Saturday, August 4, 2012

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)မှ သတင်းလွတ်လပ်ခွင့်အတွက် လှုပ်ရှားမှုများပြုလုပ်

Envoy ဂျာနယ်ရုံးခန်းတွင် မီဒီယာများနှင့် ဆွေးနွေးမှုများပြုလုပ်နေသော ကိုမင်းကိုနိုင်နှင့် စင်ရော်မောင်မောင်တို့အား တွေ့ရစဉ်

သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)မှ သတင်းလွတ်လပ်ခွင့်အတွက် စုပေါင်းလှုပ်ရှားမှုများ သြဂုတ်လ ၄ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Envoy ဂျာနယ်သို့ သတင်းလွတ်လပ်ခွင့်ကော်မတီ(ယာယီ)နှင့် သွားရောက်နေသော ကိုမင်းကိုနိုင်အား တွေ့ရစဉ်

လှုပ်ရှားမှုမှာ ''မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်၊ Stop Killing Press ''စာတန်းပါ တီရှပ်အနက်ရောင် များကိုဝတ်ဆင်ပြီး မီဒီယာအသီးသီးမှ သတင်းသမားများစုပေါင်း၍ နေရာခြောက်နေရာသို့ သတင်း သွားရောက်ရယူခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါနေရာခြောက်နေရာမှာ  ၃၂လမ်း(အလယ်ဘလောက်)ရှိ The Voice ဂျာနယ်ရုံးခန်းသို့ သွားရောက်ခြင်း၊ မြေနီကုန်းရှိ Envoy ဂျာနယ်ရုံးခန်းသို့ သွားရောက်ခြင်း၊ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့ သည့် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း အလုပ်မှုဆောင် ရွေးချယ်တင်မြောက် ပွဲသို့သွားရောက် ခဲ့ခြင်း၊ City Star ဟိုတယ်တွင်ပြုလုပ်ခဲ့သည့် တာရာမင်းဝေ အမှတ်တရ ကဗျာရွက်ပွဲသို့ တက်ရောက်ခြင်း ၊ တော်ဝင်နှင်းဆီတွင် ပြုလုပ်ခဲ့သည့် ဆရာဖေမြင့်၏ စာပေ ဟောပြောပွဲသို့ တက်ရောက်ခဲ့ခြင်းနှင့် Home တွင် ပြုလုပ်ခဲ့သည့် ကာတွန်းစိုးသော်တာ စာအုပ်မိတ်ဆက်ပွဲသို့ တက်ရောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါလှုပ်ရှားမှုများကို ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များမှ မီဒီယာသမားများနှင့်အတူ ပူးပေါင်း၍ မီဒီယာသမားများ၏ လှုပ်ရှားမှုများကို ထောက်ခံရပ်တည်သွားမည်ဖြစ်ကြောင်း သိရှိရသည်။  
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က '' စီစစ်ရေးကို ဖြုတ်ပေးမယ်။ ဒီလကုန်ရင် မရှိတော့ဘူးလို့ ပြောခဲ့တဲ့ပန်ကြားရေးဝန်ကြီးဌာနက တာဝန်အရှိဆုံးသူတွေကို မေးခွန်းထုတ်ချင်ပါ တယ်။ ရှေ့လျှောက် အလုပ်လုပ်မယ်ဆိုရင် ဒီလိုမျိုး လူကြီးလူကောင်းမဆန်တဲ့သူတွေနဲ့ လုပ်လို့မရပါဘူး။ ဒီမိုကရေစီမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လွတ်လပ်စွာ ရေးသားခွင့်တွေဟာ အခြေခံ အခွင့်အရေးတွေပါ။ တရားစွဲဆိုခြင်း ပြုထားတာတွေနဲ့ အခုလို နှုတ်မိန့်နဲ့ သတင်းမီဒီတွေကို ဖိနှိပ်တာမျိုး မလုပ်သင့်ပါဘူး။ မီဒီယာသေရင် ဒီမိုကရေစီသေမှာပါ။ ဒါကြောင့် စာနယ်ဇင်းတွေဘက်က ရပ်တည်တာ ပါ''ဟု ပြောကြားခဲ့ပါသည်။

The Voice ဂျာနယ်ရုံးခန်းတွင် သတင်းလွတ်လပ်ခွင့်နှင့် ပတ်သတ်၍ ဦးကျော်မင်းဆွေမှ ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ်

