Sunday, December 16, 2012

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကျင်းပမည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီရုပ်တု ၁၀ ခုအား ထုလုပ်ထားကြောင်း သိရှိရ

 ha-16-12-9
 ၂၀၁၀ ပြည့်နှစ်အတွက် ပေးအပ်ချီးမြှင့်သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ဆုရရှိသူများ

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီရုပ်တု ဆယ်ခု အား ထုလုပ်ထားသည်ဟု အကယ်ဒမီရွှေစင်ရုပ်အား တာဝန်ယူထုလုပ်သည့် ပီအောထွန်းရင်နှင့် သားများ ပန်းထိမ်လုပ်ငန်းမှ Weekly Eleven News Journal သို့ ပြောကြားခဲ့ပါသည်။ အဆိုပါ အကယ်ဒမီရုပ်တုများမှာ ရွှေစင်ကြယ်တပ်ဆင်ရန်သာ ကျန်ရှိတော့ပြီး ကျန်အပိုင်းများကို အချောသတ် ထုလုပ်ပြီးသွားပြီ ဖြစ်သည်ဟု သိရှိရသည်။ 

“ကျွန်တော်တို့က ၁၉၅၂  ခုနှစ်ကတည်းက အခုနှစ်အထိ နှစ်စဉ်အကယ်ဒမီရုပ်တုတွေ ထုလုပ်ပေးဖြစ် ခဲ့တာပါ။ ဒီနှစ်အတွက်ကိုတော့ အကယ်ဒမီရုပ်တု ဆယ်ခုမှာတာကြောင့် ထုလုပ်ထားပါတယ်။ အချောသတ်အားလုံး ပြီးနေပါပြီ။ ရွှေစင်ကြယ်လေးကို တပ်ဖို့အဆင့်ပဲ ကျန်ပါတော့တယ်။ ရွှေကြယ်က ကျွန်တော်တို့မထုပါဘူး။ ဖလင်ဝိုင်းပေါ်မှာ နတ်သမီးလက်ကမ်းနေတဲ့ ပုံအဆင့်အထိပဲ ကျွန်တော်တို့ ထုပါတယ်။ ရွှေကြယ်ကိုတော့ သီးခြားလာတပ်ပါတယ်” ဟု အကယ်ဒမီရုပ်တုအား နှစ်စဉ်ဖန်တီးထုလုပ်ခဲ့သူ ပီအောဦးထွန်းရင်က ရှင်းပြခဲ့ပါသည်။


ပီအောဦးထွန်းရင်နှင့် သားများပန်းထိမ်လုပ်ငန်းသည် ၁၉၅၂ ခုနှစ်တွင် ပထမဆုံးအကြိမ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်စဉ်မှစတင်ကာ ယခုနှစ်အထိ နှစ်စဉ်ပေးအပ် ချီးမြှင့်ခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို ထုလုပ်ဖန်တီးခဲ့သူ ဖြစ်သည်။

ပထမဆုံးအကြိမ် ပေးအပ်ခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ငွေဒေါင်းရုပ်၊ ခြင်္သေ့ရုပ်၊ ကိန္နရာရုပ်များကို ထုလုပ်ဖန်တီးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းနှစ်များတွင် ဖလင်ဝိုင်းပေါ်၌ နတ်သမီးက ရွှေစင်ကြယ်ကို ဆွတ်ယူနေဟန် ပြောင်းလဲဖန်တီးခဲ့သည်။

အဆိုပါရုပ်တုများကို မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရွေးချယ်ချီးမြှင့်ရေးအဖွဲ့မှသာ ရွေးချယ်မှာယူခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။ ၂၀၁၁ ခုနှစ်အတွက် ရွေးချယ်ပေးအပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ယခုနှစ်ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ ပြုလုပ်မည်ဖြစ်ပြီး ဆန်ခါတင်စာရင်းဝင် ၁၅ ကား အဆင့်သုံးဆင့်ဖြင့် စိစစ်အကဲဖြတ် ရွေးချယ်ပြီးဖြစ်သည်ဟု သိရှိရသည်။

No comments:

Post a Comment