Wednesday, December 19, 2012

 ABSDF (မြောက်ပိုင်း)အဖွဲ့၏ ကချင်စစ်မြေပြင် ၀ါဒဖြန့်ချိရေး ရုပ်သံဖိုင်များ အင်တာနက်ပေါ်တွင် ပျံ့နှံ့

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြောက်ပိုင်း)အဖွဲ့၏ ကချင်စစ်မြေပြင် ၀ါဒဖြန့်ချိရေးရုပ်သံဖိုင်များ အင်တာနက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။ www.facebook.com/lachid.kachin နှင့် www.facebook.com/jinghpaw.kasa များမှ တစ်ဆင့် ပျံ့နှံ့နေခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့က KIA  ဌာနချုပ်နှင့် ခုနစ်မိုင်အကွာတွင်ရှိသော လဂျားယန် (Laja Yang) ၌ ဖြစ်ပွားခဲ့သောKIA ၊ ABSDF  (မြောက်ပိုင်း) ပူးပေါင်းတပ်နှင့် တပ်မတော်တို့ တိုက်ပွဲတွင် အရှင်ဖမ်းမိခဲ့သော တပ်မတော်သား(သုံ့ပန်း)အချို့ကို စစ်ချက်ယူခြင်း၊ မေးမြန်းခြင်း ရုပ်သံဖိုင်နှင့် တိုက်ပွဲဖြစ်ပွားမှု ရုပ်သံဖိုင်များကို ၀ါဒဖြန့်ချိရေးအနေဖြင့် အင်တာနက်ပေါ်တွင် လွှင့်တင် ပျံ့နှံ့နေခြင်းဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

KIA ၊ ABSDF  (မြောက်ပိုင်း) ပူးပေါင်းတပ်နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် လဂျားယန် (Laja Yang) တိုက်ပွဲတွင် ဒဏ်ရာရတပ်မတော်သားအချို့ကို အရှင်ဖမ်းမိခဲ့ ကြောင်းလည်း သိရသည်။ တိုက်ပွဲတွင် အရှင်ဖမ်းမိခဲ့သော တပ်မတော်သား (သုံ့ပန်း) တစ်ဦးကို စစ်ချက်ယူခြင်း ရုပ်သံဖိုင်တွင်  အမည်၊ ရာထူး၊ တပ်ရင်းအပြင် မည်ကဲ့သို့ အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း မေးမြန်းမှုနှင့် ဖြေကြားမှုများ ပါဝင်ကြောင်း သိရသည်။
ABSDF (မြောက်ပိုင်း)သည် ကချင်ပြည်နယ် KIA နယ်မြေအတွင်း အခြေစိုက်ဖွဲ့စည်းထားသော အဖွဲ့ဖြစ် ပြီး KIA နှင့် စစ်ရေးပူးပေါင်းမှုများ လုပ်ဆောင်နေသော အဖွဲ့ဖြစ်သည်။
''၁၉၄၉ ခုနှစ် ဂျနီဗာကွန်ဗန်းရှင်း စစ်သုံ့ပန်းဆိုင်ရာ သဘောတူညီချက်မှာ စစ်သုံ့ပန်းတွေနဲ့ ပတ်သက်လို့ လူသားချင်း စာနာထောက်ထားရမယ်ဆိုတဲ့ အချက်ပါတယ်။ ဂျနီဗာကွန်ဗန်းရှင်းအရ ဖမ်းဆီးခံရသူ (စစ်သုံ့ပန်း) တွေကို အမည်၊ ရာထူး၊ တပ်ရင်း၊ ကိုယ်ပိုင်အမှတ်ဆိုတာတွေ မေးလို့ရတယ် ဆိုပေမယ့် ဒီရုပ်သံမှာပါတာတွေက ဘယ်လိုအဖမ်းခံရတယ်ဆိုတာတွေ မေးကြ၊ ဖြေကြသလို ဆေးကုပေးမယ် ဆိုတာတွေ၊ ဆေးကုသနေတဲ့ ရုပ်သံပုံတွေနဲ့ ၀ါဒဖြန့်ချိဖို့ ရည်ရွယ်တဲ့ အနေအထားမျိုး တွေ့ရတယ်''ဟု ဥပဒေရေးရာ ကျွမ်းကျင်သူတစ်ဦးက ပြောကြားခဲ့ပါသည်။
အဆိုပါရုပ်သံဖိုင်များ Facebook မှ တစ်ဆင့် အင်တာနက်တွင် ပျံ့နှံ့နေချိန်၌ ABSDF ဗဟိုမှ ဥက္ကဋ္ဌ ရဲဘော်သံခဲ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြည်တွင်းသို့ ပထမဦးဆုံးအကြိမ် လေ့လာရေးခရီး အဖြစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် လာရောက်ခဲ့ပြီး ခရီးစဉ်အတွင်း အစိုးရတာဝန်ရှိသူများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ဒီမိုကရေစီအင်အားစုများ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အပါအ၀င် တိုင်းရင်းသားအင်အားစုများ၊ ကျောင်းသား လူငယ် အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဟု သိရသည်။

Ref: Eleven Media Group

No comments:

Post a Comment