Tuesday, August 7, 2012

တရားရုံးတွင် အမှုများ ကြန့်ကြာနေရသော အကြောင်းရင်း

ရန်ကုန်၊သြဂုတ်- ၁
တရားရုံးများတွင် တရားရင်ဆိုင်နေရသောအမှုများ ကြန့်ကြာနေရခြင်းမှာ တရားဥပဒေဆိုင်ရာ အခွင့်အရေး များ ပေးထားမှုနှင့် တရားရေးဝန်ထမ်းများ၏ လုပ်ငန်းပိုင်းဆိုင်ရာ အားနည်းချက်များကြောင့်ဖြစ်ကြောင်း အမှုများကို လိုက်ပါဆောင်ရွက်ကြသည့်ရှေ့နေများက သုံးသပ်ပြောကြားသည်။

တရားရုံးသို့ ရောက်ရှိလာသော အမှုတစ်ခုအတွက် လာရောက်ထွက်ဆိုရန် ဆင့်ခေါ်ထားသော သက်သေ များ လာရောက်ရန် ပျက်ကွက်ခြင်း၊ ရုံးချိန်းတစ်ချိန်းချင်းစီကို ဈေးသတ်မှတ်၍ အချိန်ဆွဲကာ အကျိုးဆောင် ခ တောင်းယူခြင်း၊ အမှုပေါင်းများစွာကို တစ်ပြိုင်တည်း လက်ခံထားခြင်းတို့ကြောင့်လည်း ကြန့်ကြာမှု များ ဖြစ်လာကြောင်း အထက်တန်းရှေ့နေအချို့က သုံးသပ်ပြောကြားသည်။

“သက်သေတွေလာရမှာ မလာတာလည်း တစ်ချက်ပေါ့။ များသောအားဖြင့် တရားမမှုမှာ တရားလိုက အ ဆိုပြုတယ်။ တရားပြိုင်က ချေလွှာတင်ရတယ်။ ချေလွှာမတင်ခင် တရားမကျင့်ထုံး အမိန့် ၁၁၊ နည်း ၁၅ မှာဆိုရင် စာရွက်စာတမ်း ကြည့်ခွင့်တောင်းတို့၊ အမိန့် ၁၁၊ နည်း ၁ အရ မေးခွန်းတွေ မေးမြန်းတို့ကျတော့ ဥပဒေက အခွင့်အရေးပေးထားတဲ့အတွက် ကြာတယ်ပြောလို့မရဘူး” ဟု အထက်တန်းရှေ့နေ ဦးတင်ယု (ဆကာကြီး)က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ တရားစီရင်ရေးများ၌ အမှုများ ကြန့်ကြာရခြင်းမှာ လူပြောအများဆုံး ကိစ္စရပ် များဖြစ်နေပြီး တရားရင်ဆိုင်ရသည့် စရိတ်စက ကြီးမြင့်မှုများကြောင့် တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက တရားရုံးသွားရောက်ရန် ၀န်လေးမှုများရှိနေကြောင်း သိရသည်။

“ကျွန်မက မပြေလည်လို့ ငွေတိုးချေးလိုက်မိပါတယ်။ ပြန်မဆပ်နိုင်တဲ့အတွက် တစ်ဖက်က ပုဒ်မ ၄၂၀ နဲ့ တရားစွဲထားပါတယ်။ စားစရာမရှိပေမယ့် ကိုယ့်ကိုစွဲထားတယ်ဆိုတော့ မလွဲမသွေရင်ဆိုင်ရမှာပေါ့။ ဥပဒေ အကြောင်း သိပ်နားမလည်ပေမယ့် အမှုကြာမှာ၊ ငွေကုန်မှာတော့ တွေးပြီးစိုးရိမ်မိပါတယ်” ဟု တရားစွဲဆိုခံ ထားရသူတစ်ဦးက ပြောသည်။

ရုံးချိန်းတစ်ချိန်းလျှင် မည်ရွေ့မည်မျှ သတ်မှတ်ပြီး ဉာဏ်ပူဇော်ခတောင်းကာ ရုံးချိန်းအရေအတွက်များများ ချိန်းယူလိုက်ပါ ဆောင်ရွက်ကြသော ရှေ့နေအချို့တို့ကြောင့်လည်း အမှုများ ကြန့်ကြာရခြင်းဖြစ်ကြောင်း အကျိုးဆောင်ရှေ့နေလောကနှင့် နီးစပ်သူများက ပြောကြားသည်။ “ကျွန်တော်တို့က စာချုပ်နဲ့ချုပ်ပြီး အမှု လိုက်ခကို ယူတယ်။ ရုံးချိန်းအရေအတွက်များလေ၊ ပိုက်ဆံပိုကိုက်လေဆိုပြီး ရုံးချိန်းနဲ့ ယူကြတဲ့ သူတွေကြောင့် အမှုတွေ ကြန့်ကြာတာရှိတယ်။ များသောအားဖြင့် ဒီလိုရုံးချိန်းနဲ့ယူတာက သိပ်မအောင်မြင် တဲ့ ရှေ့နေတွေများတယ်” ဟု အထက်ပါရှေ့နေက ပြောကြားသည်။

“ရုံးချိန်းတစ်ချိန်း ဘယ်လောက်တောင်းပြီး အမှုကို အချိန်ဆွဲတဲ့ရုံးချိန်းတွေ အများကြီးချိန်းတဲ့ ရှေ့နေတွေရှိ တယ်။ ဒါတွေဟာ အမှုသည်တွေပေါ် မလုပ်သင့်တဲ့အလုပ်တွေပါ။ ဥပဒေကျွမ်းကျင်မှုမရှိတော့ တရားလို ကိုတောင် လနဲ့ချီပြီး စစ်မေးတာတွေ၊ မလိုအပ်တဲ့ မေးခွန်းဖောင်းပွနေတာမျိုးတွေ မလုပ်သင့်ဘူး”ဟု အထက်တန်းရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)ကပြောသည်။

တရားမျှတမှုကို နှောင့်နှေးစွာ ဆောင်ရွက်ခြင်းသည် တရားမျှတမှုကို မျက်ကွယ်ပြုရာ၊ ငြင်းပယ်ရာရောက် သည် (Justice delayed is Justice denied) ဟု တရားဥပဒေဆိုင်ရာ စာတမ်းများတွင် ဖော်ပြထားသော်လည်း တရားဥပဒေဆိုင်ရာ အချို့သောအခွင့်အရေးများကြောင့်လည်း အမှုများကြန့်ကြာရခြင်းဖြစ်ကြောင်းကို “ဦးတိုက်လျှောက်ထားမှုတွေမှာ တစ်ဖက်ကို သမ္မာန်စာချရတယ်။ တစ်ဖက်က လက်မခံဘူး။ ဒီလို ဆင့်စာ၊ သမ္မာန်စာကို ရှောင်တိမ်းနေခြင်းကြောင့် ကြန့်ကြာတယ်။ နောက်ပြီး အမှုတစ်ရပ်ပေါ်မှာ တရားရုံးက တစ်ထိုင်တည်း အမိန့်မချနိုင်ဘူး။ အမှုတစ်ခုကို တင်ပြရန် ချိန်း၊ လျှောက်လဲချက်ပေးရန် ချိန်း၊ အမိန့်ချရန် ချိန်းဆိုတော့ တအားဝေးသွားပြီ။ ဒါကလည်း တရားရုံးတွေက အငြင်းပွားတဲ့ အကြောင်းအရာတစ်ရပ်နဲ့ ပတ်သက်လို့ တစ်ထိုင်တည်း အဆုံးအဖြတ်မပြုနိုင်လို့ ကြန့်ကြာတယ်”ဟု အထက်တန်းရှေ့နေ ဦးခင်ဇော်(မရမ်းကုန်း)က ပြောသည်။

Ref: 7day News Journal

No comments:

Post a Comment