ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်ကော်မတီ၊ ကော်မရှင်များသို့ တာဝန်ပေးချက်အရ
အစိုးရ မဟုတ်သော လူ့အဖွဲ့အစည်း NGO များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို
ပြန်လည်သုံးသပ် ပြင်ဆင်ရေး ဆွဲသွား မည်ဖြစ်ကြောင်း သိရှိရသည်။
''မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင်
နိုင်ငံတော်သမ္မတက အရပ်ဘက် လူမှုအဖွဲ့အ စည်းအားလုံးနှင့်
ပူးပေါင်းဆောင်ရွက်ရန် မိန့်ကြားခဲ့ပြီးပြီဖြစ်၍ အရပ်ဘက်
လူ့အဖွဲ့အစည်းများတွင် ပါဝင် သည့် အစိုးရမဟုတ်သော လူ့အဖွဲ့အစည်းများ
ဖွဲ့စည်းရေးအတွက် ခေတ်နှင့်လျော်ညီသော၊ အစိုးရမ ဟုတ်သော လူ့အဖွဲ့အစည်း NGO
များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန်
နိုင်ငံတော်အစိုးရ အား ဤလွှတ်တော်မှ တိုက်တွန်းကြောင်း''အဆိုကို
ဦးသိန်းညွန့်က တင်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီးနောက်
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ''လက်ရှိ
ကျင့်သုံးဆောင်ရွက်လျက်ရှိနေတဲ့ အသင်းအဖွဲ့များ ဖွဲ့စည်းဆောင် ရွက်ခြင်း
ဥပဒေမှာ ခေတ်နဲ့လျော်ညီစွာ ဆောင်ရွက်လျက်ရှိတဲ့ တည်ဆဲ
ဥပဒေတစ်ရပ်ပင်ဖြစ်ကြောင်း တွေ့ ရမှာဖြစ်ပါတယ်။ လိုအပ်သော ညွှန်ကြားချက်များ၊
လုပ်ထုံးလုပ်နည်းများကိုလည်း ခေတ်စနစ်နဲ့ လျော်ညီစွာ ထုတ်ပြန်ပြီးတော့
အသင်းအဖွဲ့အသစ်များ ဖွဲ့စည်းခွင့်ပြုခြင်း၊ သက်တမ်းတိုးခြင်းများကို
စိစစ်ခွင့်ပြု ဆောင် ရွက်လျက်ရှိပါတယ်။ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းနဲ့ပတ်သက်၍
အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ပုဒ်မ ၄ မှာလည်း ဖွဲ့စည်းခွင့်
လျှောက်ထားရန်မလိုတဲ့ အသင်းအဖွဲ့များဆိုပြီးတော့လည်း အတိအကျ
ပြဋ္ဌာန်း ထားပြီးဖြစ်ပါတယ်။ ဒါကတော့ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ
ဥပဒေပုဒ်မ ပုဒ်မခွဲ (ခ)နဲ့ (ဂ)မှာ ဘာသာ သာသနာရေး သက်သက်ကိုသာ
ကျင့်သုံးဆောင်ရွက်နေသော အသင်းအဖွဲ့နှင့် စီးပွားရေးသက်သက်ကိုသာ
လုပ်ကိုင်ဆောင်ရွက်နေသော အသင်းအဖွဲ့များသည် ဥပဒေအရ ဖွဲ့စည်းခွင့်
လျှောက်ထားရန် မ လိုကြောင်း ပြဋ္ဌာန်းထားရှိပါတယ်။ အဆိုပါအသင်းအဖွဲ့များ
ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေမှာလည်း ပြဋ္ဌာန်းထား ပြီးဖြစ်၍ အသစ်ရေးဆွဲ
ပြဋ္ဌာန်းရန်မလိုအပ်တော့ဘဲ ပြင်ဆင်လိုသော အချက်များရှိရင်
ပြင်ဆင်ရေးဆွဲနိုင် မှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ခေတ်နဲ့လျော်ညီသော၊
အစိုးရမဟုတ်သော လူ့ဖွဲ့အစည်းများမှတ်ပုံတင်ခြင်းဆိုင် ရာ
ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန် လိုအပ်တော့မည် မဟုတ်ပါကြောင်းနဲ့ ဒီအဆိုကို
မှတ်တမ်းတင် ထားရှိသင့် ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်''ဟု
ရှင်းလင်းခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ''ဥပဒေ နည်းဥပဒေနဲ့
သက်ဆိုင်တဲ့ဟာတွေကို လေ့လာ တဲ့အခါမှာ ဥပဒေကြီးကို ချက်ချင်း
အသစ်ပြင်ရေးဆွဲဖို့ထက် ဒီဥပဒေထဲမှာပါတဲ့ တချို့အချက်ပြင်ဖို့
လိုကောင်းလိုမယ်။ လိုချင်မှလဲ လိုမယ်။ သို့ပေမယ့် သေချာတာကတော့ လက်တွေ့၊
လက်ငင်းကို ပြင်ဖို့ လိုနေပါပြီ''ဟု ပြောကြားခဲ့သည်။
ထို့နောက် အဆိုရှင် ဦးသိန်းညွန့်က သဘောတူသဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက
ပြည်သူ့ လွှတ်တော်ကော်မတီနှင့် ကော်မရှင်များကို အဆိုပါဥပဒေ
ပြင်ဆင်ရေးဆွဲရန် တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
Ref: Eleven Media Group
No comments:
Post a Comment