Monday, November 19, 2012

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမား တွေ့ဆုံရာတွင် အမေရိကန်သမ္မတ သုံးစွဲခဲ့သည့် စကားအတိုင်း Move Forward ဆိုပြီး သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမားတို့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဧည့်ခန်းမ ၌ တွေ့ဆုံခဲ့ကြကြောင်း သိရှိရသည်။

obamats
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်သမ္မတ အိုဘားမားတို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ အတွင်း၌ တွေ့ဆုံစဉ် (Photo:AFP)

နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရာတွင် အမေရိကန်ပြည်ထောင်စုသမ္မတ ဘားရက်အိုဘားမားနှင့်အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ ပါဝင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမေရိကန်သမ္မတကြီး အိုဘားမားသုံးစွဲခဲ့သည့် စကားအတိုင်း မိမိတို့သည် ရှေ့သို့ ဆက်လက်လျောက်လှမ်းသွားရမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားရာတွင် ''ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စု ဟာ လွှတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ် ကတည်းက သံတမာန် ဆက်သွယ်ခဲ့တဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အစောဆုံး သံတမာန်ဆက်ဆံခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဟိုးတုန်းကလည်း ရင်းနှီးချစ်ခင်စွာ ကျွန်တော်တို့ ဆက်ဆံလာခဲ့ကြတာတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်ကာလမှာ ကျွန်တော်တို့ နှစ်နိုင်ငံ ရဲ့ ဆက်ဆံရေးက အကြောင်းကြောင်းကြောင့် ကျွန်တော်တို့ကို အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။ သို့သော်လည်း မစ္စတာအိုဘားမား သမ္မတဖြစ်လာတဲ့နောက်ပိုင်းမှာ ဒီသမ္မတကြီးရဲ့ အမြော်အမြင်ကြီးမား မှု၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ သံအမတ်ကြီးတို့ရဲ့ ၀ိုင်းဝန်းကြိုးပမ်း အားထုတ်မှုကြောင့် ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ထူးထူးခြားခြား ကောင်းမွန်လာပါတယ်။ ဒီလိုကောင်းမွန်တဲ့ ဆက်ဆံရေးကို ရေရှည် တည်တံခိုင်မြဲအောင် ကျွန်တော်တို့ ရှေ့ကိုဆက်ပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ ရှေ့ကိုကျွန်တော်တို့ ဆက်ပြီးတော့ နိုင်ငံအချင်းချင်း တန်းတူညီတူရှိမှု၊ စာနာမှု၊ တန်ဖိုးထားမှု ဒါတွေနဲ့ ရှေ့ကိုဆက်ပြီး သွားရမှာပဲ ဖြစ်ပါတယ်။ နောက်တစ်ခုက အမေရိကန်နိုင်ငံနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ ရှင်သန်ဖွံဖြိုးရေး၊ လူ့အခွင့်အရေး ဒါတွေကို ကမ္ဘာ့စံချိန်၊ စံညွန်းတွေနဲ့မီအောင် ဆောင်ရွက်နိုင်ဖို့ အတွက် ကျွန်တော်တို့ လူမျိုးတွေရဲ့ အရည်အသွေးတွေ အဆင့်အတန်းတွေ မြင့်မားအောင် ပညာရေး၊ ကျန်းမာရေး နောက်တစ်ခုက ၀န်ထမ်းတွေရဲ့အရည်အသွေးမြှင့်တင်ရေးတို့ ဒီကိစ္စတွေနဲ့ ပတ်သတ် ပြီးတော့လည်း အမေရိကန်နိုင်ငံနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် သမ္မတကြီးဆီက သဘောတူညီချက်ကို ကျွန်တော်တို့ ရရှိလိုပါတယ်။ ဒီကနေ့ ကျွန်တော်တို့နှစ်ဦး တွေ့ဆုံဆွေးနွေးမှုရဲ့ အကျိုးရလာဒ်တွေကို မြန်မာပြည်သူတွေ ထိုက်ထိုက်တန်တန်နဲ့ ခံစားနိုင်အောင် ကျွန်တော်တို့ ကြိုးပမ်း ပြီးတော့ ဆောင်ရွက်သွားပါမယ်။ အခုလိုဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့က အမေရိကန် သမ္မတကြီးရဲ့ အမြော်အမြင်ကြီးမားမှု၊ နောက်တစ်ခါ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့ ကြိုးပမ်းဆောင်ရွက်ပေးမှု၊ သံအမတ်ကြီးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြိုးပမ်းဆောင်ရွက် မှုတွေကြောင့် ကျွန်တော်တို့ ဒီလို တိုးတက်ကောင်းမွန်လာတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း အားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်။ သမ္မတကြီး သုံးစွဲခဲ့တဲ့ စကားအတိုင်းပါဘဲ။ ကျွန်တော်တို့လည်း move forward ဆိုပြီး သွားရမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ အိုဘားမားက ''နိုင်ငံတော်သမ္မတကြီးနဲ့တကွ ကျန်တဲ့ ပုဂ္ဂိုလ်တွေအားလုံး ကျွန်တော်ကို ပျူပျူဌာဌာ ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ကျွန်တော်အနေနဲ့ နည်းနည်း အချိန်တိုတိုပဲရတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိန့်ခွန်းတစ်ခု ပြောဦးမှာဆိုတော့ မြန်မာပြည်သူတွေအတွက် သူတို့သိသင့်တဲ့ဟာတွေ ကျွန်တော်အဲဒီကျတော့ ပြောမှာပါ။ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ နှစ် ဦးဆွေးနွေးတဲ့အခါမှာ သမ္မတကြီးနဲ့ ဆွေးနွေးတဲ့အခါမှာ အပြုသဘောဆောင်တဲ့ဟာတွေ အများကြီး ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ ကျွန်တော် သမ္မတကြီးကို တစ်ကယ်ပြောခဲ့တဲ့ ကိစ္စကတော့ သူလုပ် ကိုင်ဆောင်ရွက်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ တစ်ကယ်ပဲ ဒီတိုင်းပြည် ရှေ့ကို တိုးတက်ဖို့ အတွက် အထောက်အကူပြုမယ်ဆိုတဲ့ အကြောင်းပါပဲ။ သမ္မတကြီး ခြေလှမ်းဆန့်ခဲ့တဲ့ လူ့အခွင့်အရေး ကိစ္စတွေ၊ ကလေးစစ်သားကိစ္စတွေ အဲဒီကိစ္စတွေအားလုံးဟာ ကျွန်တော်တို့ လူ့အခွင့်အရေးဆွေးနွေးပွဲ မှာလည်း ဒါတွေက ဆွေးနွေးပြီးသား ဖြစ်တဲ့အတွက် ဒါတွေက တစ်ကယ်ပဲ တိုင်းပြည်ကြီးကို ရှေ့ကို တိုးတက်အောင် အကျိုးပြုနိုင်မယ့် သဘောရှိပါတယ်။ ဒါဟာလည်း နောင်အရှည်သဖြင့် ဆက်ဆံရေး၊ အရှည်သဖြင့် သွားရမယ့်ခရီးအတွက် ပထမဆုံးခြေလှမ်းလို့ ကျွန်တော်ထင်မြင်ပါတယ်။ သမ္မတကြီး ဆောင် ရွက်ခဲ့တဲ့ နိုင်ငံရေးအရ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့တဲ့ ကိစ္စတွေ၊ ပြုပြင်ပြောင်းလဲမှုတွေ၊ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှုတွေသာ တစ်ကယ်ပဲ ဒီနိုင်ငံကို တိုးတက်ရာ တိုးတက်ကြောင်းတွေ ဖြစ်စေ မယ့် အကြောင်းရှိပါတယ်။ ကျွန်တော်တို့ ဒီနေ့ နှစ်ဖက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးတက်အောင် လုပ်တာဟာ တစ်ကယ်ပဲ ဒီနိုင်ငံတင်သာမက ဒေသတွင်း တိုးတက်မှုတွေရော၊ တစ်ကမ္ဘာလုံး တိုးတက်မှုတွေအတွက်ပါ အကျိုးပြုပါလိမ့်မယ်။ နောက်တစ်ခုက သမ္မတကြီးတို့အနေနဲ့ စုပ်စုပ် ပိုင်ပိုင် လုပ်နိုင်ခဲ့တဲ့ ကိစ္စတစ်ခုကတော့ လူအများကို သေကြေပျက်စီးစေနိုင်တဲ့ လက်နက်ကြီးတွေကို ပပျောက်အောင် လုပ်တဲ့အတွက်၊ မပြန့်ပွားအောင်လုပ်တဲ့ ကိစ္စမှာ ဒါတွေက အရေးကြီးပါတယ်။ ဒါတွေ ကို လုပ်နိုင်တဲ့အတွက်ကြောင့် ကောင်းပါတယ်။ သမ္မတကြီး ကျွန်တော်တို့ကို အခုလို ကြိုဆိုတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက် တင်မကဘူး။ နောက်တစ်ခေါက်လည်း လာနိုင်လိမ့်မယ်လို့ ကျွန်တော် မျော်လင့်ပါတယ်'' ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment