ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်စည်းကမ်းချိုးဖောက်၍ မောင်းနှင်နေသော
ယာဉ်မောင်းများကို ဒဏ်ငွေဖြင့် အရေးယူသွားမည့်အပြင် ယာဉ်ကိုပါသိမ်းယူသည့် အရေးယူမှုအစီအစဉ်ကို စတင်သွားမည်ဖြစ် ပြီး နှစ်ပတ်အတွင်း
သိမ်းယူခဲ့သော ယာဉ်များ၏ ၉၀ ရာခိုင်နှုန်းမှာ ပါရမီယာဉ်လိုင်းနှင့် အဓိပတိယာဉ်လိုင်း တို့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ
သိရသည်။
ယာဉ်ကိုပါ သတ်မှတ်ထားသောကာလအထိ သိမ်းယူထားမည့်စနစ်ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ တတိယ ပတ်မှ စတင်ခဲ့ကြောင်း သိရှိရသည်။
ယခု ယာဉ်အသိမ်းအဆည်းခံရသည့်ယာဉ်များမှာ သတ်မှတ်ထားသောမှတ်တိုင်၌
မရပ်သည့်ယာဉ်များ၊ ယာဉ်မောင်းဖြစ်သူ ယာဉ်မောင်းလိုင်စင်မရှိဘဲ
မောင်းနှင်နေသောယာဉ်များ၊ ယာဉ်ပိုင်ဆိုင်မှု စာရွက်စာတမ်း များ
မပြနိုင်သောယာဉ်များနှင့် အရှိန်ပြင်းစွာမောင်းနှင်နေသော ယာဉ်အများစုတို့
ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်း သိမ်းဆည်းထားသည့် ယာဉ်များကို သြဂုတ်လ၂၉ ရက်က တွေ့ရစဉ် (ဓါတ်ပုံ- ဝင်းမြင့်ကျော်)
“ယာဉ်ဘီးခွန်လက်မှတ် (Wheel Tax) မပါဘဲ မောင်းနေတဲ့ယာဉ်တွေပြီးတော့
ယာဉ်မောင်းလိုင်စင် မပါဘဲမောင်းနေတဲ့အတွက်ကြောင့် ဒဏ်ငွေရိုက်တဲ့အပြင်
အခုလိုစည်းကမ်းဖောက်တဲ့ယာဉ်တွေကို သူဖောက်ဖျက်တဲ့ အခြေအနေပေါ်
မူတည်ပြီးတော့ ယာဉ်ကိုပါ သိမ်းတဲ့စနစ်ကို ဆောင်ရွက်ခဲ့ရခြင်းဖြစ်ပါ တယ်။
အခုနှစ်ပတ်ကာလအတွင်းမှာ ယာဉ်အစီး ၂၀ ကျော်ကို သိမ်းခဲ့ပြီး
၉၀ရာခိုင်နှုန်းလောက်က ပါရမီယာဉ်နဲ့ အဓိပတိယာဉ်တွေပဲ ဖြစ်ပါတယ်” ဟု
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးဦးစီး(၂)မှ ရဲမှူးမြင့်ထွေးက
သုံးသပ်ပြောကြားခဲ့သည်။
ယာဉ်စည်းကမ်းချိုးဖောက်ယာဉ်များကို ရန်ကုန်တိုင်းဒေသကြီး၊
ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးအတွင်း
သိမ်းဆည်းထားကြောင်း သိရှိရသည်။
ပထမအကြိမ် စည်းကမ်းမဲ့မောင်းနှင်သောယာဉ်များကို ဒဏ်ငွေအပြင်
တစ်ပတ် ယာဉ်သိမ်းခြင်း၊ ဒုတိယ အကြိမ်စည်းကမ်းမဲ့ မောင်းနှင်သော
ယာဉ်ကိုဒဏ်ငွေအပြင် တစ်လ ယာဉ်သိမ်းခြင်း၊ တတိယအကြိမ် စည်း ကမ်းမဲ့
မောင်းနှင်သောယာဉ်ကို ဒဏ်ငွေအပြင် သုံးလ ယာဉ်ကို သိမ်းဆည်းမည်ဟု ၎င်းက
ပြောကြားခဲ့ သည်။
“ကျွန်တော်တို့ တာဝန်ရှိသူတွေအနေနဲ့ကလည်း ယာဉ်မောင်းကို ကားဂိတ်ကနေ
ထွက်ကတည်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဖို့ အမြဲပြောပါတယ်။
နောက်ကွယ်မှာတော့ စည်းကမ်းမဲ့ ပြီး မောင်းနေတဲ့ယာဉ်မောင်းတွေလည်း
ရှိပါတယ်။ ဒီလိုမျိုး အရေးယူမှုတွေလုပ်သွားမယ်ဆိုရင် အရင်ဆုံး
လမ်းတွေပြင်ပေး၊ ယာဉ်ကြောပိတ်ဆို့မှုတွေကိုလျှော့ချပေး၊
အချက်ပြမီးပွိုင့်တွေကို အမြဲ တမ်းကောင်းအောင် ပြုပြင်ပေး၊
ကားမှတ်တိုင်မရှိတဲ့နေရာတွေကို ကားမှတ်တိုင် အမြန်ဆုံးပြုပြင်ပေးဖို့
လိုအပ်ပါတယ်။ ရန်ကုန်တိုင်းထဲမှာ တစ်နေ့ကို ယာဉ်စည်းကမ်းဒဏ်ငွေရိုက်ခံရတဲ့ ယာဉ်အစီးရေ ၂၀၀၀ ကျော်ရှိ တယ်။ တစ်စီးကို ကျပ် ၁၅၀၀
ဒဏ်ကြေးဆိုတော့ တစ်နေ့ကို ဒဏ်ကြေး ကျပ်သိန်း ၃၀ နီးပါးလောက်ရနေတယ်။
စီမံချက်ဒဏ်ငွေက တစ်စီးကို ကျပ် ၁၁၅၀၀ ရိုက်တယ်ဆိုတော့ တစ်နေ့ကို ကျပ်သိန်း
၂၃၀ နီးပါး ရနေတယ်။ ဒီပိုက်ဆံတွေနဲ့ လိုအပ်ချက်တွေကို
ပြုပြင်ပေးလို့ရပါတယ်” ဟု ပါရမီ သယ်ယူပို့ဆောင်ရေးမှ ဗိုလ်မှူးဌေးလွင်က
သုံးသပ်ပြောကြားခဲ့သည်။
Ref: Eleven Media Group
No comments:
Post a Comment