
စက်တင်ဘာလ ၉ ရက်နေ့က အရေးပေါ်လှေကားမှ အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးခဲ့သည့်
အလုံမြို့နယ် ငုဝါလမ်းရှိ အခင်းဖြစ်ပွားရာ တိုက်ကိုတွေ့ရစဉ် ဓာတ်ပုံ-စောဝဏ္ဏ
အထပ်မြင့်တိုက်များတွင် တပ်ဆင်ထားသည့် အရေးပေါ်လှေခါးများကြောင့်
နေထိုင်သူများ ထိခိုက်ဆုံးရှုံးမှု သည် ဆောက်လုပ်သည့် ကန်ထရိုက်အပြင်
စစ်ဆေးသည့်အဖွဲ့များ၌ပါ တာဝန်ရှိကြောင်း နေထိုင်သူ အများပြည်သူနှင့်
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူအချို့က ထုတ်ဖော်
ပြောကြား ခဲ့သည်။
ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံများ တည်ဆောက်သည့်အခါ
ယခုနောက်ပိုင်းတွင် အရေးပေါ်လှေကားများ ထည့်သွင်းတည်ဆောက်ရန်
သတ်မှတ်ထားကြောင်း၊ တည်ဆောက်ပြီးသည့်အခါ တွင် ခိုင်ခံ့မှုရှိ၊ မရှိ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ အဆောက်အအုံစစ်ဆေးရေးအဖွဲ့မှ
အဆောက်အအုံတစ်ခုလုံးကို စစ်ဆေးပြီးမှသာ လူနေထိုင်ခွင့်ချထားပေးခြင်း
ဖြစ်ကြောင်း သိရသည်။
ယခုအခါ ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်များ၌ အရေးပေါ်လှေကားပါဝင်သော
တိုက်များရှိသော်လည်း အလွန်သေးငယ်သည့် သံတိုင်များဖြင့် အဖြစ်သဘော
ထည့်သွင်းတပ်ဆင်ပေးခြင်းများ ပြုလုပ်ထား၍ အမှန်တကယ် အရေးပေါ်အခြေအနေတွင်
လူအများ အသုံးပြု၍ရမည် မဟုတ်ကြောင်း၊ လက်ရှိတွင် မီးလောင်မှုကြောင့်
ဖြစ်ပေါ်သည့်အရေးပေါ် အခြေအနေကို မကြာခဏ ကြုံတွေ့ရသည့်အတွက်လည်း အထပ်မြင့်တိုက်နေပြည်သူများက ကန်ထရိုက် သို့မဟုတ် စစ်ဆေးရေးအဖွဲ့များက
ပြန်လည်စိစစ်ကာ ခိုင်မာစွာပြင်ဆင်ပေးရန် လိုလားသည်ဟုဆိုကြသည်။
လတ်တလောအနေဖြင့် အလုံမြို့နယ် အထပ်မြင့်တိုက်တစ်လုံးတွင် နေထိုင်သူ
အမျိုးသမီးငယ်တစ်ဦး ပြုတ် ကျသေဆုံးခဲ့မှုတွင်လည်း အရေးပေါ်လှေကားပါ
တစ်ပါတည်းပြုတ်ကျခဲ့ရာ ယင်းသို့ အရေးပေါ်လှေကားမျိုး မှာ ဟန်ပြသာတပ်ထားသည့်အတွက်၊ မခိုင်ခံ့သည့်အတွက် ယခုကဲ့သို့ဖြစ်ပေါ်ရခြင်းဟု အဆိုပါတိုက်
တွင်နေထိုင်သူတစ်ဦးက ပြောခဲ့သည်။
“အလုံမှာဖြစ်ပွားခဲ့တဲ့ အရေးပေါ်လှေကားပြုတ်ကျလို့ လူသေဆုံးမှု
ဖြစ်စဉ်ဖြစ်တဲ့နေရာကို နောက်တစ်နေ့မှာ သိခဲ့တဲ့အတွက်မြေပြင်ကိုသွား
ရောက်ပြီး စစ်ဆေးမှုလုပ်ခဲ့ပါတယ်။ ဒီကိစ္စဟာဆောက်လုပ်တဲ့ကန်ထ ရိုက်ရော၊
စစ်ဆေးတဲ့အဖွဲ့အစည်းမှာပါ တာဝန်ရှိပါတယ်။ ကန်ထရိုက်က ဆောက်ကတည်းက
လှေကားကို အဖြစ် သဘောမျိုးလုပ်ခဲ့တယ်။ စစ်ဆေးတဲ့အင်ဂျင်နီယာအဖွဲ့လည်း
တာဝန်ရှိတာပေါ့”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ
တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
Ref: Eleven Media Group
No comments:
Post a Comment