Monday, December 17, 2012

သေမင်းတမန် ရထားလမ်းကြောရိုးကို အခြေခံပြီး သံဖြူဇရပ်-ဘုရားသုံးဆူ ရထားလမ်းပိုင်းအတွက် တိုင်းတာမှုများ စတင်

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်သို့ မီးရထားလမ်းအတွက် လိုအပ်သော FEASIBILITY  SURVEY ကို (၁၄-၁၂-၂၀၁၂) ရက်နေ့တွင် သံဖြူဇရပ်မြို့နယ်တွင် စတင်တိုင်းထွာ မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော ပါသည်။
172
  သေမင်းတမန် ရထားလမ်း စတင်ရာနေရာအား တွေ့ရစဉ်

FEASIBILITY  SURVEY ကို သံဖြူဇရပ်မြို့ကနေ အရင်က ဂျပန်ဖောက်လုပ်ခဲ့တဲ့ သေမင်းတမန် ရထားလမ်းဟောင်းရဲ့ ကြောရိုးတာဘောင်တွေကို မြေပြင်အခြေနေတွေကို စတင်တိုင်းတာ ပြီး၊ ကောင်းကင်မြေပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးမှာပါ၊ အရင်လမ်းဟောင်းက နှစ်ခြောက်ဆယ်ကျော် ကြာလာတော့ ရာဘာပင်တွေ၊ အခြားသီးပင် စားပင်ကြီးတွေ ပေါက်ရောက်နေကြပြီဆိုတော့၊ လမ်းအူကြောင်းကို ပြန်ရွေးရဖို့ လိုပါတယ်၊ ရွေးတဲ့နေရာမှာ သဘာ၀၀န်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ် မယ့် နေရာမျိုး၊ သစ်တောတွေ ပျက်စီးဆုံးရှုံးမှု အနည်းဆုံးလိုဟာမျိုး ရွေးချယ်သွားမှာပါ၊ ဒီမိုကရေစီခေတ်မှာ ပထမဆုံး ရထားလမ်းဆိုတော့  လမ်းအူကြောင်းဝန်းကျင် နေထိုင်တဲ့ဒေသခံတွေကိုလည်း အထိအခိုက် နည်းပြီး ရွာတွေနဲ့လည်း မနီးမဝေးအနေထားမျိုးထိပါ စဉ်းစားထားပါတယ်၊ ဘူတာရုံထားဖို့၊ နောက်ပြီး လက်ရှိကားလမ်းနဲ့လည်း မနီးမဝေးမှာရှိဖို့ စဉ်းစားထားပါတယ်၊ အားလုံးခြုံရင်တော့ ကုန်ကျစရိတ် အနည်းဆုံး၊ အမြန်ဆုံး၊ ဒေသတွက် ထိခိုက်မှု အနည်းဆုံး၊ အကျိုးအမြတ်ရှိအောင်လည်း တွက်ချက်ဖို့ ရှိပါတယ်၊ အခုလို ဆာဗေးလုပ်တာကိုလည်း  ရထားလမ်းကြီးတော့ ဖောက်နေပြီလို့ မထင်စေချင် ပါဘူး၊ ပြည်ပကလည်း အကူအညီယူပြီး မြေစမ်းတာမျိုး၊ ဂျီပီအက်တိုင်းတာပါ လုပ်ရပါမယ်၊ ဆာဗေးရဲ့ စေ့စပ်သေချာမှုရှိဖို့ အချိန်တော့ယူရမှာ၊ ဘယ်တော့ပြီးမယ်ဆိုတာက ဒေသလုံခြုံရေးပိုင်း၊ လမ်းပန်းဆက်သွယ်ရေးပိုင်း၊ ကျန်းမာရေး၊ ရာသီဥတု စတာတွေပေါ် မူတည်ပါတယ်” ဟု ဆာဗေးအဖွဲ့ခေါင်းဆောင်က ပြောပါသည်။
အဆိုပါ သံဖြူဇရပ်-ဘုရားသုံးဆူ ဆာဗေးအဖွဲ့ အစီရင်ခံစာတင်ပြီး၊ ၀န်ကြီးဌာန၏ စီစစ်ဖြည့်စွက်မှုနှင့်အတူ လွှတ်တော်သို့ တင်ပြ အဆုံးအဖြတ်ယူ ခွင့်ပြုချက် ရယူရမည်ဟု သိရှိရပါသည်။ ယခင်၂၀၀၅ ခုနှစ်၊ ၂၀၀၇ ခုနှစ်တို့တွင်လည်း ဆာဗေးလုပ်ခဲ့ဘူးသည်ဟု သိရသည်။
ထိုင်း-မြန်မာ မီးရထားလမ်းကို ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄၂-၁၉၄၅ ခုနှစ်ထိ ဂျပန်တို့က ဖောက်လုပ် ခဲ့သည်။ ထိုင်းနိုင်ငံ ဘန်ပေါင် (BAN  PONG) ဘူတာမှ မြန်မာနိုင်ငံ သံဖြူဇရပ်ထိ (၁၇၅) မိုင်ရှိပြီး ယင်းမီးရထားလမ်း ဖောက်လုပ်ရန်အတွက် မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ အလုပ်သမားပေါင်း (၁၇၇၀၀၀) ၏ လုပ်အားဖြင့် ဖောက်လုပ်ခဲ့ကြောင်း၊ လုံခြုံမှုကင်းမဲ့ပြီး၊ ဆိုးဝါးသော ရာသီဥတု၊ ပြင်းထန်သော ငှက်ဖျား၊ ၀မ်းရောဂါတို့ကြောင့် ချွေးတပ်သားပေါင်း  ရှစ်သောင်းကျော် သေကျေပျက်စီးမှု ရှိခဲ့သည်ဟု သိရှိရသည်။

Ref: Eleven Media Group

No comments:

Post a Comment