မိုးရာသီရောက်သည်နှင့် ရန်ကုန်မြို့ရှိလမ်းများမှာ အကြိမ်ကြိမ်အခါခါ
ဖာထေးပြင်ဆင်ရလေ့ရှိသည့် ထုံးစံအတိုင်း ယခုနှစ်မိုးရာသီတွင်လည်း
လမ်းပျက်များစွာကို အကြိမ်ကြိမ် ဖာထေးပြင်ဆင်ရလျက် ရှိကြောင်း၊ သို့သော်
မည်မျှပြင်ဆင်ဖြစ်စေ ပြင်၍မဆုံးနိုင်အောင်ရှိနေကြောင်း မြို့နေပြည်သူများ က
ပြောကြားခဲ့သည်။
ယခုမိုးတွင်းကာလ၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့်
ယခင်နှစ်များကထက် များစွာ ပို၍ လမ်းပြင်ဆင်ဖာထေးခြင်း
ပြုလုပ်ပေးသည်ဆိုသော်လည်း လက်ရှိအချိန်အထိ ရန်ကုန်မြို့ရှိ လမ်းစု စုပေါင်း၏
၇၀ ရာခိုင်နှုန်းမှာ ပျက်စီးသည့်လမ်းများ ဖြစ်နေဆဲဟု ထုတ်ပြန်ထားသည်။
ပြင်ဆင်ခြင်းမပြု၍ ပျက်စီးခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံ၏ဓလေ့အတိုင်း
ရေရှည်ကောင်းမွန်မည့် လမ်းပြင်ဆင် မှု နည်းစနစ်များအအတိုင်း တိကျစွာ
လိုက်နာပြင်ဆင်ခြင်းမပြုဘဲ ကာလတိုအဆင်ပြေမည့် လမ်းခင်းစနစ် များကိုသာ
အသုံးပြု၍ ပြင်ဆင်ခြင်းကြောင့် ပြင်ဆင်မဆုံးနိုင်အောင် ဖြစ်နေရခြင်းဟုလည်း
ကျွမ်းကျင်သူ များက ထောက်ပြခဲ့ကြပါသည်။
ထိုသို့ ရေတိုနည်းစနစ်ကိုသာ
အသုံးပြုခြင်းသည် ရန်ကုန်မြို့နေ အများပြည်သူများ၏ သွားလာရေးအတွက် သာမက
အများပြည်သူ ထည့်ဝင်ထားသည့် ဘတ်ဂျက်များကို မလိုအပ်ဘဲ ပိုမိုကုန်ကျစေသည်အထိ
ထိခိုက်လျက်ရှိသည်ဟုလည်း သုံးသပ်ကြသည်။
ရန်ကုန်မြို့ ဘုရင့်နောင်လမ်းမတစ်နေရာ
ယခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အများပြည်သူ
ပေးဆောင်ရသည့် အမှိုက် ခွန်၊ ရေခွန်စသည်ဖြင့် အခွန်များအား နှစ်ဆနီးပါးအထိ
တိုးမြှင့်ကောက်ခံလျက်ရှိပြီး ယာဉ်ရပ်နားခနှင့် ညအိပ်ခွန်ကိုလည်း
တိုးမြှင့်ကောက်ခံထားခြင်း ဖြစ်သည်။
ယခင်နှစ်က ရန်ကုန်မြို့တွင်း လမ်းများပြင်ဆင်ရန်အတွက် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီမှ ရရှိသည့် ဘဏ္ဍာငွေခွဲတမ်း စုစုပေါင်း၏ ၂၁
ရာခိုင်နှုန်းအား သုံးစွဲခဲ့ပြီး ယခုနှစ်တွင်လည်း ဘဏ္ဍာငွေခွဲတမ်း စုစုပေါင်း၏
၂၁ ရာခိုင်နှုန်းကို လမ်းအတွက်သုံးစွဲရန် လျာထားကြောင်း ထုတ်ပြန်ထားသည်။
