
ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၂ နာရီ ၀န်းကျင်က ရန်ကုန်တိုင်းဒေသကြီး
တောင်ဒဂုံမြို့နယ်၊ (၁၈) ရပ်ကွက်၊သရဖီလမ်းတွင် မီးလောင်ကျွမ်းမှု
ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၂လုံး မီးလောင်ကျွမ်းခဲ့ကြောင်း
သတင်းရရှိသည်။
အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားရသည့် အကြောင်းအရင်းအား သက်ဆိုင်ရာမှ
စုံစမ်းစစ်ဆေးလျက် ရှိကြောင်းသိရပြီး မီးလောင်ကျွမ်းမှုကြောင့်
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် မီးဘေးဒုက္ခသည်များအား တောင်ဒဂုံ မြို့နယ်
ကြက်ခြေနီအသင်းမှ အကူအညီပေးလျက်ရှိကြောင်း
သိရသည်။
''မီးတွေ ကျွန်မတို့အိမ်ကို ကူးတော့မယ့်အချိန်မှာ အိပ်ယာက
လန့်နိုးတာပါ။ ဒါနဲ့မြေးလေးကိုခေါ်ပြီး ပြေး ရတာ။ အိမ်မှာက မြေးအဖွားနှစ်ယောက်ပဲရှိတာ။ မီးလောင်တော့ ဘာမှမရလိုက်ဘူး။ ခါးဝတ်ခါးစားနဲ့ပဲ ပြေး လာတာ။
ဘယ်ကစလောင်မှန်းတော့ မသိပါဘူး'' ဟု မီးလောင်မှုဖြစ်စဉ်တွင်
နေအိမ်ဆုံးရှုံးခဲ့သူ ဒေါ်တင်ညို က ပြောပြခဲ့ပါသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးကိုကိုကြီးက ''အိမ်တွေက
နီးကပ်စွာရှိနေတဲ့အပြင် မီးလောင် လွယ်တဲ့ ပစ္စည်းတွေဖြစ်တာကြောင့်
အခုလိုမျိုးဆုံးရှုံးမှု ပိုများရတာပါ။ အခုလို မီးလောင်မှုဖြစ်စဉ်
ဖြစ်ပွားတဲ့ အခါမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ရင် ကျွန်တော်တို့အတွက်
ပိုမိုအဆင်ပြေပြီး မီးလောင်မှုပမာဏလည်း နည်းပါးမှာပါ။ အချို့လမ်းတွေက
ကျွန်တော်တို့ မီးသတ်ကားတွေ ၀င်ရောက်မီးငြှိမ်းသတ်ဖို့ အခက်အခဲ
ဖြစ်ပါတယ်''ဟု ပြောပြခဲ့ပါသည်။
ယင်းမီးလောင်မှုကို နံနက် ၂ နာရီ ၅ မိနစ်အချိန်တွင်
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သတင်းရရှိခဲ့ပြီး ၂နာရီ ၁၅မိနစ်တွင်
မီးညွှန့်အား ထိန်းနိုင်ခဲ့ပြီး ၂နာရီ ၂၀မိနစ်အချိန်တွင်
ငြှိမ်းသက်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ
ရရှိသောသတင်းများအရ သိရသည်။ မီးလောင်ကျွမ်းမှုနေရာသို့
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ အုပ်ချုပ်မှုယာဉ် ၃ စီး၊မီးသတ်ယာဉ် ၂၀ စီး
လာရောက် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
Ref: Eleven Media Group
No comments:
Post a Comment