Thursday, August 9, 2012

အစိုးရအဖွဲ့ဝင်များ၏ ပစ္စည်းနှင့် အကျိုးစီးပွားများ ထုတ်ဖော်ကြေငြာရန် အဆို ဘာကြောင့် ရှုံးနိမ့်


 အစိုးရအဖွဲ့ဝင်များ ပိုင်ဆိုင်မှုကြေညာရေး အဆို အခြေခံဥပဒေ ဘောင်ကျော်နေတယ်လို့ တပ်မတော်သား ကိုယ်စားလှယ်များက ပြောဆို ကန့်ကွက်တယ် (ဓာတ်ပုံ- ဧရာဝတီ)

ကောင်းမွန်သောအုပ်ချုပ်ရေး ( Good Governance )၊ သန့်ရှင်းသောအစိုးရ ( Clean Government ) ဖြစ်ပေါ်စေရေး ရည်ရွယ်ပြီး အစိုးရအဖွဲ့ဝင်များ၏ ပစ္စည်းနှင့် အကျိုးစီးပွားများ ထုတ်ဖော်ကြေငြာရန် အဆိုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ပုသိမ်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြီးခဲ့သည့် ဇူလိုင်လ ၂၅ရက်နေ့က ဆွေးနွေးရန် တင်သွင်း ခဲ့ခြင်း ဖြစ်သည်။
ဤအဆိုကို ဆွေးနွေးရန်  NLDပါတီမှ လက်ပံတန်း မဲဆန္ဒနယ်အမတ် ဦးကျော်မင်း၊ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ ဒေါ်ဖြူဖြူသင်း၊ ကျောက်ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါက်တာဇော်မြင့်မောင်၊ ဒဂုံမြို့သစ်(ဆိပ် ကမ်း)မြို့နယ်မှ ဒေါက်တာမျိုးအောင်၊ ၀ါးခယ်မ မဲဆန္ဒနယ်မှ ဒေါ်မြင့်မြင့်စန်း အပါအ၀င် လွှတ်တော်ကိုယ်စား လှယ် ၇ ဦးကို မူလသတ်မှတ်ထားသော် နောက်ပိုင်းတွင်  တပ်မတော်သားအစုအဖွဲ့မှ ဗိုလ်မှူးကြီး ခင်မောင် ထွန်း၊ ဗိုလ်မှူးကြီး အောင်မြင့်နှင့် တခြားသောပါတီများမှ ကိုယ်စားလှယ်များကိုလည်း ဆွေးနွေးခွင့်ပြုခဲ့ သည်။
ယင်းအဆိုကို NLD လွှတ်တော်အမတ်များအပါအ၀င် ၇ ဦးက ထောက်ခံဆွေးနွေးသော်လည်း တပ်မတော် သားကိုယ်စားလှယ်နှစ်ဦးက အခြေခံဥပဒေ ပုဒ်မ ၆၈ တွင် ပြဌာန်းပြီးဖြစ်၍ အခြေခံဥပဒေကို ကျော် လွန်ဆွေးနွေးနေကြောင်း ထောက်ပြကာ ကန့်ကွက်ခဲ့သည်။
အခြေခံဥပဒေ ပုဒ်မ ၆၈တွင် သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိတို့ ဦးစီးသည့် တစီးပွားထဲဖြစ်သော မိသားစုပိုင်၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ စီးပွားရေး လုပ်ငန်း၊ ဆုငွေနှင့် အခြား အဖိုးတန်ပစ္စည်းများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ပေးပို့ရမည်ဟုဖော်ပြထားသည်။
အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကလည်း အခြေခံဥပဒေ ကိုကျော်လွန်နေသည်ဟု ကန့်ကွက်သည့်အပြင် ပြည်ထောင်စုအဆင့်ဖြစ်သည်အတွက် လွှတ်တော်များ၌ ဖွဲ့စည်းထားသော ရေးရာကော်မတီဝင်များ၏ ပြည်တွင်းပြည်ပ ပိုင်ဆိုင်မှုကိုပါ စစ်ဆေးသင့်ကြောင်း ထပ်ဆင့် အဆိုသစ်ကို တင်သွင်းခဲ့သေးသည်။
သတင်းစာများတွင် ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းရှင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၈ ၌ လည်း ပြဋ္ဌာန်းထားပြီးဖြစ်သကဲ့သို့ ဆင့်ပွားပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၀ တွင် လည်း ပြည်ထောင်စုလွှတ်တော်နာယက ထံပေးပို့ရမည်ဟု ပါရှိကြောင်း၊ ထိုအပြင် ပုဒ်မ ၁၀၁ တွင်လည်း လွှတ်တော်အတည်ပြုချက်ဖြင့်  နိုင်ငံတော်သမ္မတက ခန့်အပ်ထားသည့် ပုဂ္ဂိုလ်များသည် တစီးပွားထဲဖြစ် သည့် စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများကို စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည်ဟု ပါရှိပြီးဖြစ်သည်ဟု ထောက်ပြပြောဆိုကြောင်း ရေးသားထားသည်။
အဆိုရှင် ပုသိမ်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကမူ အခြေခံဥပဒေနှင့် ဆင့်ပွားဥပဒေ များတွင် ပြဋ္ဌာန်းထားသည်မှာ မှန်ကန်သော်လည်း ပြည်သူလူထု ပွင့်လင်းမြင်သာစွာသိရှိစေရန် ယခုအဆို ကို တင်ခြင်းဖြစ်ကြောင်း၊ လိုအပ်ပါက မဲခွဲဆုံးဖြတ်စေလိုကြောင်း ပြောဆိုခဲ့သည်။
လက်ပံတန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းကလည်း ယခုအဆို ရှုံးနိမ့်သည်မှာ မှန်သော်လည်း လွှတ်တော်တွင် တင်ပြဆွေးနွေးခွင့်ရပြီး ပြည်သူများသိရှိသည့်အတွက် အတိုင်းအတာ တခုအထိ အကျိုးရှိသည်ဟု ထင်မြင်ကြောင်းဆိုသည်။
သမ္မတဦးသိန်းစိန်ကလည်း လွှတ်တော်အတည်ပြုချက်ဖြင့် ခန့်အပ်ထားသည် အစိုးရအဖွဲ့ဝင်များ၏ စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို ပြီးခဲ့သည့် သြဂုတ်လ ၁ရက်နေ့က တင်ပြရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ထိုသို့ အမိန့်ထုတ်ပြန်ထားသည့်အတွက် တင်ပြခြင်းရှိမရှိကို ဧရာဝတီက သမ္မတရုံးအဖွဲ့သို့ မေးမြန်းစုံစမ်းရာ ဆက်သွယ်၍ မရပေ။

No comments:

Post a Comment