''တိုင်းပြည် ဒီမိုကရေစီ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အသွင်ကူးပြောင်းဖို့ကို နိုင်ငံသားတွေ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ ပညာတွေရဖို့၊ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ အသိပညာတွေကအစ အကြံပေးတာပဲဖြစ်ဖြစ်၊ အသိပညာ ပေးတာပဲဖြစ်ဖြစ် အများကြီး လုပ်ခဲ့တယ်။ ဒီမီယာတွေက ၁၉၈၅ ခုနှစ်နောက်ပိုင်း ၁၅နှစ်ကျော်ကျော် အနှစ်၂၀နီးပါး ဒီစာပေစိစစ်ရေးကို အမြဲတမ်းတင်ပို့ပြီးတော့ ကျွန်တော်တို့က အတည်းအဖြတ်၊ အခုတ်အထစ်ခံခဲ့ရတယ်။ အချိန်မရွေးရုံးကိုခေါ်ပြီး အဆူအငေါက်ခံရတယ်။ နောက်ပြီး သူတို့ရုံးက ချမှတ်ထားတဲ့ ပြစ်ဒဏ်တစ်ခုခုနဲ့ ပတ်သက်ပြီး လက်မှတ်ထိုးရတယ်။ ဂျာနယ်ပိတ်ခံရတယ်၊ တရားစွဲခံရတယ်။ ဒါပြည်တွင်း မီဒီယာတွေ အားလုံးခံနေရတာ။ နောက်အပြင်မှာ အခြေစိုက်ပြီးတော့ အပြင်မှာရှိတဲ့ Exile မီဒီယာတွေက အစိုးရကို တစ်ချိန်လုံးဆဲနေတယ်။ အစိုးရရဲ့ အပြောင်းအလဲပေါ်မှာ သံသယနဲ့ အမြဲစောင့်ကြည့် နေကြတယ်။ ပြည်ပမီဒီယာတွေမှာ စာပေစိစစ်ရေး တင်စရာမလို ဘူး။ ပြည်တွင်း မီဒီယာတွေကို စာပေစိစစ်ရေးက အရေးယူတာ၊ တရားစွဲတာခံ နေရတုန်းပဲ။ ဒီကိစ္စက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ဒါပါပဲ ''ဟု The Voice ဂျာနယ်မှ အယ်ဒီတာချုပ် ကိုကျော် မင်းဆွေက ပြောပါသည်။
Envoy ဂျာနယ်ထုတ်လုပ်သူ ဒါရိုက်တာဇင်ယော်မောင်မောင်ကလည်း ''အခုလိုဂျာနယ်တွေ ကိုပိတ်ပင်တား ဆီးခံရတာ စိတ်မကောင်းပါဘူး။ အမြန်ဆုံး ပြန်လည်ထုတ်ဝေခွင့်ပြုဖို့ တောင်းဆိုပါတယ်။ အခုလို ဂျာနယ် ထုတ်ဝေခွင့် ပိတ်ထားမယ်ဆိုရင် သတင်းထောတွေရဲ့ ဘ၀ရပ်တည်ရေးအတွက် ရေရှည်လုပ်ဆောင်ပေးဖို့ ကျွန်တော်တို့လည်း မတက်နိုင်ပါဘူး''ဟု ပြောပြခဲ့ပါသည်။    
''မီဒီယာဖိနှိပ်မှု ချက်ချင်းရပ်၊ Stop Killing Press'' စာတန်းပါ တီရှပ်အနက်ရောင်များကို ၀တ်ဆင်ပြီး မီဒီယာအသီးသီးမှ သတင်းသမားများ သတင်းမီဒီယာသမားများက စမ်းချောင်းမြို့နယ် မြေနီကုန်းပလာဇာ ရှိ Envoy ဂျာနယ်တိုက်သို့ ရောက်ချိန်၌ စမ်းချောင်းမြို့နယ်စခန်းမှူး ရဲအုပ်မြအောင်က''အခုလို ငြိမ်းချမ်းစွာ ဆန္ဒပြမယ်ဆိုရင် ခွင့်ပြုချက်တောင်းယူ၍ လုပ်ဆောင်ရန်'' သတင်းမီဒီယာသမားများကို ပြောကြားရာ သတင်းမီဒီယာသမားများမှ စီတန်းလှည့်လည် ဆန္ဒပြခြင်းမဟုတ်ကြောင်း ထုတ်ဝေခွင့် ပိတ်ပင်ခံထားရ သည့်ဂျာနယ်များ ဂျာနယ်ထွက်မည့်ရက်များတွင် ထုတ်ဝေနိုင်ခြင်းမရှိသည့်အတွက် လူမှုရေးအရ လာရောက်အားပေးခြင်း ဖြစ်ကြောင်းနှင့် မြို့ထဲမှ မြေနီကုန်းသို့ လိုင်းကားစီး၍လာရောက်ခဲ့ ပြီး မြေနီကုန်းမှတ်တိုင်မှ Envoy ဂျာနယ်တိုက်သို့ လမ်းလျှောက်လာ ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေ ကြားခဲ့သည်။
အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးအောင်က ''အခုကိစ္စနဲ့ ပတ်သတ်ပြီး ယာဉ်တွေ လူတွေ သွားလာမှု အနှောင့်အယှက် မဖြစ်အောင်နဲ့ ဥပဒေနဲ့အညီဖြစ်အောင် ဆောင်ရွက်သင့်ပါတယ်'' ဟု ပြောကြားခဲ့သည်။   
အဆိုပါအခမ်းအနားများသို့ တက်ရောက်သတင်းရယူခဲ့သော သတင်းသမားများသည် နိုင်ငံတော်အစိုးရထံ သို့ ပေးပို့မည်စာအတွက် လက်မှတ်များကို ရေးထိုးခဲ့ကြောင်း သိရှိရသည်။

Ref: Eleven Media Group

No comments:

Post a Comment