မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည်
စက်တင်ဘာလတွင် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ရန် အမေရိကန်နိုင်ငံ
နယူးယောက်မြို့သို့ သွားရောက်မည်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်၏
အမေရိကန်ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်တွင် အိုဘားမားအစိုးရ၊ ကွန်ဂရက်ခေါင်းဆောင်များနှင့် တွေ့ ဆုံပြီး၊ အမေရိကန်နိုင်ငံ၏ အမြင့်ဆုံးအရပ်ဘက် ဂုဏ်ထူးဆောင်ဆု “ ကွန်ဂရက်ရွှေတံဆိပ်ဆု ” (Congressional Gold Medal)ကို လက်ခံရယူရန်ရှိသည်။

ထို့အပြင် အမေရိကန်အစိုးရသည်
ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်နေသော မြန်မာအစိုးရနှင့်
ထိတွေ့ဆက်ဆံမှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် မြန်မာအစိုးရအပေါ်
ချမှတ်ထားသည့်ဗီဇာပိတ်ပင်မှုအား ရုပ်သိမ်းလိုက်သည်။
၂၀၁၂၊ သြဂုတ် ၂၉ ရက်တွင် ကြေညာခဲ့သော အိမ်ဖြူတော်၏ကြေညာချက်၌ ယခုကဲ့သို့ ဗီဇာပိတ်ပင်မှုရုပ် သိမ်းခြင်းမှာ မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ်အချို့အတွက်သာ ရွေးချယ်ရုပ်သိမ်းပေးခြင်းဖြစ်ကြောင်း အိမ်ဖြူတော်ပြောခွင့်ရ အမျိုးသမီး ကိုင်တလင်ဟေဒင်ကပြောသည်။ အမေရိကန်နိုင်ငံ၏ ၂၀၀၈ ခုနှစ်တွင် ချမှတ်ထားသောပိတ်ဆို့မှုဥပဒေအရ ယခင် တပ်မတော်အစိုးရအဖွဲ့ဝင်များ၊ စစ်တပ်နှင့် စစ်တပ် ကို ငွေကြေးအရထောက်ပံ့ပေးသူများ၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်များ၏ မိသားစုများကိုပါ အမေရိကန်နိုင်ငံ သို့ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားခြင်းဖြစ်သည်။
မစ္စဟေဒင်က ၎င်းတို့အစိုးရအနေဖြင့် သမ္မတဦးသိန်းစိန်၊ ၀န်ကြီးများနှင့် ဒုတိယ၀န်ကြီးများကို ထိတွေ့ ဆက်ဆံခြင်းအားဖြင့် နှစ်ဖက်အစိုးရကြား ယုံကြည်မှုတည်ဆောက်နိုင်မည်ဟုဆိုသည်။ ဆက်လက်ပြီး သူမက “(ဒီလိုလုပ်ခြင်းအားဖြင့်) ကျွန်မတို့ ယုံကြည်မှုတည်ဆောက်နိုင်ပြီး နောက်ထပ်ပြုပြင်ပြောင်းလဲ မှုတွေအတွက် ပြီးတော့ အဓိကကျတဲ့ ပြုပြင်ပြောင်းလဲရေးသမားတွကိုလည်း အမေရိကန်ပေါ်လစီနဲ့ ဒီမိုကရေစီကို ကောင်းကောင်းနားလည်သဘောပေါက်ဖို့အတွက် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှာပါ” ဟုဆိုကြောင်း အေပီ (AP) သတင်းဌာနမှ သတင်းရရှိပါသည်။

No comments:
Post a Comment