္တရား ထုတ်ကုန်များကို ကုန်သွယ်မှုဆောင်ရွက်နေပြီး၊ ကော်ပိုရေးရှင်းသည် နေပြည်တော်တွင် ရုံးခွဲထပ်မံဖွင့် လှစ်ခြင်းအားဖြင့် ၄င်းတို့လုပ်ငန်းအတွက် သတင်းအချက်အလက် စုစည်းမှုများ တိုးမြှင့်လုပ်ဆောင်သွား မည်ဟု ပြောကြားထားသည်။မစ်ဆူဘီရှီ၏ ရုံးဖွင့်ရခြင်းရည်ရွယ်ချက်မှာ ပြည်တွင်းရှိ အခြေခံဆောက်အအုံ ဆိုင်ရာဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ဖြစ်သည်ဟုဆိုသည်
Ref: The Japan Times

အခွေဆိုင်များဖမ်း၍ နိုင်ငံခြားရုပ်ရှင်ပရိသတ်များပါ အခက်တွေ့

ရန်ကုန်မြို့တွင်းရှိ နိုင်ငံခြားဇာတ်လမ်းတွဲများ၊ ဇာတ်ကားများကို ကြည့်ရှုသူအများစု အားထားနေရသော လက်လီရောင်းချသည့် လမ်းဘေးခွေဆိုင်များမှာ ခိုးကူးနှိမ်နင်းရေး စီမံချက်ကြောင့် ရောင်းချနိုင်ခြင်းမရှိ သည့်အတွက် ပြည်ပဇာတ်ကားများ၊ ဇာတ်လမ်းတွဲများ ကြည့်ရှုလိုသည့်ပရိသတ်များ အခက်တွေ့နေသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၏ အမှုဆောင်သစ်အဖွဲ့နှင့် ယခုနှစ် မေလဆန်းပိုင်းက တွေ့ဆုံပွဲတွင် တစ်ပိုင်တစ်နိုင် ရောင်းချနေသည့် နိုင် ငံခြားခွေရောင်းချသူများကို ညစ်ညမ်းခွေများမှလွဲ၍ ဖမ်းဆီးခြင်းမပြုရန် ပြောကြားထားခဲ့သော်လည်း ရုပ်ရှင်အစည်းအရုံးအမှုဆောင်သစ်များက ရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ ခိုးကူးနှိမ်နင်းရေးစီမံချက်များဖြင့် ဆက်တိုက်ဖမ်းဆီးနေမှုများကြောင့် လမ်းဘေးခွေရောင်းဆိုင်များမှာ ဇူလိုင်လမှစ၍ ရောင်းချခြင်းမ ရှိတော့ပေ။

''ကျွန်တော်တို့က အင်္ဂလိပ်ဇာတ်လမ်းတွဲခွေတွေ၊ အင်္ဂလိပ်ကားတွေကိုပဲ ၀ယ်ကြည့်တာ။ ဒီဆိုင်လေးတွေကို အားထားနေရတာ။ အင်္ဂလိပ်ကားသစ် သုံးခွေ တစ်ထောင်၊ ဇာတ်လမ်းတွဲဆို သုံးချပ်တစ်ထောင်နဲ့ ပုံမှန် ၀ယ်ကြည့်နေကျပဲ။ အခု အဖမ်းအဆီးရှိတယ်ဆိုတော့ ဘယ်ဆိုင်မှ မရောင်းတော့ဘူး။ ခွေအဆက်ပြတ်လို့ ၀ယ်ချင်တာတောင် ဘယ်သွားဝယ်ရမလဲမသိဘူး။ အရင်လိုစီမံချက်ရှိတုန်းကအတိုင်း ခဏလည်း မဟုတ်ဘူး။ တောက်လျှောက်ကို မတွေ့ရတော့ ခွေကြည့်ချင်တာ ဘယ်ဝယ်ရမှန်းမသိဘူး"ဟု ရန်ကုန် မြို့နေ ဂရပ်ဖစ်ဒီဇိုင်နာတစ်ဦးကပြောသည်

အဆိုပါ လမ်းဘေးခွေဆိုင်များမှာ နိုင်ငံခြားဇာတ်လမ်းတွဲများ၊ အင်္ဂလိပ်ဇာတ်ကားသစ်များကို အဓိက အားထားရောင်းချကြခြင်းဖြစ်ပြီး၊ ၀ယ်ယူကြည့်ရှုသူအနည်းစုကသာ မြန်မာဗီဒီယိုဇာတ်ကားများကို ၀ယ်ယူ သည်။ ထို့ကြောင့် နိုင်ငံခြားဇာတ်ကားများ ရောင်းချခြင်းကိုမူ ဖမ်းဆီးခြင်းမပြုသင့်ကြောင်း ဝေဖန်ပြောမှု များ ပေါ်ထွက်နေသည်။

''ကားသစ်တွေ ထွက်တာသိပြီး အရင်လိုချက်ချင်း မကြည့်ရတော့ဘူး။ ခွေရှာရတာလည်း ရှားလာတယ်။ နီးစပ်ရာလေး ရှာဝယ်တော့လည်း ခွေအရည်အသွေးကောင်း၊ မကောင်း အရင်လို စိတ်ကြိုက်မရွေးရဘူး။ ရတာယူပဲ။ အရင်ကဆို ခွေက မဲမှောင်နေတာတို့၊ မကြည်တာတို့ ပြန်လဲလို့ ရသေးတယ်။ အခု ရတာယူရတဲ့ အပြင် ဈေးလည်းနည်းနည်းတက်တယ်။ အင်္ဂလိပ်ကားတွေ၊ ကိုရီးယားဇာတ်လမ်းတွဲတွေတော့ ပေးရောင်း သင့်ပါတယ်"ဟု နိုင်ငံ ခြားဇာတ်ကားများ ပုံမှန်ကြည့်ရှုသူ ပရိသတ်တစ်ဦးကပြောသည်။

လမ်းဘေး ပလက်ဖောင်းတွင် ဖွင့်လှစ်ရောင်းချသည့် ခွေဆိုင်အများစုမှာ နိုင်ငံခြားဇာတ်ကားများ၊ ဇာတ် လမ်းတွဲများ သီးသန့်ရောင်းချခြင်းများရှိသကဲ့သို့ မြန်မာသီချင်းခွေဗီစီဒီ၊ ဒီဗီဒီချပ်များကို ပူးတွဲရောင်းချ သည့်ဆိုင်အချို့လည်း ရှိသည်။ ဖမ်းဆီးရာတွင် မြန်မာဗီစီဒီခိုးကူးချပ်များတွေ့ပါက တစ်ဆိုင်လုံးရှိ ခွေများကို သိမ်းဆည်းအရေးယူခြင်းတို့ကြောင့် ခွေဆိုင်များဘက်မှလည်း စွန့်စားရောင်းချခြင်း မရှိတော့ပေ။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်သစ်လက်ထက် လေးလနီးပါးအတွင်း ခိုးကူးဖမ်းဆီးမှုပေါင်း ၁၇၆ မှုရှိခဲ့ပြီး ယခုကာလကဲ့သို့ လမ်းဘေးခွေဆိုင်များ ကာလရှည်ကြာစွာ မရောင်းချရခြင်းမျိုးမရှိခဲ့ပေ။ ''တကယ်ဖမ်းမယ်ဆိုလည်း လက်ကြီးသမားကို ရအောင်ဖမ်းပေါ့။ ခုကျတော့ အလွယ်တွေ့ရတဲ့ လမ်းဘေး ဆိုင်တွေကို လိုက်ဖမ်းတယ်။ မြန်မာသီချင်းခိုးကူးတွေ တင်တဲ့ဆိုင်တွေလည်း ရှိပါတယ်။ ဒါပေမဲ့ တကယ် ထိထိရောက်ရောက် နှိမ်နင်းမယ်ဆိုရင်တော့ တွေ့သမျှ လမ်းဘေးဆိုင်ဖမ်းရုံနဲ့မရဘူး။ ဒိုင်တွေကိုပါ မိအောင်လုပ်ရမှာ"ဟု ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခု၌ ခွေရောင်းချသူတစ်ဦးကပြောသည်။

