Sunday, September 23, 2012

တော်လှန်ရေး ရဲဘော်ဟောင်း စာရေးဆရာ ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ကွယ်လွန်

တော်လှန်ရေး ရဲဘော်ဟောင်း စာရေးဆရာ ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ကွယ်လွန်ကြောင်း သတင်းရ ရှိပါသည်။ ဝမ်းအိုဝမ်း ကျော်ဝင်းမောင်သည် သာကေတမြို့နယ်ရှိ နေအိမ်၌ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ၄င်း၏မိသားစုဝင်များထံမှ သိရှိရသည်။

"စက်တင်ဘာလဆန်းတုန်းက အဘိုးက ဆေးရုံတက်ရသေးတယ်။ ဆေးရုံက ဆင်းလာပြီး အိမ်မှာပဲ ထား တာပါ။ အောက်ဆီဂျင် ပေးထားရတယ်။ မနေ့ညကတော့ ၁၀ နာရီ လောက်မှာ အိပ်တယ်။ ၁၀ နာရီခွဲ လောက်ကျတော့ အမောဖောက်လာတယ်။ အောက်ဆီဂျင် ပေးရတယ်၊ ဆရာဝန်လည်း ခေါ်တယ်။ ၁၅ မိနစ်လောက်ကြာတော့ ဆုံးတာပဲ။ နှလုံးခုန်သိပ်မမှန်ဘဲ အမောဖောက်တာပေါ့။ လူကြီးရောဂါလို့ ပဲ ပြောရမှာပါ" ဟု ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၏ မြေးမဆောင်းနှင်းဖြူက စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းကပြောပြခဲ့သည်။

ဝမ်းအိုဝမ်း ကျော်ဝင်းမောင်သည် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ၁၉၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဖခင် ဦးဟာနှစ်၊ မိခင် ဒေါ်စိန်ညွန့်တို့မှ ဖွားမြင်ခဲ့သည်။ ဗန်းမော်မြို့၊ မိုးကုတ်၊ ကသာမြို့စသော မြို့များတွင် ပညာသင်ယူခဲ့ပြီး အင်္ဂလိပ်-မြန်မာ ၁၀ တန်းအထိ သင်ကြားခဲ့ကာ ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) သို့ ၁၉၄၃ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့ တွင် ဝင်ရောက်ခဲ့သည်။

ရေနံချောင်း လေယာဉ်ပစ် အမြောက်ကြီးတပ်တွင် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ၁၉၄၄ ခုနှစ် ဧပြီ လ၌ မင်္ဂလာဒုံ စစ်တက္ကသိုလ် ဗိုလ်သင်တန်းတတိယပတ်၌ တက်ရောက်ခဲ့သည်။ သင်တန်းတက်ရောက်နေစဉ် တွင်ပင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်မြောက်ပိုင်းအတွက် တာဝန်ပေးအပ်သည့်အတွက် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ မဟာမိတ်တပ်အမေရိကန် (၁၀၁) လေထီးတပ်ရင်းနှင့် အဆက်အသွယ်ရရန် အသက်စွန့်တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် ဝမ်းအိုဝမ်း ကျော်ဝင်းမောင် အမည်တွင်လာခဲ့သည်။

ဂျပန်တော်လှန်ရေးကာလပြီးဆုံးသောအခါ ကသာခရိုင် ဖဆပလဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။ ၁၉၄၆ ခုနှစ်တွင် ကွန်မြူနစ်ပါတီနှစ်ခြမ်းကွဲချိန်၌ အလံနီဘက်သို့ ပါသွားခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် အလံနီအဖြစ် တောခိုခဲ့ကာ ၁၉၅၄ ခုနှစ်၌ အလံနီတွင်း အယူအဆတိုက်ပွဲများဖြစ်ပေါ်စဉ် အလံနီမှ အထုတ် ခံရသည်။ အထုတ်ခံရသောအလံနီများစုပြီး အလုပ်သမားညီညွတ်ရေးပါတီကို ပခုက္ကူနယ်ထဲ၌ ဖွဲ့စည်းခဲ့ သည်။ ၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ၌ အလုပ်သမားညီညွတ်ရေးပါတီတစ်ဖွဲ့လုံး အစိုးရနှင့်စေ့စပ်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သည်။

ထို့နောက် တော်လှန်ရေးအတွေ့အကြုံများကို ရေးသားခြင်းဖြင့် စာရေးဆရာဘဝကို ခံယူခဲ့ပြီး တော် လှန်ရေးခေတ်မှ အမှတ်တရနာမည် ဝမ်းအိုဝမ်းကျော်ဝင်းမောင်ကိုပင် ကလောင်အမည်အဖြစ်ရွေးချယ်ခဲ့ ကာ "ဝမ်းအိုဝမ်းနဲ့ မြန်မာ့မြေအောက်တော်လှန်ရေး"၊ "ဆရာကြီးဦးရာဇတ် အတ္ထုပတ္တိ" ကဲ့သို့ စာအုပ်များ ကို ရေးသားခဲ့ပြီး မဂ္ဂဇင်း၊ ဂျာနယ်များတွင်လည်း တော်လှန်ရေးအတွေ့အကြုံ ဆောင်းပါးများကို ရေးသားခဲ့ သူဖြစ်သည်။

ဝမ်းအိုဝမ်း ကျော်ဝင်းမောင်သည် ကွယ်လွန်ချိန်၌ အသက် ၉၃ နှစ် ရှိပြီဖြစ်ပါသည်။

No comments:

Post a Comment