
လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် MTV Exit မှ စီစဉ်သည့် ဖျော်ဖြေပွဲကို
ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ အခမဲ့ပြုလုပ်ခဲ့ရာ
ဂရမ်မီဆုရှင် ဂျေဆင်မရက်ဇ်နှင့် ထိုင်းနိုင်ငံမှ Slot Machine အဖွဲ့တို့
လာရောက်ဖျော်ဖြေရာ ပရိသတ်ငါးသောင်းကျော် လာရောက်ကြည့်ရှု အားပေးခဲ့သည်ဟု
သတင်းရရှိသည်။ အဆိုပါဖျော်ဖြေပွဲတွင် နိုင်ငံတကာအနုပညာရှင်များနှင့်အတူ
လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်
အဆိုတော် ဖြူဖြူကျော်သိန်း၊ R ဇာနည်တို့နှင့် အတူ ချမ်းချမ်း၊ ချစ်သုဝေ၊
လင်းလင်း၊ ဖြိုးကြီးတို့ကလည်း ပါဝင်သီဆို ဖျော်ဖြေပေးခဲ့သည်။
လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေးအတွက် ပြုလုပ်ခဲ့သည့်
အဆိုပါဖျော်ဖြေပွဲသို့ လာရောက်ဖျော်ဖြေခဲ့သည့် ဂရမ်မီဆုရှင် ဂျေဆင်မရက်ဇ်က
''ကျွန်တော့်အနေနဲ့ လူကုန်ကူးခံနေရတဲ့သူတွေအတွက်၊ နောက်ထပ် လူကုန်ကူးမှုခံနိုင်ချေရှိတဲ့သူတွေအတွက် အသိပညာပေးရအောင် ဒီနိုင်ငံကို
ရောက်ရှိလာခဲ့တာပါ။ ဒီညရဲ့ အတွေ့အကြုံကတော့ ကျွန်တော့်ဘ၀အတွက်
မမေ့နိုင်အောင်ပါပဲ။ ဒီဖျော်ဖြေပွဲကတစ်ဆင့် လူပေါင်းများ စွာကို
ပညာပေးနိုင်မယ်။ ဒီဖျော်ဖြေပွဲကို အာရှနိုင်ငံပေါင်းများစွာကို
ထုတ်လွှင့်ပြသတဲ့အခါ ဒီအသိပညာတွေ ကို လက်ဆင့်ကမ်းနိုင်လိမ့်မယ်လို့
ယုံကြည်ပါတယ်'' ဟု ဖျော်ဖြေပွဲနှင့် ပတ်သက်၍ အမှတ်တရစကား
ပြော ကြားပေးခဲ့သည်။
အဆိုပါ ဖျော်ဖြေပွဲတွင် ဂရမ်မီဆုရှင် ဂျေဆင်မရက်ဇ်က တစ်နာရီနီးပါးခန့်
ဖျော်ဖြေခဲ့ပြီး ၎င်း၏ ကိုယ်ပိုင်တီးဝိုင်း၊ နောက်ခံတေးဂီတ
သီဆိုသူများနှင့်အတူ တွဲဖက်ကာ ဖျော်ဖြေခဲ့ခြင်းဖြစ်သည်။ ထို့အပြင်
ထိုင်းနိုင်ငံမှ နာမည်ကျော် ရော့ခ်တေးဂီတ၀ိုင်းဖြစ်သည့် Slot Machine
တီးဝိုင်းမှလည်း ၎င်းတို့၏ ကိုယ်ပိုင်တီးဝိုင်းနှင့်အတူ တေးသီချင်းများကို
သီဆိုဖျော်ဖြေပေးခဲ့သည်။
ဖျော်ဖြေပွဲတွင် မြန်မာအနုပညာရှင်များကလည်း
တေးသီချင်းများ သီဆိုဖျော်ဖြေရုံသာမကဘဲ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ
အသိပညာပေး အချက်အလက်များ ပြောကြားပေးခဲ့သည်။ ထို့အပြင် လူကုန်ကူးမှု
တိုက်ဖျက်ရေးဆိုင်ရာ မှတ်တမ်းဇာတ်ကားများ၊ အသိပညာပေးမှုများကိုလည်း
ဖျော်ဖြေပွဲတွင် ထည့်သွင်းပြုလုပ်ခဲ့ကာ ည ၁၀ နာရီခွဲ ၀န်းကျင်တွင်
ဖျော်ဖြေပွဲအား အဆုံးသတ်ခဲ့သည်။
Ref: Eleven Media Group
No comments:
Post a Comment