Wednesday, November 21, 2012

နိုင်ငံပိုင် သတင်းစာများ၏ အခန်းကဏ္ဍကို ယခုလွှတ်တော်သက်တမ်း၌ပင် ရုပ်သိမ်းသင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ပြောကြား

ha21-11-2
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် လွှတ်တော်၌ ပြောကြားနေစဉ်
နိုင်ငံပိုင်သတင်းစာများ၏ အခန်းကဏ္ဍကို ယခုလွှတ်တော်သက်တမ်း၌ပင် ရုပ်သိမ်းသင့်ကြောင်းနှင့် ပြန် ကြားရေးဝန်ကြီးဌာန၏ အများပြည်သူဝန်ဆောင်မှု မီဒီယာအစီအစဉ်ကိုလည်း ပြန်လည်စဉ်းစားသုံးသပ် ရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားခဲ့ပါသည်။
နိုဝင်ဘာလ ၂၀ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အရေးကြီးသောစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသည့် ပြည်သူ့ငွေစာရင်း ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာပါ ပြန်ကြားရေးဝန်ကြီးဌာန၏ အလွဲသုံးစားမှုများနှင့် ပတ်သက် ၍ ဆွေးနွေးရာတွင် ဦးသိန်းညွန့်က ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းစာဖိုးများ၊ ဆိပ်ကမ်းခွန်များအပေါ် အလွဲသုံးစားမှုများမှာ ၀န်ကြီးဌာန၏ လုပ်ထုံးလုပ်နည်းကြောင့် ဖြစ်ကြောင်းကိုလည်း ဆွေးနွေး ပြောကြားခဲ့ပါသည်။
ပါလီမန် ဒီမိုကရေစီခေတ်နှင့် ဖဆပလခေတ်များတွင်ပင် နိုင်ငံပိုင်သတင်းစာမရှိဘဲ ပါတီ၏ အာဘော်သတင်းစာများသာ ရှိခဲ့ကြောင်း၊ လက်ရှိပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေလျက်ရှိသော မြန်မာ့ အလင်းနှင့် ကြေးမုံသတင်းစာများကိုလည်း ယင်းတို့၏ ရှယ်ယာဝင်များ၊ တည်ထောင်သူမိသားစုများ ကို ပြန်လည်လွှဲပြောင်းသင့်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။
“ပြန်ကြားရေးဝန်ကြီးဌာနမှာ အလွဲသုံးစားမှုတွေ တွေ့ရတဲ့အခါမှာ သတင်းစာတွေနဲ့ ပတ်သက်ပြီး နိုင်ငံပိုင် သတင်းစာဆိုတဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ရင် ရုပ်သိမ်းသင့်ပါပြီ။ ပုဂ္ဂလိကကဏ္ဍကို ပြန်လည်လွှဲအပ်ပေးခြင်း အားဖြင့် သတင်းမီဒီယာ လွတ်လပ်မှုအတွက် မြှင့်တင်ဆောင်ရွက်ပေးနိုင်ပါတယ်။ အစီရင်ခံစာမှာ ဖော်ပြ ထားတဲ့အတိုင်း ပြည်ထောင်စုလွှတ်တော်ကို ပြန်ကြားရေးဌာနက ပြန်လည်အစီရင်ခံ တင်ပြတဲ့အခါမှာ အလွဲသုံးစားမှုတွေနဲ့ လွှမ်းခြုံနေတဲ့ နိုင်ငံပိုင်သတင်းစာတွေရဲ့ အခန်းကဏ္ဍကို ရုပ်သိမ်းသင့်ကြောင်း အကြံပြုချက်အပေါ်မှာ တုံ့ပြန်မှုပေးပြီးတော့ နိုင်ငံပိုင် သတင်းစာတွေနေရာမှာ ပုဂ္ဂလိကသတင်းစာတွေ ကျယ်ကျယ်ပြန့်ပြန့် အားကောင်းပြီးတော့ ဒီမိုကရေစီပုံရိပ်ကို အားကောင်းအောင်လုပ်ဖို့ နာယကကြီးမှ တစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ အကြံပြုပါတယ်” ဟု သင်္ဃန်းကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားခဲ့ပါသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များအရ ပြန်ကြားရေးဝန်ကြီးဌာန တွင် ၀န်ထမ်းများ၏ အလွဲသုံးစားမှုနှင့် မရိုးသား မသမာသောသဘောဖြင့် ဆောင်ရွက်မှုကြောင့် ကျပ်သန်း ၁၁၇ ဒသမ ၇၀၁ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment