ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီမှ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တရားရုံးများကို စက်တင်ဘာလ ၂၅ ရက်နေ့မှ
စတင်ကာ လေ့လာစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့်
တည်ငြိမ်အေးချမ်းရေးကော်မတီမှ အတွင်းရေးမှူး ဦးဝင်းမြင့်နှင့်အတူ
အဖွဲ့ဝင်များဖြစ်ကြသော ဦးသိန်းညွန့်၊ ဦးမင်းဆွေ၊ ဒေါ်လဲ့လဲ့ဝင်းဆွေနှင့်
လွှတ် တော်ရုံးမှ တာဝန်ရှိသူများသည် တာမွေမြို့နယ်တရားရုံးသို့
သွားရောက်လေ့လာစစ်ဆေးခဲ့ကြသည်။
ကော်မတီမှအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် တာမွေမြို့နယ်တရားရုံး၌
ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီး၊
အရှေ့ပိုင်းခရိုင်တရားသူကြီး ဒေါ်ချိုမာလာ၊ တာမွေမြို့နယ် တရားသူကြီး
ဦးမြင့်ဝင်းနှင့်အတူ တာမွေမြို့နယ်တရားရုံးမှ တရားသူကြီးငါးဦးတို့နှင့်
တွေ့ဆုံ ခဲ့ကြပြီး တာမွေမြို့နယ် ဥပဒေရုံးမှ တာဝန်ရှိသူများနှင့်လည်း
တွေ့ဆုံခဲ့သည်။
ပြည်သူ့လွှတ်တော်ကော်မတီမှ တာဝန်ရှိသူများအနေဖြင့် တာမွေမြို့နယ်
တရားရုံးကို လေ့လာရာတွင် သတင်းထောက်များကို တရားရုံးအတွင်းသို့
ဝင်ရောက်ခြင်းမပြုရန် တာမွေမြို့နယ် တရားရုံးမှ တာဝန်ရှိသူအချို့က
ပြောကြားခဲ့သော်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မှ
သတင်းထောက်များကို ၀င်ရောက်ခွင့်မပြုပါက ၎င်းအနေဖြင့်ပါ တရားရုံးအတွင်းသို့
ဝင်ရောက်တော့မည် မဟုတ်ကြောင်း ပြောကြားခဲ့သဖြင့် သတင်းထောက်များပါ
တရားရုံးအတွင်း ၀င်ရောက်သတင်းရယူ ခွင့်ရရှိ ခဲ့သည်။
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၏
တာဝန်တစ်ရပ်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန်
တရားရုံးများကို ယခုကဲ့သို့ ကွင်းဆင်းလေ့လာ စစ်ဆေးမှုများ
ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့်
တည်ငြိမ်အေး ချမ်းရေးကော်မတီ၊ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၊
အတွင်းရေးမှူး ဦးဝင်းမြင့်က ''တရားဥပဒေ စိုးမိုးရေးအတွက်
ပူးပေါင်းဆောင်ရွက်ဖို့ လေ့လာကြတာပါ။ ကျွန်တော်တို့က တရားဥပဒေ
စိုးမိုးရေးအတွက် ဘယ်လိုလုပ်ကြမလဲ။ ဘယ်လို လိုအပ်ချက်တွေရှိလဲ။ ဘယ်လို
အကူအညီပေးရမလဲ။ ဘယ်လို အဖြေရှာရမလဲ။ ဒါတွေသိအောင် လာရောက်လေ့လာရခြင်း
ဖြစ်ပါတယ်။ တွေ့ရှိချက်တွေကို ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြပြီး သူရဲ့
ညွှန်ကြားချက်အတိုင်း ဆက် လက်ဆောင်ရွက်သွားမှာပါ။ ရက်ရှည်လများ
ကြာနေတဲ့အမှုတွေကို သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့
ဆွေးနွေးခဲ့ကြပါတယ်'' ဟု ပြောကြား ခဲ့သည်။
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး
ကော်မတီအဖွဲ့ဝင် ဦးသိန်းညွန့်က ''တရားဥပဒေစိုးမိုးဖို့အတွက် အရေးအကြီးဆုံးက
တရားဥပဒေစိုးမိုးဖို့ လိုတယ်။ အဂတိလိုက်စားမှု မတားမြစ်နိုင်ရင်
တရားစီရင်ရေးက ပိုဆိုးသွားမယ်။ ပြီးခဲ့တဲ့အပတ်က မန္တလေးမှာ တရားစီရင်ရေး
မဏ္ဍိုင်ယိမ်းယိုင်နေတာတွေ ရှိတယ်ဆိုလို့ သွားတယ်။ ဟိုရောက်တော့
တရားရေးမဏ္ဍိုင်က ယိမ်းယိုင်ရုံတင် မဟုတ်ဘူး။ လုံးဝပြိုကျနေတာ တွေ့ရတယ်။
ရန်ကုန်မှာလည်း ကိုယ်တိုင်ကြုံ တွေ့ရတာ ကျွန်တော့်သား တရားခွင်သွားတာ
ပိုက်ဆံကျပ် ၃၀၀၀ပေးရတာတွေ ရှိတယ်။ ဒါကြောင့် ကျွန်တော်
တရားရေး တာဝန်ရှိသူတွေကို ပြောခဲ့တာက ပြည်ထောင်စုလွှတ်တော်မှာ
နိုင်ငံတော်သမ္မတကြီး မိန့်ခွန်းပြော ခဲ့တဲ့ မတ်လ ၃၁ ရက်နေ့မှာ
လာဘ်ပေးလာဘ်ယူမှုဟာ နိုင်ငံဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ပြောခဲ့တယ်။
အဲဒီနောက်ပိုင်းမှာ လာဘ်ပေးလာဘ်ယူ ကိစ္စတွေကို ထိန်းဖို့၊
ဥပဒေပြဋ္ဌာန်းချက်တွေကို အရေးမမူဘဲ စီရင်ချက်ချမှတ်ခဲ့တဲ့ တရားရုံးတွေရဲ့
စီရင်ချက်တွေ၊ စီရင်ထုံးတွေဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ
စမ်းသပ်ခြင်းခံရတော့မယ်လို့ ပြောခဲ့ပါတယ်။ တိုင်းပြည်ကိုချစ်ရင်
တတိယမဏ္ဍိုင်ကို မပြုပြင်ရင် မရတော့ ဘူးလို့ ပြောခဲ့ပါတယ်။ နောက်ပြီး
အမှုဖြစ်တာ ၁၁ လ၊ ကိုးလတို့ ကြာသွားပြီ၊ စွဲချက်မတင်ရသေးတာတွေ၊
မိသားစုတစ်စုလုံး အဖမ်းခံထားရတယ်။ ကလေးတွေပါ ပါတယ်။ အဲဒါမျိုးကတော့
အဖမ်းခံထားရတဲ့ သူတွေရဲ့ တင်ပြချက်က အချက်အလက်မှန်လား အရင်လေ့လာရမယ်။
မှန်ရင် တစ်မိသားစုလုံး အဖမ်းခံ ရတာ တရားမျှတရဲ့လား မေးခွန်းထုတ်ရမယ်။
တရားစီရင်ရေးမှာ တရားမျှတဖို့ အဓိကကျပါတယ်''ဟု ပြော ကြားခဲ့သည်။
ကော်မတီအနေဖြင့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် အရှေ့ပိုင်း ခရိုင်တရားရုံးကို
သွားရောက်ခဲ့ကြပြီး စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး
တရားလွှတ်တော်ချုပ်သို့ သွားရောက်ကြမည်ဖြစ် သည်။
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးကော်မတီကို သြဂုတ်လ ၇ ရက်နေ့ က ပြည်သူ့လွှတ်တော်တွင်
ဖွဲ့စည်းခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါကော်မတီတွင် ဥက္ကဋ္ဌအဖြစ်
ဆောင်ရွက်နေသည်။
ကော်မတီ၏ အဓိကတာဝန်မှာ လွှတ်တော်ကိုယ်စားလှယ်များ၊ တရားရေး
အဖွဲ့အစည်းများ၊ အစိုးရ၀န် ထမ်းများ၊ မီဒီယာများအကြား တရားဥပဒေနှင့်အညီ
ကျင့်သုံးနေထိုင်မှုရှိစေရန် ကြပ်မတ်ထိန်းကျောင်းရ မည်ဖြစ်ပြီး
တိုင်းပြည်တည်ငြိမ်အေးချမ်း မှုရရှိစေရန် ဆောင်ရွက်ရန်ဖြစ်ကြောင်း
သိရှိရသည်။
Ref: Eleven Media Group
No comments:
Post a Comment