Monday, August 20, 2012

ကမ္ဘာကျော် ဂျပန်လက်ရွေးစင်ဘောလုံးသမားဟောင်း နာကာတာ မြန်မာနိုင်ငံသို့ ရောက်ရှိ


ကမ္ဘာကျော် ဂျပန်လက်ရွေးစင် ဘောလုံးသမားဟောင်း ဟီဒဲတိုရှိနာ ကာတာသည် သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၆း၄၅နာရီအချိန်က ထိုင်းလေကြောင်းလိုင်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။
နာကာတာသည် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်ကာလအတွင်း သြဂုတ်လ (၂၀) ရက်နေ့တွင် မြန်မာနိုင် ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့အား တွေ့ဆုံမည်ဖြစ်ပြီး ညနေပိုင်းတွင် ပဒုမ္မာကွင်း၌ မြန်မာယူ-၁၉ အမျိုးသားအသင်း၊ မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းတို့နှင့်အတူ ပူးတွဲလေ့ကျင့်မှုများ ပြုလုပ် ရန်စီစဉ်ထားကြောင်းလည်း သိရသည်။
နာကာတာသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် အကြံပြုဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ပြီး သြဂုတ်လ (၂၂) ရက်နေ့တွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။
နာကာတာသည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်၊ ဇွန်လ အတွင်းက မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်လာရောက်ခဲ့ကာ ဇွန်လ ၇ ရက်နေ့က လက်ရွေးစင်ကစား သမားများ၊ လက်ရွေးစင်ဟောင်းကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ရန်ပုံငွေဘောလုံးပြိုင်ပွဲတစ်ခု ကစားခဲ့ရာ ပရိသတ် ၃၀၀၀ ကျော် လာရောက် အားပေးခဲ့သည်။
နာကာတာသည် ဂျပန်လက်ရွေးစင်ဘောလုံးအသင်း၏ အဓိကကစားသမားအဖြစ် ၁၉၉၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ပွဲပေါင်း ၇၇ ပွဲ ကစားခဲ့ကာ ၁၁ ဂိုးသွင်းယူထားနိုင် ခဲ့သည်။ ပရော်ဖက်ရှင်နယ်ကစား သမားအနေဖြင့် စီးရီးအေကလပ် ပီရူး ဂျီယာ၊ ရိုးမား၊ ပါးမား၊ ဘိုလော့ဂ်နာ၊ ဖီအိုရင်တီးနား၊ ပရီးမီးယားလိဂ်ကလပ် ဘော်လ်တန်အသင်းတို့တွင် ကစားခဲ့ပြီး အသက် ၃၀ ၌ အနားယူခဲ့သူဖြစ်သည်။

No comments:

Post a Comment