Sunday, November 11, 2012

 ရွှေဘိုမြို့ အရှေ့မြောက်ဘက်ကို ဗဟိုပြုကာ ရစ်ခ်ျတာစကေး (၆ .၈)ရှိ အင်အားပြင်းငလျင်လှုပ်ခတ်၊စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မိတ္ထီလာနှင့် ရွှေဘိုမြို့အနီးတစ်ဝိုက်တွင် ငလျင်သက်ရောက်မှုရှိခဲ့

ရွှေဘိုမြို့၏ အရှေ့မြောက်ဘက်ကို ဗဟိုပြုကာ ရစ်ခ်ျတာစကေး (၆.၈) လက်မရှိ အင်အားပြင်းငလျင်တစ်ခု ယနေ့ (၁၁-၁၁-၂၀၁၂) နံနက် (၇း၄၂) မိနစ်ခန့်တွင် လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ပြောကြားချက်အရ သိရသည်။ အဆိုပါအင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မိတ္ထီလာနှင့် ရွှေဘိုမြို့အနီးတစ်ဝိုက်တွင် ငလျင်သက်ရောက်မှုရှိခဲ့ပြီး ဒေသ အချို့တွင် ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

'ရွှေဘိုမြို့ရဲ့ အရှေ့မြောက်ဘက် မိုင်(၃၀)၀န်းကျင်လောက်ကို ဗဟိုပြုတယ်လို့သိရပါတယ်။ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့အကြား ပတ်ဝန်းကျင်ကို လေ့လာကြည့်တဲ့အခါ ၁၉၅၆ မှာ စစ်ကိုင်းငလျင်က အင်အား(၇)ရှိ တယ်။ ၁၉၉၁ တကောင်းမှာလည်း အင်အား (၇) ငလျင်ထပ်လှုပ်တယ်။ အဲဒီငလျင်တွေနောက်ပိုင်း ဒီငလျင်က အင်အားအပြင်းဆုံးလို့ပြောလို့ရတယ်။ အင်အားအသင့်တင့် ငလျင်တွေ လှုပ်ခတ်ခဲ့တာရှိပေမယ့် ၁၉၉၁ခုနှစ်နောက်ပိုင်းမှာ ဒီငလျင်က အမြင့်ဆုံး ပမာဏဖြစ်နိုင်တယ်။ စစ်ကိုင်းပြတ်ရွေ့မှာ အပိုင်းလိုက် ငလျင်ကြီးတွေ လှုပ်သွားတာရှိတယ်။ အခုလှုပ်ခတ်မှုက ရှေ့ပြေးလှုပ်ခတ်မှုလို့ပြောလို့ရတယ်။
သမိုင်း အထောက်အထားအရတော့ ကြီးမားတဲ့ငလျင်တွေမလာခင် ဒီလိုငလျင်မျိုးတွေ လှုပ်တတ်တဲ့အတွက် သတိပြုဖို့ တော့လိုတယ်' ဟု မြန်မာနိုင်ငံငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြော ကြားခဲ့သည်။
လတ်တလောရရှိသောသတင်းများအရ ငလျင်ကြောင့်ထိခိုက်ပျက်စီးမှုဖြစ်ပွားမှုသည် ရွှေဘိုဝန်းကျင်တွင် ပိုမိုများပြားကြောင်း သိရှိရပါသည်။ ငလျင်ကြောင့် ရွှေဘိုမြို့၊ ကျောက်မြောင်းမြို့နယ်ခွဲရှိ ဆောက်လုပ်ဆဲ ရတနာသိင်္ဃတံတား (ဧရာဝတီမြစ်ကူးတံတား) ပြိုကျခဲ့ရာ အလုပ်သမား(၄)ဦး သေဆုံးပြီး (၂၅)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Eleven Media Group ရွှေဘိုသတင်းထောက်၏ သတင်းပေးပို့မှုအရ သိရှိရပါသည်။ ထို့အပြင် ကျောက်မြောင်းမြို့နယ်ခွဲရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်း ပြိုကျမှုဖြစ်ပွားခဲ့ပြီး (၂)ဦးသေဆုံးကာ နွယ်ငြိမ်းမြို့နယ်ရှိ အိုးဖုတ်ဖိုအချို့လည်း ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ ရွှေဘိုမြို့ရှိ ရွှေချက်သိုဘုရားမှ ကြာမောက်ကြာလန်များ ငလျင်ဒဏ်ကြောင့် ကွာကျခဲ့သည်။
ယခုလှုပ်ခတ်ခဲ့သောငလျင်ကြောင့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တောင်ပြင်ထီးလင်းတိုက်၊ မြတ် ညီနောင်တိုက်ဦးစေတီမှ စိန်ဖူးတော် မြေခခဲ့ကြောင်း သိရှိရပါသည်။ မဟာမုနိဘုရားကြီးရှိ နာရီစင်ထီးတော် တိမ်းစောင်းသွားခဲ့ပြီး ရှင်မာလဲဘုရားဓမ္မာရုံရှိ အင်္ဂတေပန်းချပ်အချို့ ပျက်စီးခဲ့ကြောင်းသိရသည်။ 'မီးချောင်းတွေ၊ ပန်ကာတွေ၊ ဗီဒိုတွေလှုပ်ခဲ့တယ်။ မတ်တပ်ရပ်တဲ့အခါမှာ ရပ်လို့မရအောင်လှုပ်တာကို ခံစားရတယ်။ မြို့ထဲမှာရှိတဲ့ အတော်များများကတော့ အိမ်အပြင်ပြေးထွက်ကြတယ်။ အခုတော့ နောက် ဆက်တွဲလှုပ်မယ်ဆိုပြီး ပြောနေလို့ စိုးရိမ်နေရတယ်'ဟု မန္တလေး မြို့ခံတစ်ဦးက ပြောပြပါသည်။

thn-11-11-12-11
 ကျောက်မြောင်းမြို့နယ်ခွဲရှိ ရတနာသိင်္ဃတံတား ပြိုကျ ပျက်စီးနေသည်ကို တွေ့ရစဉ်

စစ်ကိုင်းမြို့တွင်လည်း ငလျင်ကြောင့် အိမ်နံရံကွဲအက်မှု၊ အုတ်အချပ်လိုက် ကွာကျမှုအချို့ဖြစ်ပေါ်ခဲ့ပြီး ဆင်များရှင်ဘုရား စိန်ဖူးတော်နှင့် အရန်စိန်ဖူးတော် (၄) လုံး မြေခခဲ့ကြောင်း သိရသည်။ 'ဒီမနက် ငလျင်ကြောင့် ဆင်များရှင်ဘုရားမှာရှိတဲ့ (၈) လက်မအရွယ် စိန်ဖူးတော်နဲ့ (၃)လက်မအရွယ် အရန် စိန်ဖူးတော်တွေ မြေခခဲ့ပါတယ်' ဟု ဆင်များရှင်ဘုရား ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောပါသည်။
မိတ္ထီလာမြို့တွင် စက္ကန့်အနည်းငယ်ကြာ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများမရှိကြောင်း သိရသည်။ 'ကျွန်တော်တို့ မိတ္ထီလာ၊ မလှိုင်၊ ၀မ်းတွင်း၊ သာစည် (၄)မြို့နယ်လုံးမှာ ငလျင်လှုပ်ပါတယ်။ သိသာရုံပါပဲ။ အခုထိ ထိခိုက်သေဆုံးမှုမရှိပါဘူး။ မြို့နယ်စခန်းအားလုံးကိုမေးပြီးပါပြီ'ဟု မိတ္ထီလာခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ပြောပြပါသည်။ 'မနက်က ငလျင်လှုပ်တာကိုသိလိုက်တယ်။ အိမ်ကမှန်တွေ မီးချောင်းတွေ ရမ်းနေတယ်။ စက္ကန့်ပိုင်းလောက်ပါပဲ'ဟု မိတ္ထီလာမြို့မှ မသီသီအောင် ကပြောပါသည်။
ထပ်မံသိရှိရသော သတင်းများအရ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများသော စဥ့်ကူးမြို့သို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနနှင့် မန္တလေးမြို့ရှိ လူမှုရေးအသင်းအဖွဲ့အချို့မှ သွားရောက်ကူညီမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ယနေ့လှုပ်ခတ်ခဲ့သော ငလျင်သည် ၂၀၁၂ခုနှစ်အတွင်း (၁၄) ကြိမ်မြောက်လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်ပြီး အင်အား (၅ အထက်) ငလျင်(၃)ကြိမ် လှုပ်ခတ်ထားကာ ၂၀၁၂ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့က ဟားခါးမြို့၏ အရှေ့တောင်ဘက် (၁၄) မိုင်ခန့်အကွာတွင် အင်အားရစ်ခ်ျတာစကေး (၅ .၈) ဖြင့် လှုပ်ခတ်ထားသည်။

thn-11-11-12-13 
နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၀ အချိန်ခန့်တွင် ရွှေဘို အရှေ့ မြောက်ဘက်ကို ဗဟိုပြုပြီး အင်အား ရစ်ချက်တာစကေး ၆.၈ ခန့်ရှိသည့် ငလျင် လှုပ်ခဲ့ရာ အဆိုပါ ငလျင်ကြောင့် ပျက်စီး ဆုံးရှုံးခဲ့ ရသည်အနက် ယနေ့ မွန်းတည့်ချိန် အထိ သိရှိရသော အချက် အလက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှု အချက် အလက်များကို ရဲမှတ်တမ်းများမှ တစ်ဆင့် သိရရခြင်း ဖြစ်ပါသည်။

(၁) မန္တလေးတိုင်း ဒေသကြီး နယ်မြေ အတွင်း ရှိ စဥ့်ကူးမြို့နယ်တွင် ရွှေဂူကြီးဘုရား မုခ်ဦးတစ်ခြမ်း ပြိုကျ။

(၂) ရွှေဂူကြီး အခြေခံ မူလတန်းကျောင်း ရှိ ကျောင်းဆောင်တစ်ဆောင် ပြိုကျပြီး အုတ်တံ တိုင်းပေ ၃၀၀ ခန့် ပြိုကျ။

