နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ အမေရိကန်သမ္မတ အိုဘားမားသည်
နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့သို့
လာရောက်ခဲ့သည်။ သမ္မတအိုဘားမားသည် ခရီးစဉ် အတွင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ (ယခင် ပြည်သူ့လွှတ်တော်အဆောက်အအုံ)တွင်
တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ သူမ၏နေအိမ် တွင် သွားရောက်တွေ့ဆုံခဲ့ပြီး မိန့်ခွန်းတစ်ချို့ကိုပြောကြားခဲ့သည်။
သမ္မတအိုဘားမားသည် နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်ကလည်း ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်အား တက်ရောက်ဖူးမြှော်ခဲ့သေးသည်။
ထို့နောက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် သမ္မတအိုဘားမားသည်
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ သီတဂူဆရာတော် ဒေါက်တာ အရှင်ဥာဏိသရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်
အပါအ၀င် လူထု လူတန်းစားအလွှာအသီးသီးမှ ဖိတ်ကြားထားသူများအား မိနစ် ၃၀
ကျော်ကြာ မိန့်ခွန်းပြောကြားခဲ့သည်။
သမ္မတအိုဘားမားသည် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်
မိန့်ခွန်းမပြောကြားမီ သီတဂူဆရာတော် အရှင်ဥာဏိသရ၊ ၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊
ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအ၀င်
အလွှာစုံပါဝင်သည့် ပုဂ္ဂိုလ်အချို့နှင့် သီးခြား တွေ့ဆုံခဲ့ကြောင်း
သတင်းရရှိပါသည်။
မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ တစ်ဦး၏ ပထမဆုံးခရီးစဉ်အဖြစ်
လာရောက်ခဲ့သည့် သမ္မတအိုဘားမားသည် နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၃ နာရီ ၄၀
မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘောဒီးယားနိုင်ငံ
ဖနွမ်းပင်သို့ ဆက်လက်ထွက်ခွာသွားသည်။
၎င်းသည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်ရှိ Peace Place အဆောက်အအုံ၌
နိုဝင်ဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ကျင်းပမည့် (၄) ကြိမ်မြောက်
အာဆီယံ-အမေရိကန် အစည်းအဝေးသို့ တက်ရောက်ရန် ဖြစ်သည်။
Ref: Eleven Media Group
No comments:
Post a Comment