Sunday, November 11, 2012

ကန့်ဘလူမြို့နယ်တွင် လောင်စာဆီတင် ရထားတွဲ လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားခဲ့၊ ယိုဖိတ်ဓာတ်ဆီများ လာရောက်ခပ်ယူစဉ် မီးလောင်ကျွမ်းမှုကြောင့် ဒေသခံ ၂၇ ဦးသေဆုံးပြီး ၈၅ ဦး ဒဏ်ရာရ

863
 အမှတ်(၈၀၇)ဆီ အထူးရထား တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက် မီးလောင်မှုကို ငြှိမ်းသတ်နေစဉ်

ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်ရှိ ချပ်ကြီးဘူတာရုံအနီးတွင် နိုဝင်ဘာလ ၉ ရက် နံနက် ၉ နာရီခန့်၌ မန္တလေး မြို့ဟောင်းမှ မြစ်ကြီးနားသို့ ထွက်ခွာသည့် အမှတ်(၈၀၇)ဆီ အထူးရထား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ၁၀နာရီ ၀န်းကျင်ခန့် အချိန်တွင် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားကာ လူ ၂၇ ဦး နေရာတွင် မီးလောင်ကျွမ်း သေဆုံးခဲ့ကြောင်း သတင်းရရှိသည်၊၊

ရထားလမ်းချော် တိမ်းမှောက်မှုကြောင့် ဓာတ်ဆီ(gasoline)တွဲသုံးတွဲ တိမ်းမှောက်ခဲ့ကာ ယိုဖိတ်ကျသော ဓာတ်ဆီများအား ချပ်ကြီးရွာအနီးတစ်ဝိုက်ရှိ ဒေသခံဦးရေတစ်ရာကျော်ခန့်မှ ခပ်ယူခဲ့ပြီး တစ်နာရီကျော်ခန့် အကြာ၌ မီးလောင်ပေါက်ကွဲမှု ပြင်းထန်စွာဖြစ်ပွားခဲ့ရာမှ အမျိုးသား ၁၆ ဦး၊ အမျိုးသမီးခုနစ်ဦးနှင့် ခွဲခြားမရတော့သူနှစ်ဦးခန့်လောင်ကျွမ်း သေဆုံးခဲ့ကာ လူဦးရေ ၈၅ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း
မီးရထားဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်၊၊

မိုင်တိုင်အမှတ်(၅၁၁၊၈-၁၃)၌ တွဲ(၁၃)တွဲပါသော အထူးဆီရထားတွင် ပါဝင်သော ဆီတွဲ(၁၀)တွဲအနက်တစ် တွဲလျှင် ဆီဂါလန် ၆၈၀၀ ခန့်ပါသော ဆီသုံးတွဲမှာ လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရကာ နံနက် ၁၀ နာရီခန့်တွင် မီးလောင်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ရွှေဘို၊ ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှ၊ ချပ်သင်းမြို့နယ်များမှ မီးသတ်ကားခုနစ်စီး လာရောက်ငြှိမ်းသတ်ပြီးနောက် မွန်းလွဲ ၂ နာရီကျော်ခန့်တွင် မီးငြိမ်းခဲ့ကြောင်းလည်း သိရသည်၊၊

“ ၉ နာရီဝန်းကျင်လောက်မှာ လမ်းချော်ပြီး ရထားတိမ်းမှောက်တယ်၊ အဲဒီမှာ ဒေသခံတွေလာပြီး လယ်ကွင်းတွေထဲမှာ ယိုကျလာတဲ့ဓာတ်ဆီကို သံပုံးတွေ၊ ပလတ်စတစ်ပုံးတွေနဲ့လာပြီး ခပ်ယူကြ တယ်၊ နောက်တစ်နာရီလောက်အကြာမှာ ပေါက်ကွဲမှုဖြစ်တယ်၊ မီးတောက်က ထန်းပင်အမြင့်လောက် ရှိမယ်၊ မီးလောင်လို့ ဆုံးတဲ့သူကနေရာမှာတင် ၂၅ ယောက် ရှိတယ်၊ ဆရာဝန်ဆင်းပြီး ကျားမခွဲ ပေးတော့မှ ကျား-၁၆၊ မ-၇ နဲ့ခွဲမရတော့တာ နှစ်ယောက်ရှိတယ်။ ကျွန်းလှ၊ ကန့်ဘလူ၊ ဇီးကုန်း နဲ့ကောလင်း ဒေသကလူမှုကူညီရေးအသင်းတွေကလာပြီး ကား ၁၅ စီး လောက်နဲ့လူနာတွေကို ဆေးရုံ တင်ပို့ပေးတယ်၊ ဒဏ်ရာရတဲ့သူအများစုက အ၀တ်အစားတောင် မပါတော့ဘူး၊ ဆိုးဆိုးဝါးဝါးတွေ၊ ဒဏ်ရာရသူက စုစုပေါင်း ၈၅ ယောက်ရှိပါတယ်”ဟု သုစာရီလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်၊၊ မီးလောင်သည့်အကြောင်းရင်းမှာ ဒေသခံများလယ်ကွင်းများတွင် ဖိတ်ယို ကျနေသော ဓာတ်ဆီများကို ခပ်ယူရာတွင် သုံးသောသံပုံးချင်း ထိခတ်မှုကြောင့် ဖြစ်ပွားနိုင်ကြောင်း တာဝန်ရှိတစ်ဦးက သုံးသပ်ပြောဆိုခဲ့ပြီး ဓာတ်ဆီခပ်ယူသောသံပုံး ၂၂ ပုံး ခန့်တွေ့ရှိရကြောင်းလည်း သိရှိရသည်။ ဆီခပ်ယူနေသောဒေသခံများအား လုံခြုံရေးတာဝန်ခံငါးဦးခန့်မှ ပေါက်ကွဲမှု မဖြစ်ပွားချိန်တွင် တားဆီးခဲ့သော်လည်း လူအင်အားရာချီရှိခဲ့သဖြင့် ထိန်းသိမ်းမရဖြစ်ခဲ့ရကြောင်းလည်း သိရသည်။

မီးလောင်မှုကြောင့် ဒဏ်ရာရသူစာရင်းမှာ ကျား ၄၅ ဦး၊ မ ၄၀ဦးခန့်ရှိပြီး ကန့်ဘလူ ဆေးရုံတွင် နိုဝင်ဘာလ ၉ ရက်ညပိုင်း ၉ နာရီခန့် အချိန်ထိလူနာ ၈၃ ဦးခန့်နှင့် ကျွန်းလှ၊ ချပ်သင်းဆေးရုံများတွင်လည်း လူနာ ၁၀ ဦးဝန်းကျင်ခန့် တက်ရောက် ကုသနေကြောင်း သိရကာ အများစုမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားကြောင်း သိရသည်။ “အစ်ကိုကရုပ်ရှင်ကြည့်နေရာကနေ လူတွေရထားမှောက်တဲ့နေရာမှာ လယ်ထဲလျှံကျနေတဲ့ ဆီတွေ ခပ်ဖို့သွားတာ။ အိမ်က ငါးပိဿာပုံးကို ယူသွားပြီးခပ်တယ်၊ ညီမက ရထားလမ်းပေါ်ကနေ အသက်ရှုကျပ်လို့ ပြန်လာခဲ့တာ၊ ပြီးတော့ ပေါက်ကွဲမှုဖြစ်တော့တာပဲ၊ အစ်ကိုက အသက်(၂၇)နှစ်ရှိပါပြီ၊ ကန့်လူဆေးရုံကြီးမှာ ကုနေပါတယ်” ဟု ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသူတစ်ဦးက ဆိုပါသည်။

မီးလောင်ပေါက်ကွဲမှုဖြစ်ပွားပြီး နောက် သက်ဆိုင်ရာဌာန အသီးသီးမှတာဝန်ရှိသူများ လာရောက်ခဲ့ကြပြီး ဇလီဖာတုံး ၁၅၀ ခန့်အား စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ကန့်ဘလူဆေးရုံ တွင်ဒဏ်ရာရရှိသူ အများစုတက်ရောက် ကုသမှုခံယူလျက်ရှိကာ မန္တလေး၊ ရွှေ ဘို၊ မုံရွာနှင့် စစ်ကိုင်းနယ်များမှ ဆရာဝန်များ လာရောက် ကူညီကုသပေးလျက်ရှိကြောင်း သိရသည်။ လူနာများပြားမှုကြောင့် ဆေးပြတ်လပ်မှု ဖြစ်ပွားနိုင် သဖြင့် ရွှေဘိုမှ ဆေးကျပ်၁၀သိန်းဖိုးခန့်၊ ရွှေဘိုခရိုင် အုပ်ချုပ်ရေးမှူးမှ ကျပ်ငွေ တစ်သိန်းခန့်၊ ခင်ဦးမှ ကျပ် ငွေသုံးသိန်းခန့်၊ တန့်ဆည်မှ၁၀သိန်းခန့် ကူညီထောက်ပံ့ခဲ့ပြီး ဆေးဝါးနှင့် ငွေကြေး အထောက်အပံ့များ ကူညီစောင့်ရှောက်ရန် လိုအပ်မှုရှိကြောင်းလည်း သိရသည်။

ရထားတိမ်းမှောက်မှုကြောင့် မီးရထားလမ်းအား ယာယီပိတ်ဆို့ခဲ့ရပြီး ကောလင်းမြို့မှ ကရိန်းဖြင့်အမှတ်(၁) လမ်းတွင် ခံ၍ အမှတ်(၂)လမ်းဖြင့် တွဲများ ရှင်းလင်းခဲ့ကာ ညပိုင်း(၁၀း၅၀)နာ ရီအချိန်၌ ရထားလမ်း ပြန်လည်ဖွင့်နိုင်ခဲ့ကြောင်း သိရသည်၊၊ ဖြစ်စဉ်အား သက်ဆိုင်ရာဌာနမှ မီးရထားနည်းဥပဒေများ အရဆက်လက်အရေးယူသွားရန် စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်း သတင်းရရှိသည်၊၊

No comments:

Post a Comment