အကယ်၍ ရေရှည်ကောင်းမည့် နည်းစနစ်ကို အသုံးပြုမည်ဆိုပါက တစ်ကြိမ်သာ
အကုန်အကျခံရမည်ဖြစ်ပြီး အကြိမ်ကြိမ်ပြင်ဆင်ရ၍ ကုန်ကျခြင်းထက်
အများပြည်သူဘဏ္ဍာများကို ချွေတာရာရောက်မည်ဖြစ်သည်ဟု လည်း
ရန်ကုန်မြို့နေပြည်သူများက ပြောကြားခဲ့သည်။
သြဂုတ်လ ၂၇ ရက်နေ့က ကျင်းပသည့် ဒေသတွင်းသယ်ယူ ပို့ဆောင်ရေးဆိုင်ရာ
ဖွံ့ဖြိုးတိုး တက်ရေး ဆွေးနွေးပွဲတွင်လည်း လေ့လာထားသူပညာရှင်များက
လက်ရှိရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့ မှုများ ဖြစ်ပေါ်နေရသည့်
အဓိကအချက်များထဲတွင် လမ်းပျက်စီး၍ ပိတ်ဆို့ရသည့်အချက် ပါ ၀င်ကြောင်း
ထောက်ပြခဲ့ကြသည်။
ရေတိုစနစ်ကိုသာ အသုံးပြုပြီး လမ်းခင်းခြင်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအပေါ် အင်ဂျင်နီယာ တစ်ဦး၏ အင်ဂျင်နီယာပိုင်း သုံးသပ်ချက်စာတမ်းတွင် 'လမ်းဖောက်လုပ်ခြင်းလုပ်ငန်းမှာ နည်းပညာပိုင်း အားဖြင့် အထူးဆန်းသစ်မှု မရှိသောနည်းပညာသာ ဖြစ်သည်။ လမ်းဖောက်လုပ်ခြင်းမပြုမီ ဆောင်ရွက်ရမည့် လမ်းအား အမျိုးအစားသတ်မှတ်ခြင်း၊ အခြေခံလိုအပ်ချက်များ လေ့လာခြင်းနှင့် တည်ဆောက်မည့် ၀န်ထမ်း များအားလုံး နားလည်လိုက်နာစေမှသာ ကုန်ကျစရိတ်ဖြင့် ကိုက်ညီသည့် လမ်းအမျိုးအစား ရရှိမည်။ လက်ရှိတွင်မူ ရန်ကုန်မြို့တွင်း၌ လမ်းပြင်ဆင်နေသည့် အင်ဂျင်နီယာများသည် လမ်းတည်ဆောက်မှုအ တွက် သတ်မှတ်ထားသည့် အခြေခံတည်ဆောက်မှုစနစ်များကို လိုက်နာခြင်းမရှိဘဲ တည်ဆောက်နေသည် ကို ၀မ်းနည်းဖွယ်တွေ့မြင်နေရပြီး ထိုသို့သောစနစ်ဖြင့် ပြည်တွင်းပြည်ပငွေများနှင့် အကုန် အကျခံလုပ် ကိုင်နေခြင်းမှာ ပြည်သူ့ဘဏ္ဍာများအတွက် နှမြောစရာဖြစ်သည်။ ထို့သို့ အခြေခံအချက်များကို တိကျစွာ မလိုက်နာဘဲ တည်ဆောက်နေသည့်အတွက် အကြိမ်ကြိမ် ပြန်လည်ပြုပြင်ရခြင်းကြောင့် အချိန်ကုန်၊ ငွေ ကုန်ဖြစ်သည့်အပြင် အများပြည်သူ ပုံမှန်သွားလာနေသည့် ယာဉ်ကြောများကိုလည်း ပိတ်ဆို့စေသည်'ဟု သုံးသပ်ဖော်ပြထားသည်။
မြို့တွင်း၌ လမ်းပြင်ဆင်ရာတွင်လည်း အများပြည်သူသွားလာမှုကို အနှောင့်အယှက်မဖြစ်သည့် ညအချိန် တွင် ပြင်ဆင်ခြင်းမပြုဘဲ အများပြည်သူ သွားလာမှုပြုသည့် နေ့အချိန်တွင်သာ ပြင်ဆင်နေသည့် စနစ်ကြောင့်လည်း ယာဉ်ကြောပိတ်ဆို့မှုဖြစ်သည့်အပြင် လမ်းသားမသေ၍ မကြာခဏ ပြန်လည်ပျက်စီး ရခြင်းဟု ဆိုကြသည်။

''ညမပြင်ဘူး။ လူအများသွားလာတဲ့နေ့မှာ ပြင်တဲ့အတွက် လမ်းကိုအချိန်ယူပြီး
ကြံ့ခိုင်အောင် ပြင်ဆင် ချိန်မရဘူး။ ပြင်ပြီးတယ်ဆို လမ်းသားတောင် မသေဘူး၊
ဖွင့်လိုက်တော့ ကားအသွားအလာများတဲ့ နေ့ ဘက်ဆိုတော့ ကားက သွားလိုက်တာနဲ့တင်
ပြန်ပျက်။ ဒီလိုပဲ ဆေးမြီးတိုနည်း နဲ့ ပြင်နေတော့ ခဏခဏပြင် ရလို့
အများပြည်သူအခွန်တွေလည်း မလိုအပ်ဘဲ ပိုကုန်တယ်၊ လမ်းပိတ်တယ်။ ခဏလေး
အ ဆင်ပြေအောင်ပြင်ပေးတဲ့စနစ်က အရိုးစွဲနေကြပြီ။ ရေရှည်ကောင်းအောင်ပြင်တဲ့
လမ်းပြင်စနစ်က အထူးအ ဆန်း နည်းပညာလည်း မဟုတ်ဘူး။ အများပြည်သူဘတ်ဂျက်တွေကို
ဖြုန်းတီးရာရောက်သလို စည်ပင် မှာ ရေရှည်ခံအောင် လမ်းပြင်ဆင်တဲ့နည်းပညာ
မရှိသေးဘူးလား မေးရမလိုဖြစ်နေပြီ။ ဒါမှမဟုတ် တကယ်ပဲ ခဏခဏ ပြင်ရတာကိုပဲ
ကြိုက်နေတာလား''ဟု အင်ဂျင်နီယာတစ်ဦးက ပြောပါသည်။
လက်ရှိတွင် ရန်ကုန်မြို့၌ ပြင်ဆင်ဖာထေးနေသည့်ကြားမှ များစွာပျက်စီးနေသည့် လမ်းများထဲတွင် ဘုရင့်နောင်လမ်း၊ သမိုင်းဘူတာရုံလမ်း၊ သံသုမာလမ်း၊ လှည်းတန်းလမ်းဆုံ၊ အချိန်ကြာမြင့်စွာ စောင့် ဆိုင်းရသည့် တာမွေလမ်းငါးခွဆုံမီးပွိုင့်ကို ခဏအတွင်း ရှောင်ကွင်းသွားလာနိုင်သည့် တောင်မြင်းပြိုင်ကွင်း လမ်းအပါအ၀င် ယာဉ်အများဆုံး အသုံးပြုသွားလာနေသည့်လမ်းများမှာ အပျက်စီးဆုံးဖြစ်နေသည်။
တာမွေမြို့နယ်ရှိ တောင်မြင်းပြိုင်ကွင်းလမ်းအား တွေ့ရစဉ်
လက်ရှိတွင် ရန်ကုန်မြို့၌ ပြင်ဆင်ဖာထေးနေသည့်ကြားမှ များစွာပျက်စီးနေသည့် လမ်းများထဲတွင် ဘုရင့်နောင်လမ်း၊ သမိုင်းဘူတာရုံလမ်း၊ သံသုမာလမ်း၊ လှည်းတန်းလမ်းဆုံ၊ အချိန်ကြာမြင့်စွာ စောင့် ဆိုင်းရသည့် တာမွေလမ်းငါးခွဆုံမီးပွိုင့်ကို ခဏအတွင်း ရှောင်ကွင်းသွားလာနိုင်သည့် တောင်မြင်းပြိုင်ကွင်း လမ်းအပါအ၀င် ယာဉ်အများဆုံး အသုံးပြုသွားလာနေသည့်လမ်းများမှာ အပျက်စီးဆုံးဖြစ်နေသည်။
"အခု အဆိုးဆုံးလမ်းကိုပြဆိုရင် တောင်မြင်းပြိုင်ကွင်းလမ်းပဲ။
