Wednesday, November 14, 2012

အိုဘားမား မြန်မာနိုင်ငံသို့ မလာရောက်မီ ရက်ပိုင်းအလို၌ နိုင်ငံခြားသား ၁၀ ဦးအပါအ၀င် အကျဉ်းသား ၄၅၂ ဦးအား လွတ်ငြိမ်းသက်သာခွင့်ပေး

မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတ အိုဘားမား မလာရောက်မီ ရက်ပိုင်းအလို၌ နိုင်ငံခြားသားများ အပါအ၀င် အကျဉ်းသား ၄၅၂ ဦးအား နိုဝင်ဘာလ ၁၅ ရက်မှစ၍ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း နိုဝင်ဘာလ ၁၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
အဆိုပါ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည့် အကျဉ်းသားများတွင် နိုင်ငံရေးအကျဉ်းသားများ မပါ ၀င်ကြောင်း လတ်တလောရရှိသော သတင်းများအရ သိရသည်။ လွတ်ငြိမ်းသက်သာခွင့်ပြုလိုက် သည့် နိုင်ငံခြားသားမှာ ၁၀ ဦးဖြစ်ကြောင်း အကျဉ်းဦးစီးဌာနမှ သိရသည်။
အကျဉ်းဦးစီးဌာန (နေပြည်တော်) မှ တာဝန်ရှိသူတစ်ဦးက ''လွှတ်ပေးတဲ့ နိုင်ငံခြားသား ၁၀ ဦးက မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာပြည်ရောက် အများဆုံးပြည်ပနိုင်ငံသားတွေဖြစ်ပါတယ်'' ဟု ပြော ကြားသွားခဲ့ပြီး မည်သည့်နိုင်ငံသားများဖြစ်သည်ကို ဖြေကြားခဲ့ခြင်းမရှိပေ။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ (နိုင်/ကျဉ်း) အဖွဲ့၏ စာရင်းများအရ မြန်မာနိုင်ငံ၏ အကျဉ်းထောင် အသီးသီး၌ နိုင်ငံရေး အကျဉ်းသားပေါင်း ၂၃၀ ၀န်းကျင် ကျန်ရှိနေသေးကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့မှ ကိုတိုးကြည်က နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းက ပြောပါသည်။                  
ကိုတိုးကြည်က “လတ်တလောကတော့ လွတ်လာတဲ့သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပါ၊ မပါ မသိရသေးဘူး” ဟု ပြောကြားခဲ့သည်။
အင်းစိန်အကျဉ်းထောင်မှ ယနေ့ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ၃၆ ဦး လွတ်မြောက်လာကြောင်း သိရ သည်။ မြန်မာနိုင်ငံတွင် အကျဉ်းသားများအား လွတ်ငြိမ်းသက်သာခွင့်ပေးမှုများသည် အများအားဖြင့် အခါကြီး ရက်ကြီးများနှင့် နိုင်ငံတော်အကြီးအကဲ ပြည်ပခရီးစဉ်များ မတိုင်မီ ပေးလေ့ရှိသည်။    
မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ကျင်းပမည့် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ ရက်ပိုင်းအတွင်း တက်ရောက်ရန်ရှိသည်။
အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ ၂၀၁၂ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လာရောက်ရန်ရှိပြီး သမ္မတဦးသိန်းစိန်၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ရန်ကုန်မြို့၌ သီးခြားတွေ့ဆုံဆွေးနွေးသွားရန်ရှိသည်။

No comments:

Post a Comment