အမေရိကန်သမ္မတအဖြစ် သက်တမ်းနှစ်ကြိမ်ဆက် ရွေးချယ်ခံခဲ့ရသော
ဘာရက်အိုဘားမားသည် ယခု လကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့
လာရောက်မည်ဖြစ်ကြောင်း အိုဘားမား၏ အမေရိကန် အိမ်ဖြူတော်က နိုဝင်ဘာလ ဂ ရက်နေ့က
အတည်ပြုခဲ့သည်။ ယခုခရီးစဉ်သည် အမေရိကန်ပြည်ထောင်စု သမ္မတတစ်ဦး၏
ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်လာမည်ဖြစ်သည်။ ယင်းသည် မြန်မာအစိုးရ ၏ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများအပေါ် ၀ါရှင်တန်က ထောက်ခံမှုပေးသည့် နောက်ဆုံးအချက်ပြမှု တစ်ခုလည်း ဖြစ်သည်။
အိုဘားမားသည် ခရီးစဉ်အတွင်း မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။
အိုဘားမားသည် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား စသည့် အရှေ့တောင်အာရှနိုင်ငံများသို့ နိုဝင်ဘာလ ၁၇ ရက်မှ ၂၀ ရက်အထိ လာရောက်မည်ဖြစ်ကြောင်း အမေရိကန်က အတည်ပြုပြောကြားထားသည်။
အိုဘားမားသည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့လာရောက်ပြီး သမ္မတဦးသိန်းစိန်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
အိုဘားမားသည် ဖနွမ်းပင်မြို့တွင်ပြုလုပ်မည်ဖြစ်သော နိုဝင်ဘာလ ၂၀ ရက်တွင် အဆုံးသတ်မည့် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လိမ့်မည်ဟု ကမ္ဘောဒီးယားအစိုးရတာဝန်ရှိသူများက ပြော ကြားခဲ့သည်။
ဦးသိန်းစိန်သည် စက်တင်ဘာလတွင် နယူးယောက်မြို့သို့ သမိုင်းဝင်ခရီး သွားရောက်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ပထမဆုံးမိန့်ခွန်းပြောခဲ့သော မြန်မာခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည်လည်း အမေရိကန်သို့ သမိုင်းဝင်ခရီးစဉ် သွားရောက်ခဲ့ပြီး အိုဘားမားနှင့် လည်း တွေ့ဆုံခဲ့သည်။
Ref: Eleven Media Group

No comments:
Post a Comment