နိုင်ငံခြားဇာတ်လမ်းတွဲများ၊ ဇာတ်ကားများကို အဓိကရောင်းချသော လမ်းဘေးဆိုင်များကိုသာ ဦးတည်ဖမ်း ဆီးနေခြင်းကြောင့် အင်္ဂလိပ်ဇာတ်ကားနှင့် အခြားင်ငံခြားဇာတ်ကားများ၊ ဇာတ်လမ်းတွဲများ ကြည့်ရှုလိုသည့် ပရိသတ်များ အခက်ကြုံနေရသည်။

ရုပ်ရှင်ကြည့်သည်ကို ၀ါသနာပါသော လုပ်ငန်းရှင်တစ်ဦးက ၎င်း၏သားသမီးများကို မြန်မာဇာတ်ကားနှင့် အငြိမ့်ခွေများ ကြည့်ရှုခွင့်မပြုကြောင်းပြောသည်။ အကြောင်းမှာ မြန်မာဇာတ်ကားများမှာ အားထုတ်မှုနည်း ပါးပြီး ပရိသတ်အတွက် ယူစရာဘာမျှမရှိသည့်အပြင် အချို့ဇာတ်လမ်းများမှာ ကြည့်ရှုသူ၏ဂုဏ်ရည်ကိုပါ နိမ့်စေနိုင်သည့်အတွက်ဟု ဆိုသည်။ အငြိမ့်ခွေများမှာလည်း အောက်ပိုင်းပြက်လုံးများလွန်း၍ ကလေးငယ် များ အကျင့်မပျက်စေရန် ကြည့်ရှုခွင့်မပြုခြင်းဟု ၎င်းကရှင်းပြသည်။

''ခုဟာက အရင်လို ခွေပြန်ရောင်းချင်ရင် မြန်မာသီချင်းခွေကို လုံးဝတင်မရောင်းရတော့မလိုဖြစ်နေတယ်။ ၀န်ကြီးကလည်း နိုင်ငံခြားကားတော့ မဖမ်းပါနဲ့လို့ ပြောထားတော့ စီးပွားမပျက်ချင်ရင် မြန်မာသီချင်း ဗီစီဒီတွေ မရောင်းဘဲ နိုင်ငံခြားခွေလေးတွေတော့ ပြန်ရောင်းခွင့်ရချင်ပါတယ်"ဟု အခွေရောင်းချသူတစ်ဦး ကပြောသည်။
မြန်မာရုပ်ရှင်လောကမှာလည်း အနုပညာ၊ အနုပညာဟုသာ လက်ကိုင်သုံးနေသော်လည်း လက်တွေ့တွင် စီးပွားဖြစ်ပေါ်ပင်များသာ ရိုက်ကူးနေရာ မုန့်လုံးစက္ကူကပ်သာဖြစ်နေသည်။ ယခင်မြန်မာ့ရုပ်ရှင်ခေတ် ကအတိုင်း အရှုံးခံကာ အနုပညာပြသမှုမရှိသောကြောင့် နိုင်ငံခြားဇာတ်ကားများသာ မြို့နေပြည်သူများ ကြည့်ရှုလိုခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

Innamam,  Ref: 7Day News Journal

မြန်မာစာပေစိစစ်ရေးသတင်း တရုတ်ကို ဂယက်ရိုက်

http://burma.irrawaddy.org/wp-content/uploads/2012/08/China-Internet.jpeg
မြန်မာမီဒီယာလွတ်လပ်ခြင်းသည် တရုတ်ထက်သာလွန်ကြောင်း တရုတ်စာနယ်ဇင်းများက ထင်မြင်နေကြသည် (ဓာတ်ပုံ- Reuters)

မြန်မာပြည်က စာပေစိစစ်ရေး ဖျက်သိမ်းတဲ့သတင်းဟာ တရုတ်ပြည်မီဒီယာတွေမှာ ထောင့်ပေါင်းစုံနဲ့ တင်ပြရေးသားနေကြပြီး အွန်လိုင်းဖိုရမ်တချို့မှာဆို တရုတ်ပြည်ကရော မြန်မာလို လိုက်မလုပ်သင့်ဘူးလား လို့ မေးခွန်းတွေတောင် ထုတ်လာကြသည်ကို တွေ့ရသည်။
အဆိုပါ မြန်မာနိုင်ငံ စာပေစိစစ်ရေး ဖျက်သိမ်းတဲ့သတင်းအပေါ် တရုတ်မီဒီယာတွေရဲ့ ရှုမြင်ပုံ မတူခြား နားကြတာ တရုတ်အစိုးရ၏ သတင်းဌာနများ အတွင်းမှာကိုပဲ သဘောထားကွဲလွဲစွာ တွေ့နေရသည်။
တရုတ်အမျိုးသားရေးဝါဒယိမ်း သတင်းစာ The Global Times ဂလိုဘယ်လ်တိုင်းမ် သတင်းစာက တရုတ်တို့အနေနဲ့ ယင်းကို စံနမူနာမတင်သင့်ဘဲ ကိုယ့်မူကိုယ့်ဟန်နှင့်သာ စာပေလွတ်လပ်ခွင့်ကို ရယူ သင့်ကြောင်း ဝေဖန်ရေးသားထားသည်ကို တွေ့ရပြီး “တရုတ်နိုင်ငံ၏ သတင်းစာလွတ်လပ်ခွင့်သည် သင့်တင့်မျှတသော ခရီးရှည်ကြီးကို လျှောက်လှမ်းခဲ့ပြီဖြစ်သည်။ အနာဂတ်တွင် ပို၍ခရီးဆက်လှမ်းကြ ရဦးမည်။ တရုတ်တို့အနေဖြင့် စိတ်ရှုပ်ထွေးခံပြီး မြန်မာနှင့် ဗီယက်နမ် စသည့် နောက်ပေါက်ရွှေကြာနိုင် ငံများအား စံနမူနာယူနေခြင်းထက် အချိန်ကာလလမ်းကြောင်းအတိုင်းသာလိုက်ပါသင့်ပြီး နိုင်ငံ၏ လက်တွေ့ အခြေအနေကိုသာ ကြည့်သင့်သည်” ဟု ရေးသားထားသည်။
အဆိုပါသတင်းစာအာဘော်မှာ တရုတ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ စမ်းသပ်မှုများစွာဖြင့် အောင်မြင်စွာ အစမ်းသပ်ခံပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုက အခုမှအစ အဖူးအညှောင့် ထွက်ပြူခါစ ဖြစ် တယ်လို့လည်း ဆိုထားပြန်ပါသည်။
ဂလိုဘယ်လ်တိုင်းမ် အာဘော်ကို သတင်းစာရဲ့ အယ်ဒီတာချုပ် ဟူဇီဂျင်းက ရေးတယ်လို့ယူဆရပြီး သူ့ အာဘော်ထက် တရုတ်အစိုးရရဲ့ သတင်းစာ People’s Daily ပြည်သူ့နေ့စဉ်က သတင်းပေးပို့ချက်က ပိုပြီး မျှမျှတတ ရှုမြင်သုံးသပ်ထားသည်ကို တွေ့ရသည်။ ဒီကနေ့ဟာ မြန်မာဂျာနယ်လစ်တွေအတွက် မဟာအောင်ပွဲ လို့ ရန်ကုန်အခြေစိုက်သတင်းစာဆရာတယောက်ကို ကိုးကားပြီး ဘန်ကောက်က တရုတ် သတင်းထောက် ဆွန်ဂွမ်ယွန်းက ရေးခြင်းဖြစ်သည်။
တရုတ်ဆိုရှယ်မီဒီယာတွေမှာ ဂလိုဘယ်လ်တိုင်းမ် အာဘော်ကို ဝေဖန်သံတွေ ညံနေတယ်လို့ The Wall Street Journal ဝေါလ်စတြိဂျာနယ် သတင်းစာက ရေးခဲ့ပြီး၊ တရုတ် Tweeter တွီတာလို့ ပြောနိုင်တဲ့ အင်တာနက် အသုံးပြုသူ ၃၀ ရာခိုင်နှုန်းက အသုံးပြုနေတဲ့ မိုက်ခရိုဘလော့ဂ်ဝန်ဆောင်မှု Weibo ဝေဘိုးမှာ တယောက်က “ဂလိုဘယ်လ်တိုင်းမ်အာဘော်က မြန်မာနှင့် ဗီယက်နမ်အပေါ် သဘောထားဟာ ဒီနိုင်ငံ မှာ ဖြစ်ပျက်နေတဲ့ချမ်းသာသူက ဆင်းရဲသူကို ဆက်ဆံတာနဲ့ အတူတူပဲ။ တောသူဌေးအထာမျိုးနဲ့  အပေါ် စီးက နှိမ်ချဆက်ဆံတာ” လို့ရေးကြောင်း ဝေါလ်စတြိက ဆိုပြန်သည်။
မြန်မာတွေ စာပေစိစစ်ရေး ဖျက်သိမ်းလိုက်မှုအပေါ် စိတ်ဝင်စားမှုတွေကလည်း တရုတ်ပြည်မှာ အမျိုးမျိုးအဖုံဖုံရှိနေပြန်ရာ၊ နှစ်များစွာအကြာ မြန်မာပြည်အရေး သတင်းပို့နေသူ ကူမင်းအခြေစိုက် ဂျာနယ်လစ် ယင်ဟုန်ဝေက မီဒီယာလွတ်လပ်လာတာဟာ အစိုးရ၊ စစ်တပ်၊ တိုင်းရင်းသားတွေ နဲ့ နိုင်ငံတကာရဲ့အကျိုးစီးပွားတွေအပေါ် သက်ရောက်မှုရှိလာမယ်လို့ ဧရာဝတီ သတင်းဌာန ကို ပြောကြား ခဲ့သည်။
“တရုတ်အကျိုးစီးပွားကတော့ ပြည်တွင်းရန်မီးပွားစရာ ပစ်မှတ်သစ်တစ်ခု ဖြစ်လာလိမ့်မယ်” လို့ပြော ပြီး မြန်မာ့မီဒီယာအခင်းအကျင်းသစ်ဟာ  ဥပဒေက နောက်ဆုံးဝင်ထိန်းဖို့လိုမယ့် “ရှုတ်ထွေးပွေ လီမှု ခေတ်တခေတ်”ကို ဝင်ရောက်လာပြီလို့လည်း သူကဆိုသည်။
၁၉၉၈ ခုကစလို့ စုံစမ်းထောက်လှမ်းဖော်ထုတ်မှုတွေနှင့် လူလေးစားခံရတဲ့ စီးပွားရေးမဂ္ဂဇင်း Caijing ကိုင်ဂျင်းကို တည်ထောင်ခဲ့ရာက စာပေစိစစ်ရေးကို စိန်ခေါ်ရေးမှာ ရှေ့တန်းရောက်လာတဲ့  အယ်ဒီတာချုပ် ဟူရှုလီကလည်း မြန်မာ့စာပေစိစစ်ရေး ဖျက်သိမ်းမှုအပေါ် သံသယရှိနေသည်။ သူ့ကိုယ်ပိုင်ဘလော့ဂ်မှာ “စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန အခုထိ ရှိနေဆဲပါ။ ပုံနှိပ်ထုတ်ဝေခွင့်လိုင်စင် ပြန်သိမ်းနိုင်ပြီး ပုံနှိပ် စာစောင်တွေ ရပ်ပစ်နိုင်တဲ့အခွင့်အာဏာကို ကိုင်ထားတုန်းပါ။ လွတ်လပ်တဲ့စာနယ်ဇင်းဆီ သွားရာလမ်းဟာ ဘယ်တော့မှ မချောမွေ့ပါဘူး။ ဘာပဲပြောပြော အနည်းဆုံးမြန်မာက ပထမခြေလှမ်းလှမ်းခဲ့ပါပြီ” လို့ရေးထား သည်။
ဂျာနယ်လစ် ကာကွယ်စောင့်ရှောက်ရေးကော်မတီရဲ့ မေလမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့စာပေစိစစ်မှုအများ ဆုံးနိုင်ငံစာရင်းမှာ မြန်မာက အဆင့် ၇ ရပြီး တရုတ်က ဒုတိယ ချိတ်သည်။ ဟောင်ကောင်၊ ဘေးဂျင်းနှင့် ရှန်ဟိုင်းက နိုင်ငံခြားသတင်းထောက်များအသင်းတွေ မနေ့က ရှားရှားပါးပါး ပူးတွဲပြီး “အကြမ်း ဖက်ခြင်း၊ ခြိမ်းခြောက်ခြင်းများမှ ဂျာနယ်လစ်များကို အကာအကွယ်ပေးရန်” တရုတ်အာဏာပိုင်တွေ ကို တောင်းဆိုတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဟောင်ကောင်အခြေစိုက် Phoenix Weekly ဖီးနစ် အပတ်စဉ်ရဲ့ အယ်ဒီတာချုပ် ရှီယုံကန်း ကလည်း မြန် မာအစိုးရဟာ မီဒီယာကို ထိန်းချုပ်ဖို့ထက် မြေတောင်မြှောက်ပေးရမယ်ဆိုတာ သဘောပေါက်သွားပုံပေါ် တယ်လို့ သူ့ဘလော့ဂ်မှာရေးပါတယ်။ “ကျနော်တို့ အိမ်နီးချင်းက အပြောင်းအလဲ တအားမြန်နေပြီ။ သူတို့ ကျနော်တို့ကို မစောင့်တော့ဘူး”တဲ့ဆို့ပြန်သည်။
သူ့အမြင်က ဝေဘိုးက အသံတွေနဲ့ အလားတူပြီး ဝေဘိုးမှာ တယောက်က “ကြည့်ရတာ မြောက်ကိုရီးယား နဲ့ ငါတို့ပဲ ကျန်ခဲ့ပြီ” လို့ရေးသလို တခြားတယောက်ကလည်း “အဲလို မဟာအောင်ပွဲ တရုတ်ဂျာနယ် လစ်တွေအတွက် ဘယ်တော့လဲ”တဲ့ဆိုဟန် ရေးသားခဲ့ကြောင်းသတင်းရရှိသည်။

Ref: ဧရာဝတီ

ရခိုင်ပြည်နယ်အရေးအား အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ် အဖြစ် ပုံဖော်ရန် ကြိုးပမ်း လုပ်ဆောင်မှုများကို မြန်မာနိုင်ငံအနေဖြင့် လက်ခံမည် မဟုတ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်

 
နိုင်ငံပိုင်သတင်းစာမှ  နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်

ရခိုင်ပြည်နယ်အရေးအား အပြည်ပြည်ဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် ပုံဖော်ရန် ကြိုးပမ်းလုပ်ဆောင်မှုများ ကို မြန်မာနိုင်ငံအနေဖြင့် လက်ခံမည်မဟုတ်ကြောင်း သြဂုတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါသည်။
အဆိုပါထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ပြည်ပသ တင်းဌာနများနှင့် ပြင်ပအဖွဲ့အစည်းအချို့၏ မဟုတ်မမှန်ချဲ့ထွင်၍ လုပ်ကြံထုတ်လွင့်နေသည့် သတင်းအမှား များကို အခြေခံပြီး ပြည်ပမှလူပုဂ္ဂိုလ်တစ်ဦးချင်းကသော်လည်းကောင်း၊ အဖွဲ့အစည်းအချို့ကသော် လည်းကောင်း သတင်းထုတ်ပြန်မှုများ ပြုလုပ်နေလျက်ရှိကြောင်း၊ ယင်းအကြမ်းဖက်မှုများမှာ မတူ ကွဲပြားသော ဘာသာနှစ်ခုအကြားဖြစ်ပွားသောပဋိပက္ခ မဟုတ်သလို၊ လူသားချင်း စာနာထောက်ထားမှုဆိုင် ရာ  ပြဿနာလည်း မဟုတ်ကြောင်း၊ ရာဇ၀တ်မှုတစ်ခုကို အကြောင်းပြု၍ နောက်ဆက်တွဲ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများသာဖြစ်ကြောင်း၊ ယင်းအကြမ်းဖက်မှုများတွင် ရခိုင်တိုင်းရင်းသား (၃၁) ဦး၊ ဘင်္ဂါလီလူမျိုး (၅၇) ဦး စုစုပေါင်း ၈၈ ဦး အသက်ဆုံးရှုံးခဲ့ပြီး နှစ်ဖက်စလုံးမှ ဘာသာရေး အဆောက်အအုံများနှင့် လူနေအိမ်ခြေများ မီးလောင် ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြခဲ့သည်။
ပျက်စီးဆုံးရှုံး သေကျေမှုများကို သုံးသပ်ကြည့်ပါက လူမျိုးတစ်စုက အခြားလူမျိုးတစ်စုအပေါ် တစ်ဖက်သတ် ဖိနှိပ်ညှင်းပန်းခြင်း မဟုတ်သည်မှာ ထင်ရှားကြောင်း၊ ဖြစ်ပျက်ခဲ့မှုများအပေါ် စုံစမ်းစစ်ဆေးရေးကိစ္စနှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်အရေးယူရန် စုံစမ်းရေးကော်မတီတစ်ရပ်ကို ချက်ချင်း ဖွဲ့စည်း၍ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်မှုတွင် ပြောကြား ခဲ့သည်။
ထို့အပြင် မြန်မာအစိုးရအနေဖြင့် မူဆလင်ဘာသာဝင်များအပေါ် အကြမ်းဖက်မူဝါဒများ မည်သည့်ကာလ အတွင်းမှ ကျင့်သုံးခြင်းမရှိကြောင်းနှင့် အစိုးရအနေဖြင့် ထိုဝါဒကျင့်သုံးကြောင်း အဖွဲ့အစည်းအချို့မှ စွပ်စွဲရေးသားမှုများကို လုံးဝပယ်ချကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြခဲ့ပါသည်။
ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ် ဘီးယား၊ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာကွင်တားနား၊ တူရကီနိုင်ငံခြားရေး ၀န်ကြီး မစ္စတာအာမက်ဒါဝူတိုဂလူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီ အသင်းဥက္ကဌ မစ္စတာယူဆွတ်ကာလာနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ကိုယ်စား လှယ် လက်ထောက်အတွင်းရေးမှူးချုပ် မစ္စတာအတ္တာအာမန်နမ်ဘက်ခစ်တို့အား လည်းဖိတ်ခေါ်၍ ရခိုင်ပြည်နယ်သို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုပြီး ဒုက္ခသည်များအတွက် အကူအညီအထောက်အပံ့ များ ပေးအပ်နိုင်ရန် စီစဉ်ပေးခဲ့ကြောင်း၊ (အိုအိုင်စီ) အတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာနိုင်ငံသို့ ကိုယ်တိုင် လာရောက်လိုကြောင်း အဆိုပြုလာသည့်အတွက် ၎င်းအဆင်ပြေချိန်တွင် လာရောက်ရန် ဖိတ်ခေါ်ထား ပြီဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များ ဖြစ်ရပ်မှန်ပေါ်ပေါက်စေရေးနှင့် အမျိုးသားအကျိုး စီးပွားတိုးတက်ရေး အကြံပြုရန်အတွက် အဖွဲ့ဝင် (၂၇)ဦး ပါ စုံစမ်းရေးကော်မရှင်ကို သြဂုတ်လ ၁၇ ရက်နေ့တွင် နိုင် ငံတော်သမ္မတရုံးမှ ဖွဲ့စည်းပေးခဲ့ကြောင်း၊ ၄င်းကော်မရှင်တွင် အစ္စလာမ်မစ် အပါအ၀င် ဘာသာရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ နိုင်ငံရေးသမားများ၊ အငြိမ်းစားဝန်ထမ်းများဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ဤကိစ္စကို ဘာသာရေးအကြောင်းပြုပြီး နိုင်ငံရေးအရဒေသတွင်း သို့မဟုတ် အပြည်ပြည် ဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် ပုံဖော်ရန် ကြိုးပမ်းလုပ်ဆောင်မှုများကို မြန်မာနိုင်ငံအနေဖြင့် လက်ခံမည် မဟုတ်ကြောင်း၊ ထိုလုပ်ရပ်များသည် ပြဿနာအတွက် အဖြေရှာရေးကို အထောက်အကူမပြုပဲ ပိုမိုရှုပ်ထွေး ခက်ခဲစေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထုတ်ပြန်ချက်အဆုံးတွင် ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသတွင်း ပြန်လည်ရရှိနေပြီဖြစ်သော တည်ငြိမ်အေးချမ်း မှုများကို ထိခိုက်စေမည့် ပြင်ပမှဝင်ရောက်စွက်ဖက်မှုများ၊ သွေးထိုးလှုံ့ဆော်မှုများကို ရပ်တန့်သင့် ပြီဖြစ်ကြောင်းနှင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သူများအကြား ပြန်လည် သင်ြ့မတ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်သာ အားပေးဆောင်ရွက်သင့်ကြောင်း ဖော်ပြ ထားပါသည်။

စကိုင်းနက် ယခုနှစ် ပရီးမီးယားလိဂ်ပွဲစဉ်များ မလွှင့်တော့

ရန်ကုန်၊ သြဂုတ်-၂၁

ပြည်တွင်းအခပေး ရုပ်သံလိုင်းတစ်ခုဖြစ်သော စကိုင်းနက် (Sky Net) က ယခုနှစ်အတွက် ပရီးမီးယား လိဂ် ဘောလုံးပွဲစဉ်များကို ပြသနိုင်တော့မည် မဟုတ်ကြောင်း ယင်းရုပ်သံလိုင်း၏ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

ယမန်နှစ်က စကိုင်းနက်ရုပ်သံလိုင်းများတွင် ပြသနိုင်ခဲ့သည့် အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်များကို ယခုနှစ်ရာ သီတွင် ပြသနိုင်ခြင်းမရှိခြင်းမှာ ၎င်းတို့၏ လုပ်ငန်းတူရုပ်သံလိုင်းတစ်ခုဖြစ်သော Forever Group က ယင်းဘောလုံးပွဲစဉ်များကို တစ်ဦးတည်း မူပိုင်ထုတ်လုပ်ခွင့် ရရှိသွားခြင်းကြောင့်ဖြစ်သည်။

“ကျွန်တော်တို့ ပရီးမီးယားလိဂ်ပွဲတွေကို အိမ်အရောက်ဝန်ဆောင်မှုစနစ်နဲ့  ပြသဖို့အတွက် သွားပြီးဝယ်ယူခဲ့ တဲ့အခါ နိုင်ငံခြားကုမ္ပဏီက ကျွန်တော်တို့ကို မရောင်းပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနက ဟိုဘက်ကကုမ္ပဏီ (Right Owner)ကို ကျွန်တော်တို့ဟာ ဒီတီအိတ်(ချ)စနစ်နဲ့ ပြသနေတဲ့ ရုပ်သံလိုင်းတစ်ခု ဖြစ်တယ် လို့ ထောက်ခံပေးတာတောင် ၀ယ်လို့မရတာပါ”ဟု အထက်ပါရုပ်သံလိုင်းမှ တာဝန်ရှိသူက ပြောသည်။

ကြည့်ရှုသူများအတွက် အရှုံးခံထုတ်လွှင့်ပြသနေရသည်ဟုဆိုသည့် စကိုင်းနက်ရုပ်သံလိုင်းအနေဖြင့် ယခုနှစ်၏ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှ ဖိုင်နယ်ပွဲစဉ်များနှင့် ယူရိုပါလိဂ်ပွဲစဉ် အစဆုံး၊ စပိန်လာလီဂါပွဲစဉ်များ၊ အီတလီစီးရီးအေ၊ ဂျာမန်ဘွန်ဒက်စ်လီဂါ၊ အက်(ဖ)အေကပ်၊ ကားလင်းကပ်၊ မေဂျာ လိဂ် အစရှိသည့် လူကြိုက်များသည့် ဘောလုံးပွဲစဉ်များအပြင် အခြားသောအားကစားပြိုင်ပွဲများကို ဆက်လက်ထုတ်လွှင့် ပြသပေးသွားမည်ဟု ဆိုသည်။

သို့သော် စကိုင်းနက် ၀ယ်ယူထားသူများကမူ ယခင်နှစ်ကကဲ့သို့ ပရီးမီးယားလိဂ် ပွဲစဉ်များ ကြည့်လိုပြီး၊ အခြားရုပ်သံဖမ်းစက် ထပ်မံဝယ်ယူရပါက ကုန်ကျစရိတ်ပိုလာမည်ကို ပူပန်နေကြသည်။ ယူရို-၂၀၁၂ ဘော လုံးပွဲစဉ်များတွင်မူ စကိုင်းနက်ကသာ ပြသခွင့်ရရှိပြီး၊ Forever Group ၏ ပရိသတ်များ အခက်တွေ့ခဲ့ သည်။

စကိုင်းနက်မှ တာဝန်ရှိသူက “ကျွန်တော်တို့က အစကတည်းကတော့ ပရီးမီးယားလိဂ်ရမယ်ဆိုပြီး အာမခံ ချက် မပေးခဲ့ပါဘူး။ ဒါပေမဲ့ ကြေညာတဲ့လိုင်းတွေမှာ မပါတဲ့လိုင်းတွေကို ထုတ်လွှင့်ပေးတာလည်း ရှိပါတယ်။ ပရီးမီးယားလိဂ်မရလို့ မကြည့်တော့ဘူးဆို ကျန်တဲ့လိုင်းတွေကို မကြည့်ပဲ အလွတ်ခံမှာလား ဆိုတာတော့ ရှိပါတယ်”ဟု ပြန်လည်ပြောကြားသည်။

သို့သော် လာမည့်နှစ်များတွင်မူ စကိုင်းနက်ဘက်မှ ပရီးမီးယားလိဂ်ပွဲစဉ်များ ထုတ်လွှင့်ပြသနိုင်ရန် အ တတ်နိုင်ဆုံး ကြိုးစားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်များကို တစ်ဦးတည်း မူပိုင်ထုတ်လွှင့်ပြသခွင့်ရရှိပြီး နိုင်ငံပိုင်သတင်းစာများ တွင် ကြေညာချက်လည်း ထုတ်ပြန်ထားသော Forever Group နှင့် MRTV-4 ရုပ်သံလိုင်းမှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ဦးမျိုးမြတ်သူက အထက်ပါအကြောင်းအရာနှင့် ပတ်သက်ပြီး “မူပိုင်ခွင့်ယူထားရင် ပြသ လို့ရပါတယ်။ မူပိုင်ခွင့်မယူထားရင်တော့ ပြသလို့မရဘူးပေါ့။ ကျွန်တော်တို့က နိုင်ငံခြားကုမ္ပဏီနဲ့ တစ်ခါစာ ချုပ်ချုပ်ရင် သုံးနှစ်စာအတွက် ကြိုတင်ချုပ်ပြီး အလုပ်လုပ်ကြပါတယ်။ ဈေးကွက်ယှဉ်ပြိုင်မှုကတော့ လွတ် လပ်စွာ ယှဉ်ပြိုင်ခွင့်ရှိတယ်။ နောင်ဆိုယှဉ်ပြိုင်မှုတွေ ဒီထက်ပိုများလာမယ်။ လိုင်းတစ်လိုင်းထဲ ၀ယ်ထားပြီး အားလုံးကြည့်ချင်လို့တော့ မရဘူးပေါ့”ဟု ဆိုသည်။

ပြည်တွင်း အခပေးရုပ်သံလိုင်းများ တစ်ခုနှင့်တစ်ခု ဈေးကွက်တွင် ယှဉ်ပြိုင်မှု ပြင်းထန်လာခြင်းကြောင့် ၀ယ်ယူသုံးစွဲသူများအတွက် အခွင့်ပိုသာလာမည်ဟု ထင်ထားကြသော်လည်း လက်တွေ့တွင်မူ ဆန့်ကျင် ဘက်အခြေအနေတချို့နှင့် ရင်ဆိုင်နေရကြောင်း ရုပ်သံလိုင်း ၀ယ်ယူတပ်ဆင်ထားသူတချို့ကပြောသည် ကိုလည်း အခပေး ရုပ်သံလိုင်းဈေးကွက်မှ သိရှိရပါသည်။

Ref: 7Day News Journal

ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခုမှ မြို့နယ်အချို့တွင် လျှပ်စစ်မီး ၄ ရက်ပျက်မည်

ရန်ကုန်၊ သြဂုတ် - ၂၁ 

ပဲခူးတိုင်းဒေသကြီးအတွက် လျှပ်စစ်ဓာတ်အား တိုးချဲ့ဖြန့်ဖြူးနိုင်ရန် မဟာဓာတ်အားလိုင်းနှင့် ပင်မဓာတ် အားခွဲရုံ ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ် ၅ ခုရှိ မြို့နယ်အချို့တွင် ဓာတ်အားဖြတ်တောက်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သြဂုတ် ၂၅ ရက်နေ့၊ နံနက် ၆ နာရီမှ ၂၈ ရက်နေ့၊ ညနေ ၆ နာရီအထိ ဓာတ်အားခေတ္တပိတ်ခြင်း ကို ဆောင်ရွက်မည်ဖြစ်ရာ၊ ထိုနေ့များတွင် မနက် ၆ နာရီမှ ည ၉ နာရီအတွင်း ဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပြီး ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေ သကြီး၏ နေရာအချို့၊ မြို့နယ်အချို့တွင် လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီးအား ဓာတ်အားတိုးချဲ့ဖြန့်ဖြူးပေးနိုင်ရန်နှင့် သုံးစွဲဓာတ်အားပြည့်မီစေရန်အတွက် အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ တည်ဆောက်လျက်ရှိသည့် ၂၃၀ ကေဗွီ မင်းလှပင်မဓာတ်အားခွဲရုံအား ဓာတ်အားပို့လွှတ်ကာ ၂၃၀ ကေဗွီရွှေတောင်-မြောင်းတကာ မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်ရန်အတွက် လျှပ်စစ် မီး ဖြတ်တောက်ရခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူကဆိုကြောင်း သတင်းရရှိပါသည်။

Ref: 7Day News Journal

Tuesday, August 21, 2012

ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်ရှစ်မြို့နယ်တွင် ရေကြီးမှုဒဏ်ခံနေရပြီး ကယ်ဆယ်ရေးစခန်း ၂၁၇ ခုဖွင့်ထားကာ လူဦးရေ ခြောက်သောင်းကျော် ခိုလှုံနေရ

 
 သာပေါင်းမြို့နယ်အတွင်း ရေကြီးမှုကို သြဂုတ်လ ၁၉ ရက်နေ့က တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်ရှစ်မြို့နယ်တွင် ရေကြီးမှုဒဏ်ခံနေရပြီး ကယ်ဆယ်ရေးစခန်း ၂၁၇ ခု ဖွင့်လှစ်ထားကာ လူဦးရေ ခြောက်သောင်းကျော် ခိုလှုံနေရကြောင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ လယ်ဧက ၁၃၀၀၀၀ ကျော်ရေကြီးနစ်မြုပ်ခဲ့သည့်အထဲမှ ဧကငါးသောင်းကျော်မှာ ပျက်စီးဆုံးရှုံးဖွယ်ရှိနေကြောင်း ဧရာ ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးထံမှ သတင်းရရှိသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ် ၂၆ မြို့နယ်ရှိပြီး ရေကြီးမှုခံစားရသည့် မြို့နယ် ရှစ်မြို့နယ် ရှိကြောင်း ရေကြီးမှုဒဏ်ခံစားရသည့်မြို့နယ်များမှာ ပုသိမ်ခရိုင်အတွင်းရှိ ပုသိမ်၊ သာပေါင်း၊ ကျုံပျော်၊ ရေ ကြည်၊ ကျောင်းကုန်း၊ ကန်ကြီးဒေါင့်မြို့နယ်နှင့် မအူပင်ခရိုင်အတွင်းရှိ ဓနုဖြူနှင့် ပန်းတနော်မြို့နယ် တို့ဖြစ်ကြောင်းသိရသည်။ ''ရေကြီးမှုဒဏ်ခံစားရတာ  တိုင်းဒေသကြီးအတွင်းမှာ ရှစ်မြို့နယ်ရှိပါတယ်။ စာရင်းတွေအရ အဆိုးဆုံးက သာပေါင်းမြို့နယ်လို့ပြောလို့ရပါတယ်''ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးကျော်က ပြောကြားခဲ့သည်။

သာပေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း ကျောင်းဝင်းအတွင်း ရေကြီးမှုကို သြဂုတ်လအတွင်းက တွေ့ရစဉ်

''ကယ်ဆယ်ရေးစခန်းကို လာနေတဲ့သူတွေက အိမ်မှာလုံးဝနေလို့မရတဲ့ အခြေအနေကြောင့် လာနေကြတာ။ တချို့ကအိမ်တော့ ရေမြုပ်တယ်။ ဒါပေမယ့် နေလို့ရရင် ဆင့်ထိုးပြီးနေကြတာတွေလည်း ရှိပါတယ်။ သာပေါင်းမှာဆို ဆင့်ထိုးပြီးနေကြတာ အိမ်ထောင်စု ၁၄၅၇၈ စု၊ လူဦးရေနဲ့ ပြောရရင် ၆၇၅၆၃ ဦးရှိ ပါတယ်''ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။ ရေနစ်မြုပ်မှုခံစားရသော်လည်း ကယ်ဆယ်ရေးစခန်းသို့ မလာရောက်ဘဲ မိမိဘာသာနေထိုင်သူများရှိနေပြီး ကန်ကြီးဒေါင့်မြို့နယ်တွင်  လူဦးရေ ၁၃၀၈ ဦး၊ ကျောင်း ကုန်းမြို့နယ်တွင် ၅၇၂၅ ဦး၊ ရေကြည်မြို့နယ်တွင် ၁၃၈၃၉ ဦး၊ ကျုံပျော်မြို့နယ်တွင်  ၄၀၅၀ ဦးနှင့် ဓနုဖြူမြို့နယ်တွင်  ၂၄၃၀ ဦးရှိကြောင်း သိရသည်။

ရေကြီးနစ်မြုပ်မှုခံစားရသည့် ဒေသများသို့ သြဂုတ်လ ၄ ရက်နေ့မှ စတင်၍ ကူညီထောက်ပံ့မှုများ ပြုလုပ် ခဲ့ပြီး သြဂုတ်လ ၂၀ ရက်နေ့အထိ ဆန်အိတ် ၁၃၅၂၈ အိတ်နှင့် ငွေကျပ် ၄၆ သိန်းကို ထောက်ပံ့ပေးခဲ့ကာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနက  ငွေကျပ် သိန်းခြောက်ရာကျော် တန်ဖိုးရှိ ကယ် ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာများ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထို့ပြင် မက်စ်မြန်မာကုမ္ပဏီက ငွေကျပ်သိန်း၂၀၀ ကျော် တန်ဖိုးရှိ ဆန်ရိက္ခာများ လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းနှင့် မိတ်ဖက်ကုမ္ပဏီများကလည်း မျိုးစပါး၊ ဆန်အိတ်နှင့် ထောက်ပံ့ငွေများ ကူညီထောက်ပံ့ခဲ့ကြောင်း သိရသည်။

''သာပေါင်းမှာ ကယ်ဆယ်ရေးစခန်း ၅၁ ခု ဖွင့်လှစ်ထားပြီး လူဦးရေ တစ်သောင်း နှစ်ထောင်ကျော်လောက် ရှိပါတယ်။ အခု ရေနည်းနည်းပြန်ကျသွားတော့ ကိုယ့်အိမ်ကိုယ်ပြန်သွားတဲ့သူတွေလည်း ရှိပါတယ်။ သာပေါင်းမှာ ကျေးရွာပေါင်း ၃၉၄ ရွာရှိပြီး ရေကြီးရေနစ်မြုပ်ဒဏ်ကို ၃၀၄ ရွာခံစားနေရတယ်။ ရေ ကြီးရေနစ်မြုပ်ဒဏ် ခံစားရသူတွေအတွက်  လတ်တလော လိုအပ်နေတာက စားနပ်ရိက္ခာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ထောက်ပံ့ပေးနိုင်ရင်လည်း အလွန်ဆုံး တစ်ပတ်လောက်ပါပဲ။ ဒါကြောင့် စားရေးသောက်ရေး အတွက် လိုအပ်နေတယ်။ နောက်တစ်ခုက ရေကျသွားရင် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ မဖြစ်အောင် ရေသန့်ဆေးပြားတွေ လိုအပ်ပါတယ်''ဟု သာပေါင်းမြို့နယ် ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး က ပြောကြားခဲ့သည်။

သာပေါင်းမြို့နယ်အတွင်းတွင် စစ်ပင်ကွင်း၊ ဘုရားနီ၊ ဥသျှစ်၊ ကညင်ကုန်း၊ သောင်တန်း၊ မအူ ပင်ဒေါင့်၊ ရွှေညောင်ပင်၊ ရေကျော်ကြီး၊ ရေကျော်လေး၊ ငမန်းချောင်း၊ ဘုရားငူ၊ ရှင်ကြီးပျောက် အစရှိသည့် ကျေးရွာများတွင် ရေအနည်းငယ်ပြန်လည်ကျဆင်းနေပြီး သာပေါင်းမြို့တွင်လည်း နှစ်ပေ ခန့် ပြန်လည်ကျဆင်းနေပြီဖြစ်ကြောင်း သိရသည်။ 
 
ရေကြီးမှုကြောင့် ဧရာဝတီတိုင်းအတွင်းရှိ လယ်မြေများ ရေမြုပ်နေမှုကို တွေ့ရစဉ်

သာပေါင်းမြို့နယ် ရေကြီးရေနစ်မြုပ်ဒေသများတွင် သြဂုတ်လ ၁၈ ရက်နေ့ခန့်မှ စ၍ ရေအအနည်းငယ် ပြန် လည်ကျဆင်းသွားသော်လည်း စားနပ်ရိက္ခာ၊ ဆေးဝါးအပါအ၀င် ကူညီထောက်ပံ့မှုများ လိုအပ်လျက် ရှိကြောင်း သိရှိရသည်။

သာပေါင်းမြို့နယ်အတွင်းတွင် ကျေးရွာပေါင်း ၃၉၄ ရွာရှိပြီး ၃၀၄ ရွာမှာ ရေဘေးဒဏ်ခံခဲ့ရ၍ အခြေခံ ပညာကျောင်း ၂၀၀ ရှိပြီး ရေကြီးရေနစ်မြုပ်မှုကြောင့် ကျောင်း ၁၂၇ ကျောင်းပိတ်ထားခဲ့ရကာ လက်ရှိ တွင် ပြန်လည်ဖွင့်လှစ်၍ရသည့် ကျောင်းအချို့ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။ လယ်ယာ များရေနစ်မြုပ်မှုနှင့် ပတ်သက်၍လည်း ''လယ် ၁၃၄၉၄၈ ဧက ရေနစ်မြုပ်တာ ခံရပါတယ်။ အဲဒီထဲကမှ ဧက ၅၅၄၇၉ ဧကဟာ ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ယူဆတယ်။ ရေကျပြီးရင် စပါးပြန်စိုက်ဖို့ နိုင်ငံတော်အစိုးရက မျိုးစပါး အခမဲ့ ထောက်ပံ့ပေးသွားမှာပါ။ မျိုးစပါး ၈၀၉၅၈ တင်းအတွက် တစ်တင်းကို ကျပ် ၅၀၀၀ နှုန်းနဲ့ ၄၀၄၇၉၀၀၀၀ သိန်း ထောက်ပံ့သွားမှာ ဖြစ်ပါတယ်''ဟု ဧရာတီတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးအေးကျော်က ပြောကြားခဲ့သည်။

ရေကြီးမှုဒဏ်ခံစားရသည့် ဧရာဝတီတိုင်းဒေသကြီးရှိ ဒေသများသို့ WFP မှ ဆန်၊ ပဲ၊ ဆီ၊ ဆား ပစ္စည်း လေးမျိုးကို လကုန်အထိ နှစ်ပတ်စာ ထောက်ပံ့ရန်ရှိကြောင်းနှင့် တန်ချိန်အနေဖြင့် ဆန် ၃၅၄.၉ တန်၊ ပဲ ၅၀.၇ တန်၊ ဆီ ၁၀.၇၇၁ တန်နှင့်ဆား ၈.၉၇၉ တန် ထောက်ပံ့ပေးရန်ရှိ ကြောင်း သိရှိရသည်။

သာပေါင်းမြို့နယ်ရှိ လယ်စိုက်ဧက ၁၀၀၀၀၀ ကျော်ခန့်ရှိသည့်အနက် စိုက်ပျိုးပြီးသား လယ်ဧက ၇၅၆၆ ဧကမှာ ရေကြီးနစ်မြုပ်ခဲ့သဖြင့် အားလုံးနီးပါးပျက်စီးခဲ့ကြောင်း သိရသည်။ စပါးစိုက်ပျိုးပြီး လယ်ဧက များရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ခဲ့သူများအတွက် မျိုးစပါးသွင်းအားစုများ အပါအ၀င် ထောက်ပံ့မှုများ  လိုအပ်နေကြောင်း သိရသည်။

''မနှစ်ကလည်း လယ်ယာထွက် ကုန်အထွက်ကျတယ်။ ဈေးလည်းမရခဲ့ဘူး။ ဒီနှစ်ရေကြီး နစ်မြုပ်မှုထပ် ခံစား ရတော့ တော်တော်ထိပါတယ်။ မျိုးစပါး၊ လယ်ယာသုံးကိရိယာတွေ ပံ့ပိုးမှု၊ စရိတ်ပံ့ပိုးမှုတွေလိုပါတယ်''ဟု သာပေါင်းမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်နေသူ ဦးသိန်းထွန်းက ပြောကြားခဲ့သည်။

ရေနစ်မြုပ်မှုဒဏ် ခံနေရသည့် လင်းတာကျကျေးရွာမှ ဥက္ကဋ္ဌဦးကြည်ဌေးက ''ရွာမှာ အိမ်ခြေ ၁၆၄ လုံးရှိ တယ်။ ဘုန်းကြီးကျောင်းမှာ လာခိုလှုံတာက အိမ်ထောင်စု ၁၃ စုလောက်ရှိ ပါတယ်။ ကျန်တာတွေကတော့ ကိုယ့်အိမ်မှာ ကိုယ်ဆင့်ထိုးပြီးနေတယ်။ အကူအညီထောက်ပံ့မှုက လာတာနည်းပါသေးတယ်'' ဟု ပြော ကြားခဲ့သည်။

တောင်ကိုရီးယား အခြေစိုက် ဆမ်ဆောင်းကုမ္ပဏီက မြန်မာပြည်ဈေးကွက်ချဲ့ထွင် AA Electronics Ltd အပြင် မိတ်ဖက်နှစ်ဦး ထပ်မံတိုးမြှင့်

sumsung

တောင်ကိုရီးယားနိုင်ငံ အခြေစိုက်နာမည်ကျော် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော ဆမ်ဆောင်းကုမ္ပဏီ က မြန်မာနိုင်ငံအတွင်း ဈေးကွက်ချဲ့ထွင်နိုင်ရန် AA Electronics Ltd အပြင် Royal GK Pte Ltd နှင့် MT (Myo Thein) Electronic တို့ကို မြန်မာနိုင်ငံဆိုင်ရာ တရားဝင်အရောင်းကိုယ်စားလှယ်အဖြစ် ထပ်မံတိုးမြှင့် ခဲ့ကြောင်း သိရပါသည်။

“လာမယ့်စက်တင်ဘာလကုန်မှာ အရောင်းပြခန်းတစ်ခု စတင်ဖွင့်လှစ်မှာပါ။ ဆမ်ဆောင်းရဲ့ ထုတ်ကုန် အားလုံးကို တစ်နေရာတည်းမှာ စုစည်းဝယ်ယူနိုင်မယ့်ပြခန်းမျိုးပါ။ အဓိကကတော့ နောက်ဆုံးပေါ်ထုတ် ကုန်တွေကို အဓိကထား ရောင်းချသွားမှာပါ”ဟု Gunkul Engineering & FRESH Air Conditioners မှ ဒုတိယ အထွေထွေမန်နေဂျာ ဦးကျော်ကျော်စိုးက ပြောကြားပါသည်။

အဆိုပါ တရားဝင်အရောင်းကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့်ရရှိသော လုပ်ငန်းနှစ်ခုသည် မြန်မာနိုင်ငံ အတွင်း စီမံကိန်းကန်ထရိုက်များအား ရောင်းချခွင့် (B2B) နှင့် လက်လီရောင်းချခွင့်များ ရရှိမည်ဖြစ် သည်။ မြန်မာနိုင်ငံတစ်ဝန်း လက်ကားရောင်းချခွင့်ကို AA Electronics Ltd ကသာ ဆက်လက်ရရှိထားပြီး မိုဘိုင်းဖုန်းထုတ်ကုန်များတွင်မူ ထိုလုပ်ငန်းသုံးခုအပြင် Mobile King ဂဏန်းတွက်စက်နှင့် မိုဘိုင်းဖုန်း အရောင်းဆိုင်ကလည်း အရောင်းကိုယ်စားလှယ်အဖြစ်ရရှိထားကြောင်း ဆမ်ဆောင်းကုမ္ပဏီ၏ သဘောတူ ညီချက်များအရ သိရပါသည်။

မြန်မာနိုင်ငံအတွင်း ဆမ်ဆောင်း ထုတ်ကုန်များဖြစ်သော မိုဘိုင်းဖုန်း၊ သင်ပုန်းကွန်ပျူတာ၊ တီဗီ၊ ဗီဒီ ယိုပြစက်၊ ရေခဲသေတ္တာ စသည်တို့မှာ  ဈေးကွက်ဝေစုမြင့်မားသော်လည်း အခြားထုတ်ကုန်များဖြစ် သည့် လေအေးပေးစက်၊ အ၀တ်လျှော်စက်၊ ဒီဂျစ်တယ်ကင်မရာနှင့် မိုက်ခရိုဝေ့ဖ်မီးဖိုကဲ့သို့ ကုန်ပစ္စည်း များမှာ ဈေးကွက်ဝေစု အနည်းငယ်သာရရှိထားကြောင်း ရန်ကုန်မြို့အခြေစိုက် အီလက်ထရောနစ်ဆိုင် အ သိုင်းအ၀ိုင်းထံမှ သိရပါသည်။

ယခု အရောင်းကိုယ်စားလှယ် ရယူထားသည့်လုပ်ငန်းများသည် ဆမ်ဆောင်း၏ ထုတ်ကုန်များအလိုက် အနည်းဆုံး အရောင်းပမာဏ သတ်မှတ်ချက်များဖြင့် လုပ်ကိုင်သွားရမည် ဖြစ်ပါသည်။

ဆမ်ဆောင်း၏ မြန်မာပြည် တရားဝင်အရောင်းကိုယ်စားလှယ် သစ်လုပ်ငန်းတစ်ခုဖြစ်သော Royal GK Pte Ltd သည် စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံအခြေစိုက်  Gunkul Engineering Public Company Ltd၊ ယင်းကုမ္ပဏီ၏ Exclusive Partner အဖြစ် မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် Gunkul Engineering နှင့် Zeya & Associates Co., Ltd တို့နှင့် ဆက်စပ် မှုရှိကြောင်းနှင့် MT Electronic မှာမူ မန္တလေးမြို့နှင့် မြန်မာနိုင်ငံအထက်ပိုင်းတွင် ဈေးကွက်ဝေစုများစွာ ရရှိထားသည့် လုပ်ငန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့တွင်လည်း ရုံးခန်းဖွင့်လှစ်ထားကြောင်း သတင်းရရှိပါသည်။

 အစိုးရမဟုတ်သော လူ့အဖွဲ့အစည်း NGO များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်ရေးဆွဲသွားမည်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်ကော်မတီ၊ ကော်မရှင်များသို့ တာဝန်ပေးချက်အရ အစိုးရ မဟုတ်သော လူ့အဖွဲ့အစည်း NGO များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ပြန်လည်သုံးသပ် ပြင်ဆင်ရေး ဆွဲသွား မည်ဖြစ်ကြောင်း သိရှိရသည်။

''မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် နိုင်ငံတော်သမ္မတက အရပ်ဘက် လူမှုအဖွဲ့အ စည်းအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် မိန့်ကြားခဲ့ပြီးပြီဖြစ်၍ အရပ်ဘက် လူ့အဖွဲ့အစည်းများတွင် ပါဝင် သည့် အစိုးရမဟုတ်သော လူ့အဖွဲ့အစည်းများ ဖွဲ့စည်းရေးအတွက် ခေတ်နှင့်လျော်ညီသော၊ အစိုးရမ ဟုတ်သော လူ့အဖွဲ့အစည်း NGO များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန် နိုင်ငံတော်အစိုးရ အား ဤလွှတ်တော်မှ တိုက်တွန်းကြောင်း''အဆိုကို ဦးသိန်းညွန့်က တင်သွင်းခဲ့ခြင်းဖြစ်သည်။ 

အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ''လက်ရှိ ကျင့်သုံးဆောင်ရွက်လျက်ရှိနေတဲ့ အသင်းအဖွဲ့များ ဖွဲ့စည်းဆောင် ရွက်ခြင်း ဥပဒေမှာ ခေတ်နဲ့လျော်ညီစွာ ဆောင်ရွက်လျက်ရှိတဲ့ တည်ဆဲ ဥပဒေတစ်ရပ်ပင်ဖြစ်ကြောင်း တွေ့ ရမှာဖြစ်ပါတယ်။ လိုအပ်သော ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများကိုလည်း ခေတ်စနစ်နဲ့ လျော်ညီစွာ ထုတ်ပြန်ပြီးတော့ အသင်းအဖွဲ့အသစ်များ ဖွဲ့စည်းခွင့်ပြုခြင်း၊ သက်တမ်းတိုးခြင်းများကို စိစစ်ခွင့်ပြု ဆောင် ရွက်လျက်ရှိပါတယ်။ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းနဲ့ပတ်သက်၍ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ပုဒ်မ  ၄ မှာလည်း ဖွဲ့စည်းခွင့် လျှောက်ထားရန်မလိုတဲ့ အသင်းအဖွဲ့များဆိုပြီးတော့လည်း အတိအကျ ပြဋ္ဌာန်း ထားပြီးဖြစ်ပါတယ်။ ဒါကတော့ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ ပုဒ်မခွဲ (ခ)နဲ့ (ဂ)မှာ ဘာသာ သာသနာရေး သက်သက်ကိုသာ ကျင့်သုံးဆောင်ရွက်နေသော အသင်းအဖွဲ့နှင့် စီးပွားရေးသက်သက်ကိုသာ လုပ်ကိုင်ဆောင်ရွက်နေသော အသင်းအဖွဲ့များသည် ဥပဒေအရ ဖွဲ့စည်းခွင့် လျှောက်ထားရန် မ လိုကြောင်း ပြဋ္ဌာန်းထားရှိပါတယ်။  အဆိုပါအသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေမှာလည်း ပြဋ္ဌာန်းထား ပြီးဖြစ်၍ အသစ်ရေးဆွဲ ပြဋ္ဌာန်းရန်မလိုအပ်တော့ဘဲ ပြင်ဆင်လိုသော အချက်များရှိရင် ပြင်ဆင်ရေးဆွဲနိုင် မှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ခေတ်နဲ့လျော်ညီသော၊ အစိုးရမဟုတ်သော လူ့ဖွဲ့အစည်းများမှတ်ပုံတင်ခြင်းဆိုင် ရာ ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန် လိုအပ်တော့မည် မဟုတ်ပါကြောင်းနဲ့ ဒီအဆိုကို မှတ်တမ်းတင် ထားရှိသင့် ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်''ဟု ရှင်းလင်းခဲ့သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ''ဥပဒေ နည်းဥပဒေနဲ့ သက်ဆိုင်တဲ့ဟာတွေကို လေ့လာ တဲ့အခါမှာ ဥပဒေကြီးကို ချက်ချင်း အသစ်ပြင်ရေးဆွဲဖို့ထက် ဒီဥပဒေထဲမှာပါတဲ့ တချို့အချက်ပြင်ဖို့ လိုကောင်းလိုမယ်။ လိုချင်မှလဲ လိုမယ်။ သို့ပေမယ့် သေချာတာကတော့ လက်တွေ့၊ လက်ငင်းကို ပြင်ဖို့ လိုနေပါပြီ''ဟု ပြောကြားခဲ့သည်။

ထို့နောက် အဆိုရှင် ဦးသိန်းညွန့်က သဘောတူသဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့ လွှတ်တော်ကော်မတီနှင့် ကော်မရှင်များကို အဆိုပါဥပဒေ ပြင်ဆင်ရေးဆွဲရန် တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

(၄၈) နှစ်ကြာ ဆောင်ရွက်ခဲ့သော စာပေစိစစ်ရေးဆောင်ရွှက်မှုကို ရပ်နား

 
မြန်မာနိုင်ငံတွင် ထုတ်ဝေသော စာပေများအား ခေတ်အဆက်ဆက်  အစိုးရများမှ မူဝါဒများချမှတ်၍ စာပေစိ စစ်ရေးလုပ်ငန်းများအား ၁၉၆၂ သြဂုတ်လ (၆) ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ရာ ၂၀၁၂   သြဂုတ်လ (၂၀) ရက်နေ့တွင် စာပေစိစစ်ခြင်းလုပ်ငန်းအား ရပ်ဆိုင်း၍ ထုတ်/တင်စနစ်ဖြင့် မှတ်ပုံတင်ခြင်းလုပ်ငန်းသာ လုပ်ကိုင်သွားရမည်ဖြစ်သည်။ မြန်မာနိုင်ငံ စာပေစိစစ်ရေးလုပ်ငန်း၏ ကြာမြင့်ချိန်ကာလမှာ (၄၈) နှစ်နှင့် (၁၄) ရက်ဖြစ်ကြောင်း သိရရှိသည်။
ယနေ့ စာပေစိစစ်ရေးတွင် ပြုလုပ်သောအစည်းအဝေးတွင်  ညွှန်ကြားချက် (၅၁) ဖြင့် အုပ်စု (၂) တွင် ကျန်ရှိနေသော သတင်းဂျာနယ်နှင့် ဘာသာရေး (၈၆) စောင်၊ နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ မဂ္ဂဇင်းများ၊ ဘာသာရေးမဂ္ဂဇင်းများ (၅၅) စောင်အား အုပ်စု (၁) ထုတ်တင်စနစ်သို့ကူးပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
ထုတ်တင်စနစ်သို့ ကူးပြောင်းသည့်အတွက် စာပေစိစစ်သို့တင်ပြရန်မလိုဘဲ ဖြန့်ချိသည့်နေ့၌သာ မှတ်ပုံတင် ရန်အတွက် သွားရောက်ပေးအပ်ရမည်ဖြစ်သည်။ အုပ်စု (၂) မှ အုပ်စု (၁) သို့ပြောင်းလဲရာတွင် အဆင့်(၅) ဆင့်ဖြင့် ကူးပြောင်းခဲ့ရာ ပထမအဆင့်ပြုပြင်ပြောင်းလဲခြင်း (၁၀.၆.၂၀၁၁)၊ ဒုတိယအဆင့် (၉.၁၂.၂၀၁၁)၊ တတိယအဆင့် (၁.၃.၂၀၁၂)၊ စတုတ္ထအဆင့် (၁၅.၅.၂၀၁၂) ဖြစ်ပြီး ယခုပဉ္စမအဆင့် (၂၀.၈. ၂၀၁၂) တို့ဖြစ်ကြသည်။ လက်ရှိစာပေထုတ်ဝေရေးနှင့် ပတ်သက်ပြီး ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ အားလည်းကောင်း၊ ညွှန်ကြားချက် (၁၃) ခုနှင့် အမှာစာ (၆)ခု တို့အား ပုံနှိပ်မီဒီယာ ဥပဒေသစ် မပြီးမချင်း လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။