ကျွန်တော်တစ်မြို့လုံး တက္ကစီပတ် မောင်းတာ ဒီလမ်းလောက်ဆိုးတဲ့လမ်း မရှိဘူး။
ကားတစ်စီးလုံးကို နှဲ့ချိုးနေသလိုပဲ။ လှည်းတန်းမီးပွိုင့်နဲ့ အင်းစိန်လမ်း
တစ်လျှောက်လည်း သွားကြည့်ကြဦး၊ ဘယ်လောက်ပျက် စီးနေလဲဆိုတာ။
ဘုရင့်နောင်လမ်းဆုံ တစ်ဝိုက် လည်း သွားကြည့်ကြဦး၊ ချိုင့်ရှောင်ရင်းနဲ့
ကားတိုက်မှုတောင်ဖြစ်ဦးမယ်''ဟု တက္ကစီယာဉ်မောင်းတစ်ဦး က ပြောပါသည်။
တောင်မြင်းပြိုင်ကွင်းလမ်း၌ နေထိုင်သူတစ်ဦးက ''ဆိုက်ကားတောင် လမ်းထဲ
မလိုက်ဘူး။ ပြောမနေနဲ့ ချိုင့်ထဲကျတာ ခွေခွင်ပြီး ဆိုက်ကားပါ
ချိုင့်ကွက်ထဲမှာ နစ်နေတာ။ ဒီလို ချိုင့်ကွက်ပေါင်း အများကြီး ဒီလမ်း ထဲမှာ။
အခု ကားငှားရင်လည်း လမ်းထိပ်ကပဲ ဆင်းရတယ်။ ကြာပြီ ဖြစ်နေတာ
ပြင်ဖို့မပြောနဲ့၊ လာတောင် မကြည့်ဘူး''ဟု ပြောပြခဲ့သည်။
''ကျွန်တော့်အသက် ၄၅ နှစ် ကျော်ပြီ။ ရန်ကုန်မှာ လမ်းပြင်တဲ့စနစ်က
အပေါက်တွေ့ရင် ချိုင့်ကွက်ထဲ က ရေကို ရေခွက်ကလေးနဲ့ပက်ထုတ်ပြီး
နယ်ထားတဲ့ကတ္တရာကို ပက်ထည့်လိုက်တယ်။ ပြီးရင် ကြိတ်စက်မ ပါဘူး။ လက်ကိုင်ပြီး
ထုတဲ့ သစ်တုံးနဲ့ထုတယ်။ ပြီးရင် လမ်းဖွင့်ပေးလိုက်တယ်၊ ကားလည်းသွား၊
ကားဘီးမှာ အကုန်ကပ်ပါသွားပြီး လမ်းက ပြန်ပေါက်နေတာပဲ။ အခုထိ ဒီလိုလုပ်တာကို
မပြင်သေးဘူး။ ပြည်သူ့ငွေကုန် တာပဲ အဖတ်တင်တယ်''ဟု တောင်ဥက္ကလာတွင်
နေထိုင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။
အများပြည်သူ ပေးထားသည့်အခွန်ဘဏ္ဍာများအား ဖြုန်းတီးရာရောက်သည့်
ယခုကဲ့သို့ ပြင်၍ မဆုံးနိုင်သည့် နည်းလမ်းဟောင်းမျိုး အသုံးပြုခြင်းအား
ဆက်လက်မပြုလုပ်သင့်ဟု မြို့ခံများက ဆိုကြသည်။
| ရန်ကုန်တစ်မြို့လုံးရှိ လမ်းအရေအတွက်စာရင်း | |
|---|---|
| ကတ္တရာလမ်း | - ၂၁၀၁ လမ်း (၅၈၁ မိုင်ကျော်) |
| ကတ္တရာကွန်ကရိလမ်း | - ၁၇၆၀ လမ်း (၅၁၇ မိုင်) |
| ကွန်ကရိလမ်း | - ၃၂၉၀ လမ်း (၆၈၈ မိုင်ကျော်) |
| မှတ်ချက်။ ။ အဆိုပါလမ်းများထဲမှ ၇၀ ရာခိုင်နှုန်းမှာ ပျက်စီးနေသောလမ်းများ ဖြစ်နေကြောင်း ထုတ်ပြန်ထားသည်။ | |
Ref: Eleven Media Group
No comments:
Post a Comment