Monday, August 13, 2012

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၄င်းတို့၏ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားယူစေခြင်းကို သြဂုတ်လ ၂၁ ရက် နောက်ဆုံးအပြီးဆောင်ရွက်ပေးရန်

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၄င်းတို့၏ အသိစိတ်ဓာတ်ဖြင့် တာဝန်မှ အနားယူစေခြင်းကို သြဂုတ်လ ၂၁ ရက် နောက်ဆုံးအပြီးဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတ ထံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက (ယနေ့) သြဂုတ်လ ၁၄ ရက်တွင်ပြုလုပ်သော ပြည်သူ့ လွှတ်တော် စတုတ္တပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ တွင်ပြောကြားခဲ့သည်။

(ပြောကြားချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။)
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ (၁၄ - ၈ -၂၀၁၂) ရက်နေ့တွင် ပြောကြားချက်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
ကျွန်တော် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၃၀၁ ဦးက လက် မှတ်ရေးထိုးပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ - ၃၃၄၊ ပုဒ်မခွဲ (က) ၊ ပုဒ်မခွဲငယ် (၂) ပါ ပြဋ္ဌာန်းချက်အား ဖောက်ဖျက်ကျူးလွန်ခြင်း၊ ပုဒ်မခွဲငယ် (၅) အရ ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာ မထမ်းဆောင်နိုင်ခြင်းတို့ကြောင့် စွပ်စွဲပြစ်တင်မှုပြုလုပ်ရန် သဘောထားကို ၂၀၁၂ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တွင် လွှတ်တော်အခွင့် အရေး ကော်မတီမှတစ်ဆင့် ဒုတိယအကြိမ်အဖြစ် ထပ်မံတင်ပြလာကြပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များက တရားနည်းလမ်းကျစွာ တင်ပြတောင်းဆိုလာသော ကိစ္စရပ်များနှင့် တာဝန်ပေးမှုများအား လက်ခံဆောင်ရွက်ပေးရမည်ကို မိမိနား လည် သဘောပေါက်ပါတယ်။ သို့ရာတွင် ဤသို့စွပ်စွဲပြစ်တင်မှုပြုလုပ်ခြင်း ကိစ္စရပ်များကို အလျဉ်းမပြု လုပ်လိုပါ။ လွှတ်တော်ကိုယ်စားလှယ်များတွင်လည်း မိမိထက်မနည်းသော စိတ်စေတနာကောင်းများ ရှိကြလိမ့်မည်ဟု ယုံကြည်ပါတယ်။ သို့ပါသောကြောင့် စွပ်စွဲပြစ်တင်မှု နည်းလမ်းအစား အခြားနည်းလမ်း တစ်ခုခုဖြစ်မြောက်ရေးအတွက် ကြိုးပမ်းမှုပြုနေချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သည်းခံ စိတ်ထားရှိ၍ ခေတ္တခဏ စောင့်ဆိုင်းပေးစေလိုပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောဆန္ဒများကို နိုင်ငံတော် သမ္မတထံ ပေးပို့အကြောင်း ကြားပြီး နိုင်ငံတော်၏ဂုဏ်သိက္ခာ၊ လွှတ်တော်၏ဂုဏ်သိက္ခာနှင့် ကာယကံရှင်များနှင့် ဆက်စပ်သောအဖွဲ့ အစည်း၊ ပုဂ္ဂိုလ်များအား မထိခိုက်စေ‌ရေးတို့အတွက် ဆက်လက်ဆောင်ရွက် ခွင့်ပြုစေလိုပါတယ်။ မိမိဆောင်ရွက်လိုသည်မှာ လွှတ်တော်ကိုယ်စားလှယ်များအတွင်း ဖြစ်ပေါ်နေသောဆန္ဒနှင့် သဘောထား များကို နိုင်ငံတော်သမ္မတသိရှိစေပြီး ကောင်းမွန်မှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်နိုင်စေရေးအတွက် ရည်ရွယ် ပါတယ်။

