Wednesday, November 14, 2012

 မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုနှင့် မြန်မာဘက်မှ နယ်စပ်လုံခြုံရေးအဖွဲ့တို့ တစ်ပတ်အတွင်း ပစ်ခတ်မှုနှစ်ကြိမ်ဖြစ်ပွား

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုနှင့် မြန် မာဘက်မှ နယ်စပ်လုံခြုံရေးအဖွဲ့တို့ တစ်ပတ်အတွင်း ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပထမအကြိမ် ပစ်ခတ်မှုဖြစ်ပွားရာနေရာသည် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင်ဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့က အမည်မသိလက်နက်ကိုင်များမှ ပစ်ခတ်သဖြင့် နယ်စပ်အထူးဆောက်လုပ်ရေးအဖွဲ့မှ ဘက်ဖိုးစက်မောင်း သေဆုံးခဲ့ပြီး သုံးဦးပျောက်ဆုံးခဲ့ကြောင်းလည်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာဘက်မှ လုံခြုံရေးတပ်ဖွဲ့များ ယင်းနေရာတွင် တိုးချထားပြီး ပျောက်ဆုံးနေသော နယ်စပ်အထူးဆောက်လုပ်ရေး အဖွဲ့ဝင်သုံးဦးကိုလည်း ပြန်လည်ရရှိခြင်း မရှိသေးကြောင်းလည်း သိရ သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်မှ အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ခုနှင့် မြန် မာဘက်မှ နယ်စပ်လုံခြုံရေးအဖွဲ့တို့ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက အပြန်အလှန်ပစ်ခတ်မှု
ဒုတိယအကြိမ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှာ မှတ်တိုင်အမှတ် ၅၁ နှင့် ၅၂ အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ပြီး သေဆုံးဒဏ်ရာရရှိသူမရှိကြောင်းလည်း သိရသည်။ နိုဝင်ဘာလ ၁၁ ရက် ညနေ ၅ နာရီအချိန်တွင် အဆိုပါမှတ်တိုင် အမှတ် ၅၁ နှင့် ၅၂ ကြားတွင် လက်နက်ကိုင်ဟု ယူဆရသည့်အဖွဲ့တစ်ခု သွားလာနေသည့် ဓာတ်မီးရောင်များကို မြင်တွေ့သဖြင့် မြန်မာ့နယ်စပ်လုံခြုံရေးအဖွဲ့မှ သေနတ်တစ်ချက် ပစ်ခတ်ရာ ယင်းအမည်မသိလက်နက်ကိုင်အဖွဲ့မှ သေနတ်သုံးချက် ပြန်လည်ပစ်ခတ်ကာ ထွက်ပြေးသွားကြောင်း လည်း သိရသည်။

ယင်းနောက်ပိုင်းတွင် နယ်စပ်တစ်လျှောက် လုံခြုံရေးတပ်များ တိုးချထားပြီး စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။ နိုဝင်ဘာလ ၈ ရက်နေ့က နယ်စပ်ဒေသ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ နစကနှင့် ဘီဂျီပီ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့တို့သည် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံမှ ဂျီအီးတပ်သားသုံးဦး အရေးနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း ဘင်ခရိုင်၊ တောင်ဘက်ပိုင်း လိမော်ဆရီး ဘီဂျီပီစခန်းတွင် နှစ်နိုင်ငံ တပ်မှူးအဆင့်အလံတင်တွေ့ဆုံ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းဆွေးနွေးပွဲတွင် မြန်မာဘက်မှ ဖမ်းဆီးခံထားရသော တပ်သားသုံးဦး ပြန်လည်လွတ်မြောက်ရေးကို အဓိကဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည်ဟု ယူဆရသော ပျောက်ဆုံးနေသူ သုံးဦးမှာ သတင်းအစအန မရရှိသေးကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာစစ်သံရုံးမှ တစ်ဆင့်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း မှူးဇော်၏ ဖေ့စ်ဘွတ်တွင် ဖော်ပြထားသည်။

တိုက်ခိုက်ခံခဲ့ရသည့် နိုဝင်ဘာလ ၆ ရက်နေ့မှစကာ နယ်မြေခံ နစက အပါအ၀င် နည်းဗျူဟာတစ်ခုနှင့် တပ်ရင်း ၅ ခုက နယ်စပ်လုံခြုံရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားခဲ့ရာ နေရာများတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးဆောက်လုပ်ရေး နယ်စပ်အထူးဆောက်လုပ်ရေးအဖွဲ့သည် လုပ်ငန်းများ ယာယီရပ်ဆိုင်းထားကာ ဆောက်လုပ်ရေး ၀န်ထမ်းများလည်း နိုဝင်ဘာလ ၇ ရက်နေ့မှစကာ နယ်စပ်မှ ပြန်လည်ဆုတ်ခွာလာကြောင်း သိရသည်။

No comments:

Post a Comment