Tuesday, December 11, 2012

ငွေဆောင်မြို့နယ်ခွဲအတွင်းရှိ လယ်နှင့်တောင်မြေ ဧကတစ်ရာကျော်အတွက် မက်စ်မြန်မာကုမ္ပဏီက ကျပ်သိန်း ၇၀၀၀ ကျော် လျော်ကြေးပေး

Max Myanmar ကုမ္ပဏီမှ ယခင်ကသိမ်းယူထားသည့် ငွေဆောင်မြို့နယ်ခွဲ၊ အမှတ် (၁) ရပ်ကွက်ရှိ လယ်နှင့်တောင်မြေ ဧကတစ်ရာကျော်အတွက် ကျပ်သိန်းပေါင်း ၇၀၀၀ ကျော်ကို ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့ ပုသိမ်ဟိုတယ်တွင် ဒေသခံပိုင်ရှင် ၁၃ ဦးအား ကရုဏာကြေးအဖြစ် ပေးအပ် ခဲ့ကြောင်း သိရှိရသည်။ 

တောင်သူ ၁၃ ဦးပိုင်ဆိုင်သည့် လယ်မြေနှင့်တောင်မြေ (ဥယျာဉ်မြေ) ၁၀၆ ဧကအတွက် လယ်တစ်ဧကလျှင် ကျပ် ၂၅ သိန်းနှုန်း၊ တောင်မြေတစ်ဧကလျှင် ကျပ်သိန်းတစ်ရာနှုန်းဖြင့် ကျပ်သိန်းပေါင်း ၇၂၈၅ သိန်းကို Max Myanmar ကုမ္ပဏီမှ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ စိတ်ချမ်းသာပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ကျွန်တော်တို့ အဆင်ပြေ၀မ်းသာသလို ကျန်တဲ့ကျွန်တော်တို့ဒေသက သူတွေကိုလည်း ရစေချင်တယ်။ Max Myanmar ကုမ္ပဏီက  အခုလိုဆောင်ရွက်ပေးတာ အလွန်ဝမ်းသာပါတယ်” ဟု ကရုဏာကြေးရရှိသည့် ဒေသခံတောင်သူ ဦးသိန်းအောင်က ပြောပြသည်။

ယင်းဒေသတွင် Max Myanmar ကုမ္ပဏီ အပါအ၀င် ကုမ္ပဏီပေါင်း ၃၀ ခန့်မှ ၂၀၀၁ ခုနှစ်မှစ၍ လယ်နှင့် တောင်မြေဧကပေါင်းတစ်သောင်းကျော်ကို သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကုမ္ပဏီများအနက် မှ  ဒေသခံတောင်သူများအား ယခုကဲ့သို့ ကရုဏာကြေးပေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ငွေကြေး အားဖြင့် အများဆုံးဖြစ်သည်ဟု ဒေသခံများက ပြောကြားသည်။

ယခုကဲ့သို့ တောင်သူများအား ကရုဏာကြေး သွားရောက်ပေးအပ်ရာတွင် Max Myanmar ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးသန်းဦး ဦးဆောင်သည့်အဖွဲ့နှင့်အတူ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုထွန်းမြင့်အောင်နှင့် အဖွဲ့ဝင်ငါးဦး၊ တိုင်းဒေသကြီးလွှတ်တော်မှ ကိုယ်စားလှယ်တစ်ဦး၊ ဥပဒေပညာရှင် တစ်ဦးတို့က ပုသိမ်ဟိုတယ်တွင် ဒေသခံတောင်သူများအား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီနဲ့ ထိပ်တိုက်တရားဝင်ညှိနှိုင်းတာ လွန်ခဲ့တဲ့ သုံးလလောက်ကမှပါ။ သုံးကြိမ်ပဲ ညှိနှိုင်းခဲ့တာ၊ အခုလိုအခြေအနေမျိုးတွေ ရရှိခဲ့ပါတယ်။ ကျန်တဲ့ကုမ္ပဏီတွေကိုလည်း ဆက်လက်ညှိနှိုင်းသွားပါမယ်” ဟု တောင်သူများအခွင့်အရေး ဆောင်ရွက်ပေးသူ ဦးသိန်းအောင်က ပြောသည်။

No comments:

Post a Comment