(၃) ရွှေယက်တောင်ဘုရားရှိ တံခွန်တိုင်နှင့် မုခ်ဦးပြိုကျ။

(၄) တောရကျောင်းတိုက်ရှိ အုတ်တံတိုင်း ၅ ခန်းပြိုကျ။

(၅) ပရိယတ္တိသတ္တမ၀ံသနန္ဒာကျောင်းတိုက်ရှိ အုတ်တံတိုင်းပေ ၆၀၀ ခန့်ပြိုကျ။

(၆) အမှတ်(၂) ရပ်ကွက်ရှိ နေအိမ် တစ်လုံးပြိုကျပြီး လူ ၃ ဦးဒဏ်ရာရရှိ။

(၇) အမရပူရမြို့ပေါ်ရှိ ပုထိုးတော်ကြီးစေတီ၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အမှတ်(၃၈) ရှိ လေးမျက်နှာ/စေတီနှင့် အမရဌာနနီ အရှေ့ ရပ်ကွက်၊ အကွက် (၃၁) ရှိ အရိပ်မထွက်ဘုရားတို့မှ စိန်ဖူးတော်များ မြေခ။

(၈) ကျောက်မြောင်း မြို့နယ်ခွဲ၊ အမှတ် (၂) ရပ်ကွက်ရှိ ဦးမျိုးဇော်(အသက်၊ အဘအမည်၊ အလုပ်အကိုင်) စိစစ်ဆဲ၏ နေအိမ်ရှေ့တွင် ကာရံထားသည့် အမြင့် (၆)ပေ၊ အလျှား(၁၀)ပေခန့်ရှိ အုတ်တံတိုင်း (၃)ခန်း ပြိုကျရာ အနီးရှိ အမျိုးသမီး (၁) ဦး (အမည်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ)စိစစ်ဆဲမှာ အုတ်တံတိုင်းပိကာ သေဆုံးခဲ့ပြီး၊ (၁၀)ဦး ဒဏ်ရာရရှိခဲ့။ အဆိုပါ ဒဏ်ရာရသူ (၁၀)ဦး၏ အမည်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာတို့အား စိစစ်နေ။

(၉) ကျောက်မြောင်းမြို့နယ်ခွဲရှိ ဆောက်လုပ်ဆဲ ဧရာဝတီမြစ်ကူးတံတား (ရတနာသိင်္ဃ)လုပ်ငန်းခွင်မှ အလုပ်သမား (၅)ဦး (အမည်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ)စိစစ်ဆဲ တို့မှာ ရေထဲသို့ပြုတ်ကျပျောက်ဆုံးနေကြောင်းနှင့် တံတားတိုင်အမှတ် RF(1)မှ သံဘောင်ပြုတ်ကျခဲ့ရာ တံတားအောက်ရှိ ကရိန်းရေယာဉ်ပေါ်သို့ ပြုတ်ကျခဲ့သဖြင့် ရေယာဉ်နစ်မြုပ်ခဲ့။

(၁၀) ခင်ဦးမြို့နယ် ကဘွက်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် (၂)ထပ် ဘုန်းတော်ကြီးသင် စာသင်ကျောင်း ပြိုကျခဲ့ရာ ကျောင်းထိုင်ဘုန်းကြီး (ဘွဲ့၊ သက်တော်၊ ၀ါတော်၊)စိစစ်ဆဲမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့။

(၁၁) မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ် စေတီ(မန္တလေး) စိန်ဖူးတော်သည် အလယ်ပစ္စယံပေါ်သို့ ပြုတ်ကျခဲ့။

(၁၂) အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ စန္ဒာမုနိဘုရားနှင့် ကျောက်ဆည်မြို့နယ်၊ ဘနွဲ့ရွာ ဝေဇယန္တာကျောင်းရှိ အောင်တော်မူဘုရားမှ စိန်ဖူးတော် များမြေခခဲ့။

(၁၃) နွယ်ရုံရွာရှိ ဒို့ညီနောင် စားသောက်ဆိုင် အုတ်တံတိုင်းပြိုကျသဖြင့် အောင်ကျော်ဦး (၂၀)နှစ်၊ (ဘ) ဦးကြည် (စိစစ်ဆဲ)သေဆုံးခဲ့။

(၁၄) သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်းရဲစခန်း၊ ဗဟိုကင်းနှင့် အချုပ်ခန်း အနောက်ဘက် အုတ်နံရံ ပြိုကျ၊

(၁၅) ကြာညှပ်ရဲစခန်းရိပ်သာကျောဘက်နှင့် စခန်းရုံးကျောဘက် နံရံ ပြိုကျ၊

(၁၆) စဉ်ကူးမြို့နယ်၊ နွယ်ရုံရဲကင်းရုံး မျက်နှာကျက်ပြိုကျ

(၁၇) စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် ကာရံထားသည့် (၈)ပေ အမြင့်ရှိ အုတ်တံတိုင်း(၁၀)ခန်းပြိုကျ

Ref: Eleven Media Group
 

No comments:

Post a Comment