ယခုကိစ္စကို စတင်ပေါ်ပေါက်စေခဲ့သော နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့ ရက်စွဲပါစာအမှတ်၊ ၃/ညမ (၁) ၃-၁ (၉၂) နပတ (၇၂) အရ တင်သွင်းခဲ့သည့် တင်သွင်းလွှာအား ပြန်လည်ရုပ်သိမ်းပေးပါ ရန်နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား ၎င်းတို့၏အသိစိတ် ဓာတ်ဖြင့် တာဝန်မှအနားယူစေခြင်းတို့ကို ဆောင်ရွက်ပေးရန်နှင့် ထိုသို့ဆောင်ရွက်ပေးမှုကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့မတိုင်မီ အပြီးဆောင်ရွက်ပေးပါရန်၊ ထိုသို့ဆောင်ရွက်ပေးပါက ကိုယ်စားလှယ် များဆောင်ရွက်မည့် စွပ်စွဲပြစ်တင်ခြင်းကိစ္စအား ဆက်လက်ဆောင်ရွက်မှု ပြုမည်မဟုတ်ကြောင်း နိုင်ငံတော် သမ္မတထံ သဝဏ်လွှာ ရေးသားပေးပို့သွားမှာဖြစ်ပါတယ်။ ဒီသဘောထားနှင့် ဆောင်ရွက်မှုကို လွှတ်တော် အား အသိပေးတင်ပြခြင်းဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
မုန်းစကို တိုစေ၊ ချစ်စကို ရှည်စေ၊ နာစရာရှိရင် လွမ်းစရာနှင့်ဖြေ ဆိုသည့်စကားများအတိုင်း စာနာထောက် ထားငဲ့ညှာမှုများနှင့် ဆက်လက်ပြုမူဆောင်ရွက်သွားစေလိုပါတယ်။
ယခု ကိစ္စရပ်ဖြစ်ပေါ်လာရခြင်းမှာ နိုင်ငံတော်သမ္မတ၏တင်သွင်းလွှာအပေါ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာခုံရုံးက ၃-၂-၂၀၁၂ ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ အကြောင်းကြားစာ ပေးပို့ ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်မှ အခွင့်အာဏာလွှဲအပ်ခြင်းခံရသူ ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ၁၇-၂-၂၀၁၂ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ နိုင်ငံတော်သမ္မတ၏ တင်သွင်းလွှာအပေါ် ရှင်းလင်းချက်အား ပြန်လည်တင်သွင်းခဲ့ပါတယ်။ ၎င်းနောက် ၂၈-၃-၂၀၁၂ ရက်နေ့ တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက "လွှတ်တော်အသီးသီးက ဖွဲ့စည်းထားသည့် ကော် မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပာယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း" ဆုံးဖြတ်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက်အပေါ် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များအရလည်းကောင်း၊ ယင်း အပေါ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးမှုများပြုလုပ်ခဲ့ရာတွင် လည်းကောင်း၊ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် သဘော ထားဆန္ဒများမှာ တည်ဆဲဥပဒေများဖြစ်သော ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊ ပြည်သူ့လွှတ်တော် ဆိုင်ရာဥပဒေနှင့် အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေများတွင် အတိအလင်းပြဋ္ဌာန်းထားသည့် ပြဋ္ဌာန်းချက် များအပေါ် ယခုကဲ့သို့ ဆောင်ရွက်မှုများသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် ဆုံးဖြတ် ဆောင်ရွက်ခွင့်မရှိသလို ဆုံးဖြတ်ဆောင်ရွက်ရာတွင်လည်း ဥပဒေများကို မျက်ကွယ်ပြု၍ မှားယွင်း စွာ ဆောင်ရွက်ခဲ့ကြောင်းနှင့် ဤသို့မှားယွင်း ဆောင်ရွက်ခဲ့သည့်ကိစ္စများအတွက် လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာများထိခိုက်ခြင်း၊ လွှတ်တော်လုပ်ငန်းများ နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ကန့်သတ်မှု၊ ခက်ခဲမှုနှင့် ထိခိုက်မှု များ ဖြစ်ပေါ်စေခဲ့ကြောင်း တင်ပြခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
၂၀၁၂ခုနှစ်၊ ဧပြီလ(၂၆)ရက်နေ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ၁၉၁ ဦး က လက်မှတ်ရေးထိုး၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ရန် အရေးကြီးအဆို တင်သွင်းမည်ဖြစ်ကြောင်း လွှတ်တော်အ ခွင့်အရေးကော်မတီမှ တစ်ဆင့် မိမိထံအသိပေးတင်ပြလာခဲ့ကြပါတယ်။ ၎င်းကိစ္စအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအနေဖြင့် ခေတ္တဆိုင်းငံ့ထားပြီး ပြည်သူ့လွှတ်တော်မှ ကော်မတီဥက္ကဋ္ဌများ၊ ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိပုဂ္ဂိုလ်များအား ခေါ်ယူတွေ့ဆုံ၍ ပြေလည်စွာ ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော်သမ္မတထံ သွားရောက်ရှင်းလင်းတင်ပြစေခဲ့ရာ နိုင်ငံတော်သမ္မတက ပြေ လည်အောင် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လိုအပ်ပါက တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းပေး မည်ဖြစ်ကြောင်း ပြန်ကြားလာမှုကို ကြားသိခဲ့ရ၍ စွပ်စွဲပြစ်တင်ခြင်း ဆောင်ရွက်မည့်ကိစ္စအား ဆက် လက် ဆောင်ရွက်ခြင်းမပြုစေဘဲ ရပ်ဆိုင်းထားခဲ့ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ သိရှိထားပြီးဖြစ် ပါတယ်။ ဥက္ကဋ္ဌအနေဖြင့်လည်း စွပ်စွဲပြစ်တင်မှုအဆင့်အထိ မရောက်ရှိစေရေးအတွက် နိုင်ငံတော် သမ္မတနှင့် လည်းကောင်း၊ အခြားတာဝန်ရှိသူများနှင့်လည်းကောင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုခဲ့ပါတယ်။ (၉-၈-၂၀၁၂) ရက်နေ့ကပင် နိုင်ငံတော်သမ္မတထံ လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ်များ၏ သဘောထား ဆန္ဒ အခြေအနေများကို ရှင်းလင်းပြောကြားပြီး စွပ်စွဲပြစ်တင်မှု မပြုလုပ်ဘဲ ဖြေရှင်းဆောင်ရွက်၍ ပြေ လည်စေနိုင်သော အဖြစ်နိုင်ဆုံးနှင့် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်လုပ်ဆောင်ရန် တင်ပြခဲ့ပါ‌သေး တယ်။

သို့သော်လည်း ယခုအချိန်အထိ ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များက ယင်းတို့၏ လွှတ်တော်ရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်ပေါ် လာပြီး ခံစားမှုများကြီးမားလာကာ ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦးက လက်မှတ်ရေး ထိုး၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ခြင်း ပြုလုပ်ရန် အဆင့်အထိ ဆက်လက်ဆောင်ရွက်ပေးရန် အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား
ဒီကိစ္စအတွက် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆက်လက်၍ သည်းခံစိတ်ထားရှိပြီး သတ်မှတ်ပေး ထားသည့် ကာလအတွင်း နိုင်ငံတော်သမ္မတက ဆောင်ရွက်ပေးမည့်အချိန်အထိ စောင့်ဆိုင်းပေးပါရန်နှင့် မိမိကလည်း နိုင်ငံတော်သမ္မတထံ သဝဏ်လွှာ ပေးပို့ဆောင်ရွက်သွားပါမယ်။ သတ်မှတ်ကာလအတွင်း အဆင်ပြေခြင်းမရှိပါက လွှတ်တော်ကိုယ်စားလှယ်များ၏ဆန္ဒအတိုင်း စွပ်စွဲပြစ်တင်မှုပြုလုပ်လိုပါက ပြု လုပ်နိုင်ကြပါကြောင်း နှင့် ယခုမူ ခေတ္တစောင့်ဆိုင်း သည်းခံပေးပါရန် မေတ္တာရပ်ခံတင်ပြအပ်ပါတယ်။

Ref: Eleven Media Group

No comments:

Post a Comment