Wednesday, November 14, 2012

အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင်အသုံးပြုမည့် ပစ္စည်းများကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များ မြန်မာနိုင်ငံသို့ရောက်ရှိ

အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် အသုံးပြုမည့် အထောက်အကူပြုပစ္စည်းများ ကြိုတင်ပေးပို့ရန် အမေရိကန်လေတပ်မှ စစ်လေယာဉ်များသည် နိုဝင်ဘာလ ၈ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သတင်းရရှိပါသည်။ အဆိုပါလေယာဉ်များမှာ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ အမေရိကန်လေတပ်မှ C 17  လေယာဉ်ဖြင့် ငါးခေါက်၊ အခြားလေယာဉ်ဖြင့် ၂ ခေါက်၊ စုစုပေါင်း ၇ ခေါက်အထိ ရှိခဲ့သည်ဟု သိရ သည်။

 thn-14-11-12-91
 အမေရိကန်လေတပ်မှ C 17 လေယာဉ်အား နိုဝင်ဘာလ ၁၃ရက်နေ့က တွေ့ရစဉ်

အမေရိကန်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွက် ကြိုတင်ညှိနှိုင်းမှုများပြုလုပ်ရန် နိုဝင်ဘာလ ၈ ရက်နေ့တွင် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူများလိုက်ပါလာသည့် ခရီးသည်တင်လေယာဉ်တစ်စီး၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တာဝန်ရှိသူ ၉ ဦးနှင့် စက်ပစ္စည်းများ၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အမေရိကန်လေတပ်မှ C 17 လေယာဉ် ၂ စီးနှင့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် C17 လေယာဉ် ၃ စီးတို့သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
''ခုရောက်လာတဲ့ အမေရိကန်လေတပ်က စစ်လေယာဉ်တွေမှာ သမ္မတအိုဘားမား မြန်မာနိုင်ငံခရီးစဉ်မှာ အသုံးပြုမယ့် ရဟတ်ယာဉ်တို့ မော်တော်ယာဉ်တို့ စတဲ့အသုံးဆောင်ပစ္စည်းတွေ၊ နောက်လုံခြုံရေး နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေပါလာတာဖြစ်ပါတယ်'' ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

 thn-14-11-12-101
 အမေရိကန်လေတပ်မှ C 17 လေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရပ်နားထားစဉ်

ထပ်မံ၍ နိုဝင်ဘာလ ၁၅ ရက်နေ့နှင့် ၁၇ရက်နေ့များတွင်လည်း  အမေရိကန်လေတပ်မှ စစ်လေယာဉ် များသည် မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိမည်ဟုလည်း သတင်းရရှိ ပါသည်။

No comments:

Post a Comment