Wednesday, November 21, 2012

မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုသူများ လိုင်းပြတ်တောက်မှု၊ လိုင်းနှေးကွေးမှု မကြာခဏကြုံတွေ့နေ

မိုဘိုင်းဖုန်းအင်တာနက်လိုင်းများ အသုံးပြုရာတွင် သုံးစွဲသူများအနေဖြင့် အင်တာနက်လိုင်း ပြတ်တောက် မှု၊ နှေးကွေးမှုများ မကြာခဏ ကြုံတွေ့ခံစားနေရကြောင်း သုံးစွဲသူများထံမှ သိရှိရသည်။                                  
ယခုအခါ မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုသူဦးရေမှာ တရားဝင်ထုတ်ပြန်ထားမှုအရ နှစ်သိန်းကျော် အထိ ရှိလာပြီဖြစ်ပြီး Broad Band စနစ်ဖြင့် အင်တာနက်အသုံးပြုသူ အရေအတွက်ထက် ပိုမိုများပြားလျက်ရှိကြောင်း သိရသည်။

“WCDMA သုံးတာ လိုင်းမကောင်းတာ အောက်တိုဘာလလယ် လောက်ကတည်းကပဲပေါ့။ 3G လိုင်းတောင် တက်မလာဘဲ EDGE နဲ့ပဲ သွားနေတယ်။ အရင်ကဆိုရင် 3G တွေ ဘာတွေ တက်လာသေးတယ်။   အခုရက်ပိုင်းအတွင်း သုံးရတာ လုံးဝကို အဆင်မပြေဘူး” ဟု လသာမြို့နယ်တွင် နေ ထိုင်သည့် ကိုထူးအောင်က နိုဝင်ဘာလ ၁၉ ရက်နေ့၌ ပြောကြားခဲ့သည်။


“အရင်ကဆိုရင် ရုံးကနေအိမ်ပြန်တဲ့ လမ်းတစ်လျှောက်မှာဆိုရင် ကားပေါ်မှာ သုံးသွားတာ မြေနီကုန်းကနေ  ရှစ်မိုင်အထိကို လိုင်းကောင်းတယ်။ ခုရက်ပိုင်းတော့ အင်တာနက်လိုင်းက မိနေပေမယ့် တစ်ခုခုဖွင့်ရင် တက်မလာတော့ဘူး။ ကျွန်မတို့ မှော်ဘီမှာဆိုရင် လုံးဝကို လိုင်းမမိသလောက်ပါပဲ” ဟု မှော်ဘီမြို့ခံ တစ်ဦးကလည်း ၎င်း၏ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲမှု အတွေ့အကြုံကို ရှင်းပြခဲ့သည်။

မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူများထဲမှအချို့မှာ အင်တာနက်သုံးစွဲရာတွင် အဆင်ပြေစေရန် ညပိုင်းတွင် အဓိကထားသုံးစွဲမှုများ ပြုလုပ်တတ်ကြကြောင်း သိရသည်။

“ကျွန်မတို့ ပုဇွန်တောင်၊ ရေကျော်ဘက်မှာ အင်တာနက်က ဘယ်အချိန်သုံးသုံး လိုင်းကလုံးဝမကောင်းပါ ဘူး။ အခုရက်ပိုင်းအတွင်းဆို အင်တာနက်လိုင်းဖွင့်ရင် တော်တော်နဲ့ တက်မလာတဲ့အပြင် တက်လာရင် လည်း E ဆိုတာလေးပဲပေါ်ပြီး Loading ပဲပြနေတယ်။ အခုဆိုရင် သုံးနေရင်းနဲ့ လိုင်းလုံးဝပြတ်သွားတာ လည်း ခဏခဏပါပဲ” ဟု ပုဇွန်တောင်တွင် နေထိုင်သည့် မအိအိစိုးက ပြောပြခဲ့ပါသည်။

ယခုကဲ့သို့ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲရာတွင် အဆင်မပြေမှုများ ရှိနေသည့်အပေါ် “အဲဒါကတော့ သုံးစွဲသူတွေများတဲ့ အချိန်မို့လို့ လိုင်းကြပ်တာဖြစ်မှာပေါ့ဗျာ။ အချိန်ပိုင်းနဲ့ဖြစ်နေတာ ဖြစ်မှာပေါ့။ တအားကျပ် တဲ့ အချိန်မှာဆိုရင်တော့ သည်းခံပြီး စောင့်ရမှာပေါ့ဗျာ။ လိုင်းကျပ်နေတာကို ချဲ့ရမှာပေါ့” ဟု မိုဘိုင်း ဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာမှူးတစ်ဦးက ပြောကြားခဲ့ပါသည်။

မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူ များပြားလာသည့်အတွက်   ရန်ကုန်မြို့တွင် 3G ကွန်ရက်များ ထပ်မံ တိုးချဲ့ရန် လုပ်ဆောင်လျက်ရှိကြောင်းလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ်ထံမှ သိရှိရသည်။  

No comments:

Post a Comment