နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များကို လွှတ်တော်က စွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့်
ဆောင်ရွက်မည့်အစား ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းကို ပြုလုပ်မည်ဆိုပါက
သင့်လျော်ကောင်းမွန်မည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၂၀ ရက်နေ့
ရက်စွဲဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဌထံသို့ ပေးပို့သည့် သ၀ဏ်လွှာတွင်
ထည့်သွင်းပြောကြားခဲ့သည်။
"မိမိတို့နိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးစကမ္ဘာ့အလယ်တွင် မျက်နှာပွင့်လန်းကာစ အခြေအနေတွင် သာရှိပါသေးသည်။ သို့ပါ၍ လက်ရှိအခြေအနေတွင် ဤအငြင်းပွားမှုပြဿနာကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားရေးမဏ္ဍိုင်ကြီး (၃) ရပ်လုံးမှ အကောင် အထည်ဖော်နေသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ၏ အရှိန်အဟုန် လျော့နည်းရပ်တန့် သွားခြင်းမ ရှိစေရန်နှင့် ပြည်သူသန်း(၆၀)၏ မျက်နှာကို ထောက်ထား၍လည်းကောင်း၊ မိမိတို့ မဏ္ဍိုင်ကြီး(၃)ရပ်၏ စည်းလုံးညီညွတ်မှုကို မထိခိုက်စေရန်အတွက်လည်းကောင်း၊ ဤကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ကစွပ် စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) တွင် တရား ဝင်ပေးအပ်ထားသည့် အခွင့်အရေးကို အသုံးပြုမည်ဆိုပါကလည်း မည်သူ့ကိုမျှ ထိခိုက်မှုမရှိစေဘဲ သင့်လျော်ကောင်းမွန်မည်ဟု ယူဆပါသည်။" ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
သို့သော်လည်း ဤအဖွဲ့အစည်းနှစ်ခုသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသည့် သီးခြားလွတ် လပ်သော အဖွဲ့အစည်းများ ဖြစ်ပါသဖြင့် မိမိတို့ဆန္ဒအရ ကြိုက်နှစ်သက်သည့် နိုင်ငံရေးလမ်းကြောင်း ကို ရွေးချယ်နိုင်ခွင့်ရှိပါကြောင်း ပြန်ကြားပါသည်ဟု ၄င်းက ပြောကြားခဲ့သည်။
ထို့အတူ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သတင်းစာရှင်းလင်းပွဲကို ယနေ့ (သြဂုတ်လ ၂၀ ရက်) မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးဥက္ကဌ ဦးသိန်းစိုးက "လွှတ်တော်ဆိုင်ရာ ဥပဒေများတွင် လွှတ်တော်မှ ဖွဲ့စည်းထားသော ကော်မ တီ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် ဖြစ်ကြောင်း ဖော်ပြချက်များသည် ကလောင်ချွန်၍ ရေး သားခြင်းများသာ ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်ဆိုပါက ပြည်ထောင်စုအဆင့်နှင့် ညီသော facilities များ ပေးရမည်ဖြစ်ကြောင်း၊ ခုံရုံးဆိုသည်မှာ တရားရုံးဖြစ်သည့်အတွက် ပရိသတ်များနှင့် ကင်းကင်း ရှင်းရှင်း နေရမည့်ဌာနဖြစ်ကြောင်း၊ ဆက်လက်၍လည်း ခုံရုံးအနေဖြင့် နိုင်ငံတော်မှ ပေးအပ်သည့်တာဝန် များကို ဆက်လက်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်မှ ဆန္ဒအလျောက် နှုတ်ထွက်ပေး ရန် တောင်းဆိုမှုမှာ လွှတ်တော်ကိစ္စသာ ဖြစ်ကြောင်း၊ လာမည့်အောက်တိုဘာလတွင် ခုံရုံးအနေဖြင့် သြစတေးလျနိုင်ငံသို့ လေ့လာရေးခရီး သွားရောက်မည်ဖြစ်ကြောင်း" ဟု မီဒီယာများသို့ ရှင်းလင်းပြောကြား ခဲ့သည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များအနေဖြင့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့ မတိုင်မီ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားမယူပါက လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံမှ လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှု အဆိုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားခဲ့သည်။
လွှတ်တော် ကော်မတီများသည် ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပေါင်း ၃၀၁ ဦးက လက်မှတ်ရေးထိုး ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံ ရုံးအားစွပ်စွဲပြစ်တင်မှုပြုလုပ်ရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် တင်ပြ တောင်းဆိုခဲ့ကြကြောင်း၊ သို့သော်လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ မေတ္တာရပ်ခံချက်အရ ခေတ္တစောင့်ဆိုင်း ပေးနေခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ် စားလှယ်များက ပြောကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ နိုင်ငံတော်သမ္မတထံ ပေးပို့သည့် သ၀ဏ်လွှာတွင် ပါဝင်သည့် “နိုင်ငံတော် သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရက်စွဲ ပါစာအမှတ်၊ ၃/ညမ (၁)၃-၁(၉၂) နပတ(၇၂)အရ တင်သွင်းခဲ့သည့် တင်သွင်းလွှာအား ပြန်လည်ရုပ်သိမ်းပေးပါရန်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏အသိ စိတ်ဓာတ်ဖြင့်တာဝန်မှ အနားယူစေခြင်းတို့ကို ဆောင်ရွက်ပေးရန်နှင့် ထိုသို့ဆောင်ရွက်ပေးမှုကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့မတိုင်မီ အပြီးဆောင်ရွက်ပေးပါရန်” တိုက်တွန်းမှုကို ဆောင်ရွက်ခြင်းမရှိပါက လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံမှ လက်မှတ်ရေးထိုးကာ စွပ်စွဲပြစ်တင်မှု အဆိုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေး ကော်မတီမှ ကော်မတီဝင်တစ်ဦး က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းထံသို့ ပေးပို့သော သ၀ဏ်လွှာ တွင်
"၁။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏
ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ်များက
ကျေနပ်လက်ခံနိုင်ခြင်း မရှိသဖြင့် သက်ဆိုင်သူများအားလုံးအတွက်
ထိခိုက်နစ်နာမှု အနည်းဆုံးဖြင့် သင့်မြတ်ပြီး တရားနည်းလမ်းကျသော
ဆောင်ရွက်ချက်များ ဖြစ်လာစေရန် စေတ နာကောင်းဖြင့် အကြံပြုပေးပို့ခြင်းအား
ကျေးဇူးတင်ရှိပါသည်။
၂။ ပထမအချက်အနေဖြင့် နိုင်ငံတော် သမ္မတ၏ ကိုယ်စား
ပြည်ထောင်စုရှေ့နေချုပ်က တင်သွင်းခဲ့သော တင်သွင်းလွှာကို
ပြန်လည်ရုပ်သိမ်းရန် အကြံပြုချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြန်ကြားလိုပါသည်။
လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့အား
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်သည်ဟု သတ်မှတ်ပြောကြားနေခြင်းနှင့်
စပ်လျဉ်း၍ အဆိုပါကော်မတီ ကော်မရှင်နှင့် အဖွဲ့တို့သည် ပြည်ထောင်စုအဆင့်
အဖွဲ့အစည်းများ ဖြစ်လာပါက ပြည်ထောင်စုအဆင့်နှင့် လျော်ညီ သည့်
ငွေကြေးကိစ္စများနှင့်
အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် စီမံဆောင် ရွက်ပေးရန် တာဝန်ရှိလာမည်ဖြစ်ပါသည်။ ထိုသို့ဆာင်ရွက်ပေးရာတွင် ဥပဒေ၊
စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်ရန် လိုအပ်ပါသည်။ လွှတ်တော်အသီးသီးက
ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့ သည် ပြည်ထောင်စုအဆင့်
အဖွဲ့အစည်းများတွင် အကျုံးဝင်ခြင်းရှိ၊ မရှိ တိကျရှင်းလင်းစွာ
သိရှိနိုင်ရေး အတွက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုသည့် စကားရပ်ကို
အနက်အဓိပ္ပါယ် ဖွင့်ဆိုပေးရန် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ
ခုံရုံးသို့ တင်သွင်းမေးမြန်းခဲ့ခြင်း ဖြစ်ပါသည်။
၃။
ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်ကို အနက်အဓိပ္ပါယ်ဖွင့်ဆိုပေးရန်
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ တင်သွင်းခဲ့ခြင်းသည်
လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော် မရှင်နှင့် အဖွဲ့တို့မှ
အဖွဲ့ဝင်များအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ရေးအတွက်
သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်ခြင်းဖြစ်ပါသည်။"ဟု ပြောကြားခဲ့သည်။
"ဤကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် “လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပါယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း” ဆုံးဖြတ်ချက်ချမှတ်ပြီး ဖြစ်ပါသည်။ ယင်းဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၂၄ နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေ ပုဒ်မ ၂၃ တို့အရ အပြီးအပြတ်အတည်ဖြစ်ပါသည်။ ဤကိစ္စမှာ စစ်ဆေးကြားနာဆဲအဆင့်မဟုတ်ဘဲ ဆုံးဖြတ်ချက် ချမှတ်ပြီး သည့် အဆင့်ဖြစ်၍ တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းရန်မှာ တရားရုံးများ၏ အစဉ်အလာနှင့် လုပ်ထုံးလုပ် နည်းများအရ မည်သို့မျှမဖြစ်နိုင်ပါသဖြင့် ဤကိစ္စအားအစိုးရအဖွဲ့အပေါ် နားလည်နိုင်မည်ဟု ယုံကြည် ပါသည်။" ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
"ဒုတိယအချက်အနေဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက် မတိုင်မီ ၄င်းတို့၏ ဆန္ဒအလျောက် တာဝန်မှ အနားယူစေရေးကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းပြန်ကြားလိုပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်သည် နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီ ရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲရန်နှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းရန် အတွက် သာ အပ်နှင်းထားခြင်းဖြစ်ပါသည်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပေးအပ်ထားသော လုပ်ငန်းတာဝန်အရ လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက်ခဲ့ခြင်းအပေါ် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တာဝန်မှ အနားယူသွားစေရေး အတွက် နိုင်ငံတော်သမ္မတက ဆောင်ရွက်မည်ဆိုလျှင် ဥပဒေနှင့် ညီညွတ်မည်မဟုတ်သည့်အပြင် တရားမျှ တမှုလည်းရှိနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုတာဝန်မှ အနားယူစေရန်မှာလည်း ဆောင်ရွက်၍ မရနိုင်သည့်ကိစ္စဖြစ်ပါသည်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့တွင် ပါဝင်သည့်ပုဂ္ဂိုလ်များသည် နိုင်ငံတော်သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌ (၂) ဦးတို့မှ ရွေးချယ်၍ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ထားသူများ ဖြစ် ကြပါသည်။ ထိုပုဂ္ဂိုလ်များသည် ဥပဒေရေးရာကျွမ်းကျင်၍ နှစ်ပေါင်းများစွာ တရားစီရင်ရေး အတွေ့အကြုံရှိ သူများ ဖြစ်သည့်အပြင် အချို့သောပညာရှင်များသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအတွက် ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်းကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားညီလာခံတွင် တာဝန်ကျေပွန်စွာ ပါဝင်ဆောင် ရွက်ခဲ့ကြသူများဖြစ်ပါသည်။ ဤဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာကိစ္စအပေါ် အမှားမှားအယွင်းယွင်းသော် လည်းကောင်း၊ ဘက်လိုက်၍သော်လည်းကောင်း အဆုံးအဖြတ်ပေးကြမည့် ပုဂ္ဂိုလ်များမဖြစ်နိုင်ဟု ယုံကြည်ပါသည်။" ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။
"မိမိအပါအဝင် ပြည်သူ့ကိုယ်စားလှယ်အားလုံးသည် “နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့် သိလိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံးဆောင်ရွက်ပါမည်။” ဟု လွှတ်တော်စတင် ကျင်းပစဉ်က ပြည်သူ့လွှတ်တော်သဘာပတိ၏ရှေ့မှောက်တွင် ကတိသစ္စာသို့မဟုတ် ကျမ်းသစ္စာပြုထားကြ သူများ ဖြစ်ကြပါသည်။ သို့ဖြစ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၂၃ ပါ ပြဋ္ဌာန်းချက်များအရ မိမိအနေဖြင့် လိုက်နာရမည်ဖြစ်ပါသည်။" ဟု နိုင်ငံတော်သမ္မတမှ ဆိုပါသည်။
Ref: Eleven Media Group
No comments:
Post a Comment