Wednesday, August 15, 2012

တရုတ်နိုင်ငံထုတ် ဆေးဝါးတုများအား အာရှတွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံများသို့ အများဆုံးတင်ပို့ကြောင်း ထုတ်ပြန် ၊ ကမ္ဘာပေါ်တွင်အဆိုးရွားဆုံး ဆေးဝါးတုထုတ်လုပ်သည့် တရုတ်နိုင်ငံ၌ ဆေးတုထုတ်လုပ်သူ ၂၀၀၀ နီးပါးအားဖမ်းဆီး

လူ့အသက်အန္တရာယ်ကိုပါ ထိခိုက်စေသည့် ငှက်ဖျားဆေးအပါအ၀င် တရုတ်နိုင်ငံထုတ် ဆေးဝါးအတုများကို အာရှတွင် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ အများဆုံး တင်ပို့နေကြောင်း နိုင်ငံတကာသတင်း များအရ သိရပါသည်။
တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ဆေးဝါးတုထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံဖြစ်ကြောင်းကိုလည်း အမေရိကန် အခြေစိုက် IMS Health မှ ထုတ်ပြန်ထားသည်။ IMS Health မှာ အမေရိကန်အပြင် ကနေဒါ၊ ဂျပန်၊တရုတ်၊ လက်တင်အမေရိက၊ အာရှပစိဖိတ်ဒေသ၊ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနိုင်ငံများတွင်ပါ အခြေ စိုက်ရုံးများ ဖွင့်လှစ်ထားသည့်ဆေးဝါး နည်းပညာကုမ္ပဏီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တရုတ်နိုင်ငံ၌ ဆေးဝါးတုထုတ်လုပ်သူများအား ရဲဝန်ထမ်းအင်အား ၁၈၀၀၀ ကျော် အသုံးပြု ဖမ်းဆီးခဲ့ရာ ဆေးဝါးတုနှင့်သက်ဆိုင် သူ ၂၀၀၀ ဦးနီးပါး ဖမ်းဆီးထားပြီး ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ဆေးဝါးတု ထုတ်လုပ်နေသည့် နည်းလမ်းနှစ်မျိုးရှိကြောင်း တစ်မျိုးမှာ ဆေးဝါးအတု သီး သန့်ထုတ်ပြီး နောက်တစ်မျိုးမှာ နာမည်ကြီးတံဆိပ်များအား တုပထုတ်လုပ်သည့် နည်းလမ်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ဆေးဝါးတုကြောင့် နှစ်စဉ် လူ ၇၀၀၀၀၀ နီးပါး သေဆုံးနေကြောင်း နိုင်ငံတကာဝက်ဘ်ဆိုက် များတွင် ဖော်ပြခဲ့သည်။
၂၀၀၈ ခုနှစ်မှစ၍ ယခုနှစ်အထိ ငါးနှစ်အတွင်း တရုတ်နိုင်ငံမှ ဆေးဝါးတုထုတ်လုပ်သည့်နှုန်းမှာ ယခင် ၁၉ ရာခိုင်နှုန်းမှ ယခု ၂၂ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်းကိုလည်း IMS Health မှ လေ့လာထုတ်ပြန် ထားသည်။
တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ဆေးဝါးအတုများ၏ ၅၀ ရာခိုင်နှုန်းကို အန်ဂိုလာ၊ ဘူရွန်ဒီ၊ ကွန်ဂိုနိုင်ငံများသို့ အများဆုံး တင်ပို့ပြီး ကျန် ၅၀ ရာခိုင်နှုန်းမှ သုံးပုံ နှစ်ပုံကို မြန်မာ၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ကြောင်း Policy- network.net တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ တင်သွင်းနေသည့် ဆေးဝါးများမှာ အကိုက်အခဲပျောက်ဆေး၊ အ ဖျားပျောက်ဆေး၊ အစာအိမ်ဆေးကဲ့သို့ ဆေးဝါးများ အများဆုံးတင်သွင်းနေကြောင်း၊ ငှက်ဖျားဆေးတုကဲ့သို့ လူ့အသက်အန္တရာယ် ထိခိုက်နိုင်သည့် ဆေးဝါးများကိုလည်း မြန်မာနိုင်ငံသို့ တရုတ်လုပ်ငန်းရှင်များမှ တင်သွင်းနေကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆေးနှင့်ဆေး ပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ ၀င်းစည်သူက “ကျွန်တော်တို့က အသင်းအဖွဲ့ဖြစ်တဲ့အတွက် ဒီလိုဆေးဝါးတု ပြဿနာမျိုးတွေကို စည်းရုံးဆောင်ရွက်တဲ့ နည်းနဲ့ပဲ သွားလို့ရတယ်။ သိထားတာကို တင်ပြပြီး  သက်ဆိုင်ရာကို စစ်ဆေးဖို့ကြပ်မတ်ဖို့ တိုက်တွန်းတာ မျိုးလုပ်ပါတယ်။ ဥပမာ FDA ကို တစ်လတစ်ကြိမ်၊ နှစ်ကြိမ်ဈေးကွက်ထဲက ဆေးဝါးတုတွေကို စစ်ဆေးဖို့ တင်ပြတာမျိုးပါ။ FDA  ဘက်ကလည်းအန္တရာယ် ရှိတဲ့ဆေးဝါးတွေ့တယ်ဆိုရင် အသင်းကို အကြောင်းကြား ပြီး ဆေးကုန်သည်တွေ အနေနဲ့ ဆေးတွေပြန်သိမ်းပေးဖို့ပြောတယ်။ ဒီလိုအပြန်အလှန် လုပ်နေပါတယ်” ဟု ပြောပြခဲ့သည်။
ထိုသို့ ဆေးဝါးတုပြဿနာများအား မြန်မာနိုင်ငံအနေဖြင့် အင်တာပိုလ်၊ WHO ၊ WCO  အဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ လုပ်ဆောင်နေကြောင်း၊ ဆေးဝါးတုနှင့်ပတ်သက်၍  ဖမ်းဆီးရမိရာတွင် အရင်းအမြစ်များ အား ဖော်ထုတ်ပါက တရုတ်လုပ်ငန်းရှင်များ အဓိကဖြစ်နေသည့်ဖြစ်စဉ်များရှိခဲ့ကြောင်းလည်း သိရသည်။
FDA မှ တာဝန်ရှိသူတစ်ဦး ကလည်း “အခု တရုတ်ပြဿနာမှ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဈေးကွက်ထဲမှာ ပုံမှန် ဆေးတုတွေကို စစ်နေတယ်။ တွေ့ရင် အရေးယူတယ်။ ဒါကပြည်တွင်းဈေးကွက်မှာ လုပ်တာ။ နိုင်ငံ တကာမှာ ဆေးဝါးတုပြဿနာအတွက်ကျတော့ အင်တာပိုလ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ ကမ္ဘာ့ အကောက်ခွန်အဖွဲ့တွေ(WCO)နဲ့ ပူးပေါင်းပြီး လုပ်နေတာရှိတယ်။ မြန်မာကိုတော့ တရုတ်နိုင်ငံက သွင်းတဲ့ ဆေးအတုထဲမှာ လူ့အသက်အန္တရာယ်ကိုထိခိုက်စေတဲ့ ငှက်ဖျားဆေးလို ဆေးမျိုးတွေပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့တွေ တစ်နိုင်ငံလုံးမှာ စစ်ဆေးတယ်။ နိုင်ငံတကာက ငှက်ဖျားနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေပါ ကျွန်တော့်တို့ဆီကို အရင်တစ်ပတ်ကပဲ လာကြည့်ရှုခဲ့သေးတယ်။ ကျွန်တော်တို့ အနေနဲ့ ကတော့ တောက်လျှောက်စစ်နေပါ တယ်”ဟု ပြောပြခဲ့သည်။
တရုတ်နိုင်ငံထုတ်ဆေးဝါးအတု သုံးစွဲမိသူများအနေဖြင့် ကင်ဆာ၊ သွေးတိုး၊ ဆီးချိုအပြင် အရေပြားရောဂါ များကိုပါ ဖြစ်ပေါ်စေနိုင်သည် ဟု Yahoo.com တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment