Monday, August 13, 2012

အဆက်မပြတ်မိုးကြောင့် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင် နှင့် က၀ မှာစပါးပင်များဆုံးရှုံး

 
အဆက်မပြတ်ရွာသွန်းသောမိုးကြောင့် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နှင့် က၀မြို့တို့တွင် စပါးစိုက် ခင်းများ ပျက်စီးဆုံးရှုံးကြောင်း သတင်းရရှိသည်။
ညောင်လေးပင်မြို့တွင် ကျေးရွာ(၂၀)ကျော်အနက်မှ မြို့အထက်ပိုင်းရှိ ရဲနွယ်ဆည်နှင့် ရွှေကျင်ဆည်တို့ မှ ရေလွှဲချမှုကြောင့် မြေနိမ့်သည့် အင်းချောင်း၊ ချောင်းကျိုး၊ တာဦး၊ သွင်းကုန်း၊ ရှမ်းရွာ၊ တော်မသီ၊ ပုဇွန်မြောင်း၊ ရေပေါ်တောင်၊ ရေဖြူကန် စသည့်ရွာများမှ စပါးစိုက်ဧက တစ်သောင်းကျော် ရေနစ်မြှုပ်ကုန် ကြသည်။
သြဂုတ်လ (၇) ရက်နေ့ တွင်လည်း မိုးဆက်လက်ရွာသွန်းကာ စပါးပင်များရေအောက်သို့ ၇ ရက်ကြာ နစ်မြှုပ်နေပြီဖြစ်၍ ကောက်စိုက်စပါးပင်များ ပျက်စီးမည်ကိုစိုးရိမ်နေရကြောင်း လယ်သမားကြီးတစ်ဦးက “ဒီစိုက်ပင်တွေက ပုပ်သွားနိုင်တယ်။ နောက်ထပ် (၁၅) ရက်လောက်အထိ ရေပြန်မကျဘူးဆိုရင် ဆုံးရှုံး နစ်နာနိုင်တယ်။ ကျွန်တော်တို့ ပထမရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးပြီဆိုရင် ခေါင်းထောင်နိုင်တဲ့အနေအထား မရှိတော့ ဘူး။  ပြန်စိုက်မယ် ဆိုရင်လည်း ရာသီဥတုက ဘာဖြစ်လာမယ်ဆိုတာ မှန်းလို့မှမရတာ”ဟုဆိုသည်။
ကောက်စိုက်ပြီး၍ နုသောစပါးပင်များ ရေအောက်တွင် ၇ ရက် ကြာမြင့်ပါက စပါးများသေဆုံးပျက်စီးနိုင် သည်။ စပါးပင်ရင့်၍ ရှည်လျားပါက (၁၅) ရက်အထိသာခံနိုင်ပြီး သည့်ထက်ပို၍ ရေအောက်ရောက်သွားပါ က စပါးပင်များ ပျက်စီးနိုင်ကြောင်းသိရသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး က၀မြို့နယ် အုန်းနှဲ၊ တာဝ၊  နိဗ္ဗာန်၊ ပိုင်ကျုံ၊ တောင်ကြီး၊ နဘဲပင်၊ မိုးခိုင်၊ ကျားတက်၊ ကမာကလဲ အပါအ၀င် ကျေးရွာပေါင်း (၄၀) ကျော်တွင်လည်း လယ်မြေများရေဖုံးလွှမ်းနေ သဖြင့် ထက်ဝက်ခန့် ပျက်စီးနိုင်ကြောင်းကို ဒေသခံလယ်သမားကြီးတစ်ဦးက “ရေကြီးလို့  လယ်ဧက (၅၀) ရာခိုင်နှုန်း ပျက်စီးနိုင်တယ်။ အဓိက အုန်းနှဲတစ်ဝိုက်က ရေနက်ကွင်းပေါ့။ တစ်နေ့က  ရွာကဘုရားမှာ (၂၁) အိမ်ထောင်၊ ခမဲပြင်ရွာမှာ အိမ်ခြေ (၁၄) အိမ်ထောင် ရေမြှုပ်သွားတယ်”ဟု ပြောပြသည်။
အုန်းနှဲကျေးရွာရှိ ကယ်ဆယ်ရေးစခန်းသို့ က၀မြို့နယ် အုပ်ချုပ်ရေးမှူးမှ လာရောက်၍ ကယ်ဆယ်ရေး ပစ္စည်းများ လှူဒါန်းခဲ့ပြီး လူမှုရေးအဖွဲ့အစည်းများမှလည်း ထမင်းထုပ်များ လှူဒါန်းပေးဝေခဲ့သည်။
ရေကြီးသဖြင့် က၀မြို့နယ်၊ ကျားတက်ရွာမှ စာသင်ကျောင်းကိုလည်း ပိတ်ထားရကြောင်း၊  သြဂုတ်လ (၆) ရက်နေ့က ဆယ်တန်းကျောင်းသားတစ်ဦးရေနစ်  မြှုပ်သေဆုံးခဲ့ကြောင်းလည်းသိရသည်။
ဤရက်ပိုင်းအတွင်း မြန်မာနိုင်ငံတစ်ဝန်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီ၊ သံလွင်၊  ချင်းတွင်း၊ င၀န်၊ ပဲခူး၊ စစ်တောင်း၊ ရွှေကျင် စသည့်မြစ်များ မြစ်ရေကြီးသည့် သတိပေးချက်များကို  နိုင်ငံပိုင်သတင်းစာ များတွင် နေ့စဉ်ထုတ်ပြန်နေသည်။

No comments:

Post a Comment