Tuesday, September 11, 2012

နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအဖြစ် မြန်မာသို့ ကိုကာကိုလာ အချိုရည်များ ယမန်နေ့မှစ၍ တင်ပို့

နယူးယောက်၊ စက်တင်ဘာ-၁၀

အမေရိကန်အချိုရည်ကုမ္ပဏီ CokaCola သည် နှစ်ပေါင်းခြောက်ဆယ်ကျော်အတွင်း မြန်မာပြည်သို့ ပထမဆုံးဝင်ရောက်မှုအဖြစ် မြန်မာစားသုံးသူများအတွက် အချိုရည်များကို ယမန်နေ့ (စက်တင်ဘာ ၉ ရက် တနင်္လာနေ့)က စတင်တင်ပို့လိုက်ကြောင်း သိရသည်။ အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ ပြီးနောက် ကိုကာကိုလာသည် မြန်မာမှပြည်တွင်းကုမ္ပဏီ ပင်းယနှင့်ပူးပေါင်းကာ ကိုကာကိုလာ၊ ကိုကာကိုလာလိုက်တ်၊ စပရိုက် စသည့် အချိုရည်များကို နိုင်ငံတစ်ဝန်း ဖြန့်ဖြူးရောင်းချမည်ဖြစ်သည်။

ကိုကာကိုလာ၏ အမေရိကန်ပြည်တွင်းပြိုင်ဘက် ပက်ပ်ဆီသည်လည်း မြန်မာတွင် ၄င်း၏အချိုရည် များ ရောင်းချရန် စီစဉ်ထားကြောင်း ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည်။ ကိုကာကိုလာ (Coke) ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး အချိုရည်ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်ကာ မြန်မာနိုင်ငံတွင်း၌ ပင်းယကုမ္ပဏီနှင့် ပူးပေါင်း၍ အချိုရည်ဘူးခွံများ ထုတ်လုပ်သည့်စက်ရုံ တည်ဆောက်သွားမည်ဖြစ်သည်။ အချိုရည်ထုတ်လုပ်မှုကို လည်း ပြည်တွင်း၌ ဖြစ်နိုင်သမျှ မြန်မြန်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ကိုကာကိုလာသည် ပြီးခဲ့သည့် ဇွန်လက မြန်မာနိုင်ငံတွင်း အလုပ်အကိုင် ဖန်တီးရေးနှင့် အမျိုးသမီးများ၏ စီးပွားရေးစွမ်းဆောင်ရည် မြင့်မားရေးတို့ကို အထောက်အကူပြုရန် ဒေါ်လာသုံးသန်း လှူဒါန်းမည် ဟု ကြေညာခဲ့သည်။ မြန်မာနိုင်ငံတော် သမ္မတရုံးဝက်ဘ်ဆိုက်တွင် စက်တင်ဘာ ၆ ရက် ကြေညာချက်အရ ကိုကာကိုလာသည် လာမည့်သုံးနှစ်အတွင်း မြန်မာနိုင်ငံ၌ ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုပ်နှံသွားရန် စီစဉ်ထားပြီး ဒေသခံလူပေါင်း ၂,၀၀၀ ခန့်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်မည်ဟု သိရသည်။

Ref: 7Day News Journal

No comments:

Post a Comment