ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျေးလက်ဒေသခံများ ရွှေဖြူ၊ ရွှေဝါ
သတ္တုတွင်းကြောင့် သုံးရေခက်၊ စပါးခင်းပျက်ကာ ၀မ်းရေးအတွက်ပါ
အခက်အခဲဖြစ်နေကြောင်းဒေသခံများက ပြောပါသည်။

“မနှစ်ကလဲ စပါးစိုက်လို့မရဘူး၊ ဒီနှစ်ပိုဆိုးတယ်၊ သတ္တုကနေထွက်တဲ့ ဓာတုဆေးရည်တွေ အညစ် အကြေးတွေက ချောင်းရေနဲ့လယ်ကွင်း၊ စိုက်ခင်းတွေထဲကို ၀င်ကုန်တယ်။ နွေတုန်းကလဲ ချောင်းရေကိုလုံးဝ သုံးလို့ မရဘူး၊ နွေဘက်ဆိုရင် ကျနော်တို့ကျေးလက်တွေက ချောင်းရေကိုဘဲ သုံးကြတယ်လေ” ဟု မိုင်း လင်းဒေသခံတဦးက ပြောပါသည်။
ရွှေဖြူ ရွှေဝါ သတ္တုတွင်းကြောင့် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအပြင် တာလေမြို့နယ်ခွဲအတွင်း ရှိ နားဟိုင်းလုံရွာ၊ နားဟိုင်းနွဲ့ရွာ၊ မိုင်းလင်းကျေးရွာအုပ်စုဝင် နမ့်ခင်းရွာ၊ ပါလျောင်း၊ ကျိန်းလပ်၊ ဒေသခံများ လယ်ယာစိုက်ပျိုးရေးအတွက် အခက်အခဲကြုံတွေ့နေရကြောင်း၊ ဒေသခံအာဏာပိုင်များထံ တိုင်ကြား ထားသော်လည်း အရေးယူဖြေရှင်းပေးခြင်းမရှိကြောင်း ဒေသခံများက ပြောပါသည်။
“ကျနော်တို့ မိမိလယ်ယာစိုက်ခင်းမထိခိုက်အောင်၊ အဲဒီသတ္တုတွင်းပိတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ အထွေထွေအုပ်ချုပ်ရေးမှူးတွေဆီ၊ အနိုင်ရပါတီဝင်တွေဆီ တိုင်တန်းထားတယ်။ အခုလဲ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းတွေကိုပါ တိုင်တန်းထားတယ်၊ လာရောက်ဖြေရှင်းပေးလိမ့်မယ်လို့ မျှော်လင့် တယ်” ဟု ဒေသခံစိုင်းကျောဝ်(က်) က ပြောပါသည်။
ထို့အပြင် သတ္တုသယ် ၁၀ ဘီး ၊ ၁၈ ဘီး ၊ ၂၆ ဘီး ကားများကြောင့် လမ်းများပျက်စီးကုန်ကြောင်း၊ အထူး သဖြင့် ကျောင်းသူ၊ ကျောင်းသားများသည် ကျောင်းတက်၊ ကျောင်းဆင်းရေးအတွက် အဓိကအခက် အခဲဖြစ်နေကြောင်း ဒေသခံကျောင်းသားမိဘတစ်ဦးဖြစ်သည့် နန်းအွန် က ပြောပါသည်။
တာချီလိတ်မြို့ မြောက်ဘက် ၁၃ ကီလိုမီတာ ( ၈ ) မိုင်ခန့်အကွာ မိုင်းကိုးကျေးရွာအုပ်စုအတွင်း ရွှေဖြူ တူးဖော်မှုကြောင့် ရွာပေါင်း ၈ ရွာ(လားဟူ၊ အခါ၊ သျှမ်း) ၊ အိမ်ခြေ ၃၉၃ အိမ်၊ လူဦးရေ ၂၀၀၀ ခန့် ဆိုးကျိုး ခံစားရပြီး အနည်းဆုံး လယ်မြေဧက ၉၂ ဧက ပျက်စီးသွားပြီဖြစ်ကြောင်း၊ ဒေသခံများ၏ လယ်မြေများ ကိုလည်း ကုမ္မဏီက ဈေးနှိမ်ဝယ်ယူကြောင်း၊ တချို့ခြံများကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ် လိုက်သောကြောင့် ခြံပိုင်ရှင်များ လုပ်ကိုင်ခွင့်မရဖြစ်နေကြောင်း လားဟူ အမျိုးသမီးအစည်းအရုံး (LWO) က အစီရင်ခံစာထုတ်ပြန်ဖူးပါသည်။
အဆိုပါဒေသအတွင်း ၂၀၀၇ ခုနှစ်မှစ၍ စိုင်းလောင်ဟိန်း၊ မြင့်ဦးအောင်၊ ဟိန်းလင်းစံ၊ စံပါရမီ၊ ၀ဏ္ဏသိန်းသန်း ကုမ္မဏီများက ရွှေဖြူတူးဖော်ပြီး ထိုင်းနှင့်တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ယခုနှစ်အတွင်း ရွှေဖြူတူးဖော်ရေးကုမ္မဏီ ၁၅ ခု ရှိလာ ပြီဖြစ်ကြောင်း၊ ရွှေဖြူကုန် ကြမ်း ၁ တန်ကို ဒေါ်လာ ၃၀၀ ရရှိကြောင်း ယခုနှစ် မေ ၂၈ ရက် နေ့က ထုတ်ပြန်သည့် အဆိုပါအစီရင်ခံစာကရေးသားပါသည်။
Ref: သျှမ်းသံတော်ဆင့်

No comments:
Post a Comment